Skip to main content

(ဂ)မောင်တောမြို့၊ (၄)မိုင်ရပ်ကွက်၊ မကျည်းကုန်းရွာ၌ လိုအပ်လျက်ရှိသော လူနည်းစု(သက်) တိုင်းရင်းသားများ စာပေယဉ်ကျေးမှု ဖြန့်ဖြူးရာ၊ လေ့ကျင့်ရာ-ရိုးရာဓလေ့ထုံးတမ်း အခမ်းအနား ကျင်းပနိုင်မည့် ၅၀ ပေ x ၃၀ ပေရှိ အဆောက်အဦတစ်ခုအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ (၄)မိုင်ရပ်ကွက်၊ မကျည်းကုန်းရွာ၌ လိုအပ်လျက်ရှိသည့် ကွယ်ပျောက်လု နီးပါးဖြစ်နေသည့် သက်တိုင်းရင်းသား စာပေယဉ်ကျေးမှု ဖြန့်ဖြူးရာ၊ လေ့ကျင့်ရာ-ရိုးရာဓလေ့ထုံး ဓလေ့ထုံးတမ်း အခမ်းအနား ကျင်းပနိုင်သည့် အဆောက်အဦတစ်ခု ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိသိရှိလိုသည့်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင် သက်တိုင်းရင်းသား တစ်မျိုးပါဝင်သည့်အပြင် ရခိုင်ပြည်နယ်အတွင်းတွင် မှီတင်းနေထိုင်ကြသည့် မျိုးနွယ်စု ခုနစ်မျိုးထဲတွင် မျိုးနွယ်စု တစ်စု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား အားလုံးသည် လူမျိုးအလိုက် ဆင်းသက်လာသည့် သမိုင်းအသီးသီး ရှိကြသည့်အပြင် သက်တိုင်းရင်းသားသည် မြန်မာ့သမိုင်း၊ ရခိုင်သမိုင်း၊ မြန်မာနိုင်ငံ၏ ရှေးဦးရာဇဝင် မှတ်တမ်းအရ ပျူ၊ ကယန်း၊ သက် ဟု မြန်မာနိုင်ငံတွင် ရှေးဦးဆုံး ဝင်ရောက် အခြေချနေထိုင်လာကြသည့် လူမျိုး တစ်မျိုး ဖြစ်ပါကြောင်းကို လေ့လာတွေ့ ရှိရပါကြောင်း၊ ယခုအခါတွင် မြန်မာနိုင်ငံအတွင်းတွင် ပျူရယ်၊ ကယန်းရယ် ကွယ်ပျောက်ခဲ့ပြီး ရှေးဦးလူမျိုးအဖြစ် သက်တိုင်းရင်းသား တစ်မျိုးသာ ကျန်နေသည်ကို သိရပါကြောင်း၊

သက်တိုင်းရင်းသားများသည် အခုအခါတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တစ်ခုတည်းတွင် အများဆုံးနေထိုင်ကြပြီး ကျေးရွာပေါင်း ရှစ်ရွာ၊ ရပ်ကွက်တစ်ခု၊ လူဦးရေ ၁၆၀၀ ကျော်၊ ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာနှစ်ရွာ၊ ရသေ့တောင်မြို့နယ်တွင် ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ရွာ၊ မြောက်ဦးမြို့နယ်တွင် ရပ်ကွက်နှစ်ခု နေထိုင်ကြပြီး ၂၀၁၆-၂၀၁၇ ခုနှစ် ပဋိပက္ခ ပြဿနာကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ နေပြည်တော် အစရှိသည့် နေရပ်အသီးသီးတွင် နေရပ်စွန့်ခွာ ပြောင်းရွှေ့သွားသည့် သူများအပါအဝင် သက်တိုင်းရင်းသား တစ်ခုလုံးသည် လူဦးရေအားဖြင့် ငါးထောင်ကျော်၊ ခြောက်ထောင် ခန့်သာရှိသည်ကို လေ့လာသိရှိရပါကြောင်း၊ သက်တိုင်းရင်းသားများသည် ယခုအခါတွင် ကိုယ်ပိုင် ဝတ်စားဆင်ယင်မှု၊ ကိုယ်ပိုင်စကား၊ စာပေ ကွယ်ပျောက်လုနီးပါး ဖြစ်နေကြသည့်အတွက် ၎င်းစာပေများကို တီထွင်ရန် မိမိတို့ မောင်တောမြို့၊ (၄)မိုင်ရပ်ကွက်၊ မန်ကျည်းကုန်းရွာတွင် တစ်နိုင်ငံလုံး သက်တိုင်းရင်းသားများ ကိုယ်စား မျိုးဆက်သစ်လူငယ်များသည် လွန်ခဲ့သည့် ၁၅ နှစ် မှစပြီး ကြိုးပမ်းလာရသည့် နေရာ ဒေသ ဖြစ်ပါကြောင်း၊ အခမ်အနားလုပ်ခြင်း၊ ရိုးရာလေ့ကျင့်နေခြင်း၊ စာပေသင်ကြားခြင်း၊ တက္ကသိုလ်ဝင်တန်း ကလေးများကို ဆုချသည့် အခမ်းအနားလုပ်ခြင်း၊ အခြား အခမ်းအနားများ လုပ်ခြင်းနှင့် လူငယ်များ၏ ကိုယ်ထူကိုယ်ထ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း မတည်ပြီး ဆောက်ထားသည့် အဆောက်အဦ ဖောင်ဒေးရှင်းသာ ဖြစ်ပါကြောင်း၊

