(စ)-ယင်းခဲသစ်တောကြိုးဝိုင်းအတွင်း ကာလတာရှည်ကတည်းက ထွန်ယက်စိုက်ပျိုးနေထိုင် ခဲ့ရာမှ သစ်တောကျူးကျော်သူများဖြစ်သွားသောကျေးလက်နေပြည်သူများစာရင်းကိုစာရင်းသစ်တစ်ရပ် ဖြစ်အောင် အသစ်ထပ်မံကောက်ယူပြုစု ထုတ်ပြန်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း | Pyithu Hluttaw Skip to main content

(စ)-ယင်းခဲသစ်တောကြိုးဝိုင်းအတွင်း ကာလတာရှည်ကတည်းက ဝင်ရောက်ထွန်ယက်စိုက်ပျိုးနေထိုင်ခဲ့ရာမှ သစ်တောကျူးကျော်သူများ ဖြစ်သွားကြရသော ကျေးလက်နေပြည်သူများစာရင်းကို အမှန် တကယ်တိကျမှန်ကန်ခိုင်လုံသော စာရင်းသစ်တစ်ရပ်ဖြစ်အောင် အသစ်ထပ်မံကောက်ယူပြုစု ထုတ်ပြန်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ကသာမြို့နယ်တွင် ယင်းခဲသစ်တောကြိုးဝိုင်းကြီးဆိုသည်မှာ ဧက ၆၆,၀၀၀ ကျော်ရှိပါကြောင်း၊ ၎င်းတွင် တိုက်ရိုက်ဆက်နွှယ်နေသည့်ရွာပေါင်း၊ ပါဝင်နေသည့်ရွာပေါင်း၊ ထိတွေ့နေသည့် ရွာပေါင်းမှာ ရွာ ၂၀ ကျော်ရှိပါကြောင်း၊ သွယ်ဝိုက်ပြီးဆက်စပ်နေသည့် ထိတွေ့နေသည့် ရွာပေါင်းမှာ ၂၅ ရွာရှိ သည့်အတွက် စုစုပေါင်းရွာပေါင်း ၄၅ ရွာ၊ ရွာ ၅၀ လောက်မှီတင်းနေထိုင်ကြပါကြောင်း၊ ၎င်းသစ်တောကြိုးဝိုင်းသည် သူ့ချည်းပဲမဟုတ်ကြောင်း၊ ၎င်းနှင့်ဆက်စပ်ပြီး ထီးချိုင့်မြို့နယ်မှ အင်တောင်းကြိုးဝိုင်း၊ ရွှေကူမြို့နယ်မှ နမ့်ပါကြိုးဝိုင်း၊ မဘိမ်းမြို့နယ်မှ ငအိုးကြိုးဝိုင်း စသည်ဖြင့် ၎င်းခွင်ကြီးတစ်ခုလုံးကဆက်စပ်ပြီး အထဲတွင် မိမိတို့  ကသာမြို့နယ်က ယင်းခဲသစ်တောကြိုးဝိုင်း ကို ဥပမာ-မေးရမည်ဆိုလျှင် ၎င်းသစ်တောများ ပျက်စီးသွားကြောင်း၊ အတော်များများ ပျက်စီးသွား သည့်အတွက် ကွက်လပ်ကြီးများဖြစ်ပြီး ၎င်းတွင်ဒေသခံပြည်သူများ၊ ထို့နောက် ရွှေ့ပြောင်းပြီး ရေကြည်ရာမြက်နုရာ အင်မတန်ဆင်းရဲရှာသည့်၊ ဆင်းရဲတွင်းနက်သည့် အလုပ်အကိုင်သစ် ရှာဖွေ ရင်းနှင့် ရောက်လာသည့်သူများ၏ ဝင်ရောက်ထွန်ယက်စိုက်ပျိုး စသည်ဖြင့် ယခုလိုဖြစ်သွားသည့် အခါ ယနေ့လက်ထက်တွင် သစ်တောကျူးများအဖြစ်အလိုအလျောက်ဘုမသိဘမသိနှင့် ရောက်သွား ပါကြောင်း၊

