(က)-ရခိုင်ပြည်နယ်ရှိ မာန်အောင်မြို့မှ ကျောက်ဖြူ၊ စစ်တွေမြို့များသို့ သွားလာနိုင်ရေးအတွက် ကစ္စပနဒီအမြန်ရေယာဉ်အား သီတင်းတစ်ပတ်တွင် အနည်းဆုံးနှစ်ကြိမ်ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း | Pyithu Hluttaw Skip to main content

 

မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းပေါ်တွင် တည်ရှိပြီး ဘင်္ဂလားပင်လယ်အော်ထဲတွင် ရေပတ်လည်ဝိုင်းလျက် ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် နိုင်ငံတော်မှ ဝေးလံခေါင်သီဒေသရှားပါး စရိတ်ခံစားခွင့်ပြုထားသည့် မြို့နယ်တစ်ခုဖြစ်ပြီး  ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ဆက်သွယ်သွားလာရာတွင် ရေကြောင်းနှင့် လေကြောင်းကို အဓိကအားထားနေရပါကြောင်း၊ လေကြောင်းနှင့် သွားလာနိုင်သော်လည်း လေယာဉ်သည် ခရီးသည် ၁၀ ယောက်ခန့်သာစီးနိုင်သည့်အပြင် ယခုအချိန်တွင် တစ်ပတ်လျှင် ငါးရက်ပြေးဆွဲခြင်းကြောင့် အနည်းငယ်သာ အဆင်ပြေသော်လည်း မိုးရာသီ ဇွန်လမှ  စက်တင်ဘာလအထိ လေယာဉ်ခရီးစဉ်ကို ရာသီဥတုကြောင့်ပိတ်ထားရသည့်အတွက် ကျောက်ဖြူမြို့၊ စစ်တွေမြို့များသို့ သွားလာရေးတွင် များစွာအခက်အခဲဖြစ်ကြပါကြောင်း၊

မာန်အောင်ကျွန်းသည် စတုရန်းမိုင် ၂၀၂ မိုင်ကျယ်ဝန်းပြီး ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာ ၁၃၇ ရွာနှင့် မြို့ပေါ် ၅ ရပ်ကွက်ရှိပြီး လူဦးရေ ၆၅၀၀၀ ကျော် နေထိုင်လျက်ရှိသည့် မြို့နယ်တစ်ခု ဖြစ်ပြီး ရုံးလုပ်ငန်းများနှင့် ဆက်သွယ်ရာတွင် ကျောက်ဖြူမြို့၊ စစ်တွေမြို့များသို့ မလွဲမသွေသွားရောက် ရပါကြောင်း၊ ယင်းသို့ သွားရောက်ရာတွင်လည်း အဆိုပါမြို့များသို့ တိုက်ရိုက်သွားလာနိုင်ခြင်းမရှိဘဲ တောင်ကုတ်မြို့မှတစ်ဆင့် ကျောက်ဖြူ၊ စစ်တွေများသို့ သွား ရောက်ရသည့်အတွက် အချိန်ကုန်၊ ငွေကုန်ဖြစ်နေကြ ရပါကြောင်း၊

ယခင်က တောင်ကုတ်မြို့မှ စစ်တွေမြို့ကို ကားဖြင့် လွယ်လွယ်ကူကူသွားနိုင်သော်လည်း ယခု စစ်တွေ-တောင်ကုတ် ကားလမ်းတစ်လျှောက် တိုက်ပွဲများ၊ မိုင်းများကြောင့် လုံခြုံရေးအရ ပြည်သူများမှာ သွားနိုင်ခြင်းမရှိဘဲ လေယာဉ်နှင့် သွားရသည့်အတွက် စရိတ်ကြီးပြီး လေယာဉ်လက်မှတ်ရန် လွယ်ကူခြင်းမရှိပါကြောင်း၊ ကျောက်ဖြူမြို့ကို သွားရရန်လွယ်ကူသော်လည်း စစ်တွေမြို့ကိုသွားရန် များစွာခက်ခဲသည့်အတွက် မာန်အောင်မြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့ကိုသွားလာရန် ကစ္စပနဒီအမြန်ရေယာဉ်ကို လိုအပ်နေပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မာန်အောင်မြို့မှ ကျောက်ဖြူမြို့၊ စစ်တွေမြို့များကိုသွားလာရန် ကစ္စပနဒီအမြန်ရေယာဉ်ကို သတင်းတစ်ပတ်တွင် အနည်းဆုံးနှစ်ကြိမ်ခန့် ပြေးဆွဲစေလိုကြပါကြောင်း၊