မိမိသည် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်နှင့်အညီ ကော်မတီအစည်းအဝေးတွင် သော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေ ထွက်ရှိလာရေးအတွက် ပြင်ပတွင် ဆွေးနွေးပွဲတွင်သော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၏ တာဝန်ရှိပုဂ္ဂိုလ်များကို ဆုံသည့်အချိန်တိုင်းတွင် မြန်မာနိုင်ငံအတွင်း ကွယ်ပျောက်လုနီးပါး ဖြစ်နေကြသည့် လူဦးရေ ဆယ်ဂဏန်း၊ ရာဂဏန်းခန့်သာ ရှိနေသည့် ကချင်ပြည်နယ်က ထလုံလူမျိုး၊ ကယားပြည်နယ်က ထနောလူမျိုး၊ တနင်္သာရီက ဆလုံလူမျိုး၊ ရခိုင် ပြည်နယ်ရှိ သက်တိုင်းရင်းသားများ စကား၊ စာပေ၊ ယဉ်ကျေးမှုများကို ဖော်ထုတ် ထိန်းသိမ်းသွားနိုင်ရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားချက်များကို သိရပါကြောင်း၊။ ထို့ကြောင့် ဤမျိုးနွယ်စု ပြိုကွဲလုမတက်ဖြစ်နေသည့် မြန်မာနိုင်ငံ၏ ရှေးဦးလူမျိုးတစ်မျိုးဖြစ်သည့် သက်တိုင်းရင်းသားများအတွက် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု တည်တံ့ ခိုင်မြဲနိုင်ရေး၊ ရိုးရာ ပွဲတော် အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရေးအတွက် မရှိမဖြစ် လိုအပ်နေသည့် အဆောက်အဦကို ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။


 

ပြန်ကြားရေး ဝန်ကြီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင့်အဆင့်၊ မြို့ကြီးများတွင် ရှိသည့် ဌာနပိုင်မြေနေရာများတွင် အကျယ်အဝန်းနှင့် အချက်အချာကျမှုအ‌ပေါ် မူတည်ပြီး လူထုအခြေပြု ဗဟိုဌာန (Community Center)များကို ပြည်သူများ အသိပညာနှင့် သတင်းအချက်အလက် ရှာမိရာနေရာ၊ ရပ်ရွာအသင်းအဖွဲ့များ စုဝေးရာနေရာ၊ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုင်းပြည်ကျိုး ဆွေးနွေးတိုင်ပင်ရာ နေရာ၊ ပြည်သူလူထု အပန်းဖြေ နားခိုရာနေရာ၊ ပြည်သူများနှင့် အကျွမ်းတဝင်ဖြစ်ရာ နေရာ၊ လူငယ်လူရွယ်များ အသိပညာ ဆည်းပူးရာနေရာ စသည်ဖြင့် အသုံးပြုနိုင်သည့် အဆောက်အအုံများအဖြစ် ပေါ်ပေါက်လာစေရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နည်းလမ်းသုံးမျိုးကို အခြေခံပြီး ဆောင်ရွက်ပါကြောင်း၊ (က) နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း၊ (ခ) တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်း(B.O.T)စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ (ဂ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အလှူရှင် ပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများ၏ ပူးပေါင်းကူညီမှုဖြင့် ဆောင်ရွက်ခြင်းစသည်တို့ ဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်၊ ဗန္ဓုလလမ်း၊ နာရီစင်အနီးတွင် ရှိသည့် မြေအကျယ်အဝန်း ၇၈ ပေ x ၇၆ ပေအပေါ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မောင်တောခရိုင်ရုံးကို ၁၉၉၅-၁၉၉၆ ဘဏ္ဍာရေးနှစ်မှာ ၅၆ ပေ x ၃၀ ပေ အုပ်ညှပ်သွပ်မိုးနှစ်ထပ် အဆောက်အအုံအဖြစ် တည်ဆောက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် နှစ်များအတွင်းတွင် သင့်တင့်သည့် ထိန်းသိမ်းပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ မောင်တောခရိုင်ရုံး အဆောက်အအုံတွင် စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ကျင်းပခြင်းစသည့် လူထုအခြေပြုဌာနတစ်ခု၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး ဆန္ဒပြုသည့် မောင်တောမြို့၊ လေးမိုင်ရပ်ကွက်၊ မကျဉ်းကုန်းရွာတွင် ခန်းမတစ်ခု ဆောက်လုပ်ပေးရန် ကိစ္စသည် ၎င်းနေရာတွင် ဌာနအမည်ပေါက်  မြေပိုင်ဆိုင်မှု မရှိခြင်း၊ ဌာနအနေ၏ ရုံးအဆောက်အအုံ ပြည့်ပြည့်စုံစုံ  မရှိသေးသည့် ခရိုင်နှင့် မြို့နယ်ရုံးများကို ဦးစားပေး တည်ဆောက်နေရခြင်း၊ သက်တမ်းကြာ၍ ယိုယွင်းလာ‌သည့် ရုံး၊ အဆောက်အအုံများနှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများကို ပြင်ဆင်ရန် စီစဉ်ဆောင်ရွက်ပေးနေရခြင်းတို့ကြောင့် လောလောဆယ်အချိန်တွင် မောင်တောမြို့၊ လေးမိုင် ရပ်ကွက်၊ မကျဉ်းကုန်းရွာ၌ Community Hall ‌ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားပါသည်။