ယင်းခဲသစ်တောကြိုးဝိုင်းကြီးသည် သစ်တောဘဝမှ ကွင်းပြင်ကျယ်ဘဝ ကိုရွေ့လျားသွားသည့် အတွက် ကွင်းပြင်ဖြစ်သွားသည့်နေရာတွင် ဒေသခံများက ဝင်ရောက်စိုက်ပျိုးကြမည်ဖြစ်ကြောင်း၊ ၎င်းအတွက် မိမိတို့က ၂၀၁၃ ခုနှစ်တွင် သစ်တောကျူးဟု စာရင်းကောက်ထားကြောင်း၊ သို့သော်လည်း မိမိတို့ I-10 တွင်လုပ်သည့် အစည်းအဝေးများတွင် ကြိုးဝိုင်းအတွင်းဖြစ်ပွား နေသည့်ပြဿနာများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့လောက်တွင် လုပ်ခဲ့ဖူးသည့် အစည်းအဝေးတွင်ရော၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီမှ လုပ်ကြောင်း၊ ၎င်းတွင် သက်ဆိုင်ရာ အရာရှိကြီးများ၊ အရာထမ်းကြီးများကလည်း ၎င်းစာရင်းများ သည် အချိန်တိုတိုနှင့်လုပ်ခဲ့ရသည့်အတွက် ပြည့်စုံ လုံလောက်မှုမရှိပါကြောင်း၊  အသစ်ထပ် လုပ်ပေးရပါမည်ဆိုကြောင်း၊ အဓိကမိမိဆိုလိုသည်မှာ၎င်းသစ်တောကျူးစာရင်းကို အမှန်ဖြစ်ရန် အတွက်မိမိတို့အချိန်မရှိတော့ပါကြောင်း၊ မြန်မြန်ဆန်ဆန်လုပ်ပေးရန်အတွက် အရေးကြီးလာ ကြောင်း၊ နောက်တစ်ချက်သည် မိမိတို့ ရွေးကောက်ပွဲ နီးလာသည့်အတွက်  ၎င်းသစ်တောကျူးများ သတ်မှတ်ခံရသည့်ပုဂ္ဂိုလ် အတော် များများမှာလည်း တချို့စာရင်းပါတာရှိသလို၊ စာရင်းမပါ တာရှိကြောင်း၊ တခြားစာရင်း ကောက်နေသည့်အချိန်တွင် အပြင်ရောက်နေ၍မပါတာရှိကြောင်း၊ ၎င်းလူများကလည်း မဲထည့်ရမည်ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့် ရှိသည့်အသက်အရွယ်၊ သတ်မှတ် အရည်အချင်းပြည့်စုံ၍ မဲထည့်ရာတွင် ၎င်းတို့အတွက်လည်း မိမိတို့က မဲစာရင်းများ အခွင့်အရေး မဆုံးရှုံးရအောင်လည်းအရေးကြီးပါကြောင်း၊ ထို့ကြောင့် ယင်းခဲ သစ်တောကြိုးဝိုင်းအတွင်း ကာလ တာရှည်ကတည်းက ဝင်ရောက်ထွန်ယက်စိုက်ပျိုးနေထိုင်ခဲ့ရာမှ သစ်တောကျူးကျော်သူများ ဖြစ် သွားကြရသော ကျေးလက်နေပြည်သူများစာရင်းကို အမှန်တကယ်တိကျမှန်ကန်ခိုင်လုံသော စာရင်း သစ်တစ်ရပ်ဖြစ်အောင် အသစ်ထပ်မံကောက်ယူပြုစု ထုတ်ပြန်ရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။


 

 

မြန်မာ့သစ်တောများကို ထာဝစဉ်တည်တံ့စေရေးအတွက် အမျိုးသားသစ်တောကဏ္ဍ ပင်မနှစ်(၃၀) စီမံကိန်းကိုရေးဆွဲပြဋ္ဌာန်းထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်း စီမံ ကိန်းများ၏ရည်မှန်းချက်များအရလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုကိုလျှော့ချနိုင်စေရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ လိုက်နာဆောင်ရွက်ရမည့် ကတိကဝတ်များအရ လည်း ကောင်း အမြဲတမ်းသစ်တောနယ်မြေများကို ဖွဲ့စည်းရမည်ဖြစ်ပြီး လက်ရှိအချိန်ထိ သစ်တော နယ်မြေများကို ၂၅.၄၅ ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများကို ၅.၈၅ ရာခိုင်နှုန်း အထိသာ ဖွဲ့စည်းနိုင်ခြင်းရှိပါကြောင်း၊ သစ်တောဖုံးလွှမ်းမှုကောင်းသည့် ဧရိယာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ကောင်းများရှိသည့် နယ်မြေများကို တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သစ်တောနယ်မြေ/သဘာဝ ထိန်းသိမ်းရေးနယ်မြေများအဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