ထို့ကြောင့် ကစ္စပနဒီအမြန်ရေယာဉ်ကို မာန်အောင်မြို့ မှ ကျောက်ဖြူမြို့၊ စစ်တွေမြို့ကို တစ်ပတ်လျှင် နှစ်ကြိမ်ပြေးဆွဲရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲအနေဖြင့် စစ်တွေ-မာန်အောင်ခရီးလမ်းကြောင်းနှင့် ကျောက်ဖြူ-မာန်အောင်ခရီး လမ်းကြောင်းတို့ကို အေဦးမော့ရေယာဉ်အမျိုးအစားဖြစ်သည့် အဆွေတော်နှင့် အလင်းရောင်ရေယာဉ်များဖြင့် ၁၀-၁၂-၁၉၅၇  ခုနှစ်မှစတင်ကာ တစ်ပတ်တစ်ခေါက် သောကြာနေ့တိုင်း ပြေးဆွဲခဲ့ရာမှ တစ်ခေါက်လျှင် အသွား/အပြန်လေးရက်နှင့် ၁၀ ရက်ခန့် အသီးသီးကြာမြင့်ပြီး ခရီးသည် လိုက်ပါမှုနှင့် ကုန်စည်တင်ပို့မှုနည်းပါးပြီး စီးပွားရေးတွက်ခြေမကိုက်သဖြင့် စစ်တွေ-မာန်အောင် ခရီးစဉ်ကို ၂၀၀၁ ခုနှစ် ဇွန်လတွင် လည်းကောင်း၊ ကျောက်ဖြူ-မာန်အောင်ခရီးစဉ်ကို ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် လည်းကောင်း အသီးသီးပိတ်သိမ်းခဲ့ရပါကြောင်း၊ အဆိုပါ အေဦးမော့အမျိုးအစား ရေယာဉ်များသည် ၁၉၅၇ ခုနှစ်ကစပြီး တည်ဆောက်ခဲ့သည့် သက်တမ်းကြာမြင့်နေသည့် ရေယာဉ်များ ဖြစ်သည့်အတွက် စီးပွားရေးအရလည်း တွက်ခြေမကိုက်သဖြင့် အဆွေတော်ရေယာဉ်ကို ၂၀၁၄ ခုနှစ်မှ လည်းကောင်း၊ အလင်းရောင်ရေယာဉ်ကို ၂၀၁၅ ခုနှစ်မှလည်းကောင်း လေလံတင် ရောင်းချခဲ့ပြီး ဖြစ်ပါကြောင်း၊