 

ဦးလှထွန်းကျော် (မောင်တော မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လက်ရှိ အဆောက်အဦသည် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ပဋိပက္ခမဖြစ်ခင်က မတည်ပြီး ဆောက်ခဲ့သည့် အဆောက်အဦ ဖြစ်ကြောင်း၊ မျိုးဆက်သစ်ကလေးများ ကိုယ်ထူကိုယ်ထ ဆောက်ထားခြင်းဖြစ်ကြောင်း၊ ၎င်းအချိန်ကတည်းက မိမိတို့ ပြန်လည်ပြီး မဆောက်နိုင်သည့် အဆောက်အဦ ဖြစ်ပါကြောင်း၊ ၎င်းအဆောက်အဦသည် ရွာပိုင်အဆောက်အဦ ဖြစ်ပါကြောင်း၊ မိမိမေးသည့် မေးခွန်းသည် အဓိက ရည်ရွယ်သည်က တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနကို ဦးတည်ပြီး မေးခြင်းဖြစ်ပါကြောင်း၊ ၎င်းထဲတွင် မေးခွန်းစာလုံးသည် Community Hall ပါသွားသည့် အတွက် ပြန်ကြားဝန်ကြီးဌာနက လာဖြေသည်ကို မိမိကျေနပ်ပါကြောင်း၊ သို့သော် မိမိ မေးချင်သည်က ယခုကိစ္စသည် တိုင်းရင်းသားလူမျိုးရေးရာက အင်မတန်မှ ကွယ်ပျောက်လုနီးပါး ဖြစ်နေသည့် လူမျိုးစုငယ်လေးများ၏ ရှင်သန်ရန်အတွက်ကို နိုင်ငံတော်အစိုးရအနေဖြင့် ပံ့ပိုးကူညီပေး လိမ့်မယ်ဟု မျှော်လင့်ပြီး ယခုမေးခွန်းကို မေးရခြင်း ဖြစ်ပါသည့်အတွက် တိုင်းရင်းသားရေးရာနှင့် သက်ဆိုင်သည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနရယ်၊ ယဉ်ကျေးမှု နှင့်သက်ဆိုင်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနများမှ ပေါင်းစပ်ပြီး ဆက်စပ်ပြီး ကူညီပေးနိုင်မည့် အစီအစဉ် ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်

 ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နိုင်သည့် အနေအထားကို ရှင်းလင်းတင်ပြခဲ့ပါကြောင်း၊ ၎င်းနေရာတွင် ဖြည့်စွက်ပြီး ပြောမည်ဆိုပါက သက်တိုင်းရင်းသား လူမျိုးစုများအတွက် စာပေ ယဉ်ကျေးမှု ဖြန့်ဖြူးသည့် နေရာ၊ လေ့ကျင့်ရာ ရိုးရာဓလေ့ အခမ်းအနားများ ကျင်းပနိုင်ရန် ကိစ္စနှင့် ပတ်သက်ပြီး မောင်တောမြို့နယ်အတွင်းတွင် အဓိက ရှိကြသည်ဖြစ်သည့်အတွက် မောင်တောမြို့နယ်တွင်ရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးခန်းကို Community Centre အဖြစ် အသုံးပြုနေသည့် နေရာဌာနကို အသုံးပြုမည် ဆိုပါက အသုံးပြု၍ ရပါကြောင်း၊ ၎င်းအတွက်ကို မိမိတို့ ကူညီဆောင်ရွက်ပေးနိုင်ကြောင်း Community နေရာတွင် အဆောက်အဦတစ်ခု ဆောက်လုပ်ရေးနှင့် ၎င်းနေရာတွင် ဆက်လက်ပြီး သက်တိုင်းရင်းသား ယဉ်ကျေးမှုနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်များကို ဆောင်ရွက်ရေး ကိစ္စတွင်  ကိုယ်စားလှယ်တော်ကြီး တင်ပြခဲ့သည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်အတူ ထို့အပြင် ပြည်နယ်အစိုးရနှင့် ပူးပေါင်းပြီး ဆောင်ရွက်မည်ဆိုပါက ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားပါသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်