သစ်တောနယ်မြေများအတွင်းတွင် နှစ်ကာလအတိုင်းအတာတစ်ခုအထိ အခြေချနေထိုင်သည့် ရွာစုနှင့် အိမ်ထောင်စုများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်နိုင်ရေးအတွက် မြေပြင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ပြည်နယ်/တိုင်းဒေသကြီးအသီးသီးတွင် သက်ဆိုင်ရာဌာနများ ပါဝင် သည့် ပူးပေါင်းအဖွဲ့များက ၂၀၁၃ ခုနှစ်တွင် ကော်မတီအဆင့်ဆင့်၏ ကြီးကြပ်မှုနှင့် ဆောင်ရွက်ခဲ့ ပါကြောင်း၊ စာရင်းကောက်ယူရရှိမှုအရ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောအတွင်းမှ ပယ်ဖျက်ခြင်း လုပ်ငန်းများကို စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၎င်းထဲတွင် လုပ်ငန်းစဉ်(က)မှ(ဂ)ပါ ကျေးရွာ များ၏ ရွာမြေ၊ လယ်မြေ၊ သာသနာပိုင်မြေ၊ အများပိုင်မြေများကို သစ်တောနယ်မြေ အဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး ယာမြေများအား သီးနှံသစ်တောရောနှောစိုက်ပျိုးသည့် စနစ်ကိုအခြေခံသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတည်ထောင်ခြင်းနှင့် ဥယာဉ်ခြံမြေ များကို နှစ်ရှည်မြေငှားရမ်းစနစ်နှင့် ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းစဉ်(ဃ) အတွက် လည်း ၂၀၁၃ ခုနှစ်တွင်ကောက်ခံခဲ့သည့် ကြိုးဝိုင်းကျူးကျော်စာရင်းနှင့်တိုက်ဆိုင်စိစစ်၍ အိမ်ခြေ ၅၀ အောက်ပြန့်ကျဲနေသော အိမ်စု/ရွာစုနှင့် သစ်တောနယ်မြေအတွင်းနေထိုင်မှုမရှိဘဲ နီးစပ်ရာ ကျေးရွာ များမှဝင်ရောက်လုပ်ကိုင်သူများ၏ လယ်မြေ၊ အများပိုင်မြေ၊ သာသနာ့မြေများကိုပယ်ဖျက် ပေးရန်နှင့် ယာမြေများကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်သည့်နည်းစနစ်နှင့် ဆောင်ရွက်သွားရန် ဥယျာဉ်ခြံနှင့်နှစ်ရှည်စိုက်ခင်းများကို  ဦးစားပေးအဆင့်အလိုက် လုပ်ထုံး လုပ်နည်းနှင့်အညီ နှစ်ရှည်မြေငှားရမ်းစနစ်နှင့်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် စတင်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် ကသာမြို့နယ်၊ ယင်းခဲကြိုးဝိုင်းကို ၁၉၁၉ ခုနှစ်တွင် ဧရိယာ ၆၇၁၂၇ ဧကဖြင့်စတင်ဖွဲ့စည်းကြောင်း၊ အဆိုပါ သစ်တောမြေကျူးကျော်စာရင်းအရ လုပ်ငန်းစဉ် (က)မှ(ဂ)ပါ ကျေးရွာမြေ ၃၆၇.၈၀ ဧက၊ လယ်မြေ ၁၅၀.၂၅ ဧကနှင့် သာသနာ ပိုင်မြေ/အများပိုင်မြေ ၇.၀၈ ဧက စုစုပေါင်း ၅၂၅.၁၃ ဧကကိုပယ်ဖျက်ပေးခဲ့ပြီး လုပ်ငန်းစဉ်(ဃ) အတွက် ပြန့်ကျဲနေသည့်အိမ်ခြေ ၅၀ အောက်များအတွက်လည်း လယ်မြေ ၈၃၆.၉၀ ဧကအား ထပ်မံပယ်ဖျက်ပေးရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥယာဉ်ခြံမြေနှင့် နှစ်ရှည်စိုက်ခင်း များကို နှစ်ရှည်မြေငှားရမ်းလုပ်ကိုင်ခွင့်၊ ကျူးကျော်ယာများကို  ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော(Community Forest) ထူထောင်နိုင်ရန် ကနဦး နှစ်(၃၀)လုပ်ကိုင်ခွင့်ဖြင့်လည်း ခွင့်ပြုပေး လျက်ရှိရာတွင် လက်ရှိကျူးကျော်ယာမြေဧရိယာ ၈၁၉၉.၇၇ ဧကကိုလည်း CF တည်ထောင် ဆောင်ရွက်ခွင့်ပြုပြီးဖြစ်ပါကြောင်း၊

မြန်မာ့သစ်တောများ ပြန်လည်တည်ထောင်ခြင်းစီမံကိန်းကို (၁၀)နှစ်စီမံကိန်းရေးဆွဲပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းစီမံကိန်းတွင် ဒေသခံပြည်သူအစုအဖွဲ့ သစ်တောတည်ထောင်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ် ပါဝင်ပြီး သစ်တောမြေများအား မှီခိုလုပ်ကိုင်ဆောင်ရွက်နေသည့်ဒေသခံများအနေဖြင့် ဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ သစ်တောသစ်ပင်များစိုက်ပျိုးရမည်ဖြစ်ပြီး မိမိယာသီးနှံများ ကိုလည်း စိုက်ပျိုးနိုင်မည်ဖြစ်သည့်အပြင် နှစ်(၃၀) မြေငှားရမ်းလုပ်ကိုင်ခွင့်လည်းရရှိမည် ဖြစ်ပါ ကြောင်း၊ ရရှိလာမည့် သစ်တောထွက်ပစ္စည်းများအတွက်လည်း ကိုယ်တိုင်အကျိုးခံစားနိုင်မည် ဖြစ်သည့်အတွက် သစ်တောသစ်ပင်များကို ကာကွယ်ထိန်းသိမ်းနိုင်သလိုဒေသခံများ၏ ဘဝ ရပ်တည်မှုအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ် သစ်တောမြေ ကျူးကျော်စာရင်းတွင် မပါဝင်သော်လည်း နှစ်ရှည်စိုက်ခင်း၊ ဥယျာဉ်ခြံနှင့် ကျူးကျော်ယာမြေများကို နှစ်ရှည်မြေငှားရမ်း လုပ်ကိုင်ခွင့် CF တည်ထောင်ဆောင်ရွက်ခွင့်ကိုလျှောက်ထားနိုင်ပြီး သစ်တော ဦးစီးဌာန၏ သတ်မှတ်စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုပေးသွား မည်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့်မေးခွန်းနှင့် စပ်လျဉ်းပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင်ပြဋ္ဌာန်းခဲ့သည့် သစ်တောဥပဒေအခန်း(၃) ပုဒ်မ ၇ ပုဒ်မခွဲ(က)အရ မေးခွန်းပါ ဧရိယာရှိဒေသခံပြည်သူများသည် နှစ်ရှည်လများ ဝင်ရောက်ထွန်ယက်စိုက်ပျိုးနေထိုင်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်စာရင်းကောက်ယူမှုတွင်မပါဝင်ခဲ့သည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ၏ ကြီးကြပ်ဆောင်ရွက်မှုနှင့် မြေပြင်အနေအထားမှန်အား ဆက်စပ်ဌာနများအဖွဲ့စုံဖြင့် ကွင်းဆင်း စစ်ဆေးပြီး အမှန်တကယ်ပယ်ဖျက်ရန်ဆောင်ရွက်ပေးသင့်ပါက မိမိတို့ လုပ်ထုံး လုပ်နည်း အတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