ရခိုင်ဒေသအတွင်း ကမ်းရိုးတန်းနှင့် မြစ်ကြောင်းများတစ်လျှောက် သွားလာနေကြသည့် ဒေသခံ ပြည်သူများ အဆင်ပြေစေရေးအတွက် ဂျပန်နိုင်ငံအစိုးရမှ လှူဒါန်းသည့် ကစ္စပနဒီ-၁ အမြန် ရေယာဉ် ရောက်ရှိလာပြီးနောက် စစ်တွေ-မြေပုံ-ကျောက်ဖြူ-တောင်ကုတ်နှင့် တောင်ကုတ်-မာန်အောင် ခရီးလမ်းအသီးသီးကို ၂၀၁၇ ခုနှစ် ဧပြီလမှစပြီး တစ်ပတ်နှစ်ခေါက်ပြေးဆွဲခဲ့ရာမှ စီးပွားရေး တွက်ခြေမကိုက်သဖြင့် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ခရီးစဉ်ပိတ်သိမ်းခဲ့ရပါကြောင်း၊ အဆိုပါခရီးစဉ်များကို ပိတ်သိမ်းပြီးနောက် ကစ္စပနဒီ-၁ နှင့် စစ်တွေ-မြေပုံ-ကျောက်ဖြူခရီးလမ်းကို ၂၀၁၇ ခုနှစ် ဩဂုတ်လမှ တစ်နှစ်ကျော်ခန့် တစ်ပတ်နှစ်ခေါက်ပြေးဆွဲခဲ့ပြီးနောက် ခရီးသည်ရရှိမှု အခြေအနေအရ ယနေ့အထိ တစ်ပတ်တစ်ခေါက် ပြေးဆွဲပေးလျက်ရှိပါကြောင်း၊  ဂျပန်နိုင်ငံအစိုးရက လှူဒါန်းသည့် ကစ္စပနဒီ-၂ အမြန်ရေယာဉ် ထပ်မံရောက်ရှိလာပြီးနောက် စစ်တွေ-မြေပုံ-ကျောက်ဖြူ ခရီးလမ်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ တစ်ပတ်နှစ်ခေါက် ပြေးဆွဲခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ကျင်းတင်ပြုပြင်ခဲ့ကာ ယခုအခါ အရံရေယာဉ် အဖြစ် ရပ်နားထားပါကြောင်း၊

ဂျပန်နိုင်ငံအစိုးရက ထပ်မံလှူဒါန်းသည့် ကစ္စပနဒီ-၃ ကမ်းရိုးတန်းသွားရေယာဉ်အသစ် ထပ်မံ ရောက်ရှိလာပြီး ၂၀၁၉ ခုနှစ် ဧပြီလမှစ၍ စစ်တွေ-ကျောက်ဖြူကမ်းရိုးတန်း တိုက်ရိုက်ခရီးစဉ်ကို တစ်ပတ်တစ်ခေါက် ပြေးဆွဲပေးလျက်ရှိပါကြောင်း၊ ကစ္စပနဒီရေယာဉ်များကို အသုံးပြုပြီး ခရီးစဉ်များပြေးဆွဲရာတွင် အသွား/အပြန်တစ်ခေါက်အတွက်  ပျမ်းမျှဝင်ငွေနှင့် ရေယာဉ် စရိတ်၊ စက်သုံးစရိတ်၊ ဝန်ဆောင်မှုစရိတ်များအပါအဝင် အသုံးစရိတ်များမမျှသဖြင့် ဇယားနှင့်တင်ပြထားသည့်အတိုင်း အသုံးစရိတ်နှင့်ဝင်ငွေအချိုး(Operating Ratio)သည် ၁၆၈.၇၅ ရာခိုင်နှုန်းမှ ၃၇၃.၅၂ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့ပါကြောင်း၊

ကစ္စပနဒီရေယာဉ်များ၏ တည်ဆောက်မှုပုံစံအရ ရေစူးများသဖြင့် မာန်အောင်ဆိပ်ကမ်းသို့ အချိန် မရွေးဝင်ရောက်နိုင်ခြင်းမရှိဘဲ တောင်ကုတ်- မာန်အောင် ခရီးစဉ်ပြေးဆွဲစဉ်က တောင်ကုတ်မြို့မှ ရေပြည့်ချိန်နှင့်ချိန်ကိုက် ထွက်ခွာရပြီး မာန်အောင်မြို့သို့ ရေပြည့်ချိန်အမီ မရောက်ရှိပါက မာန်အောင်ကျွန်းအဝင်တွင် ကျောက်ချရပ်နားကာ အမြင့်ဆုံးရေတက်ချိန်ကို စောင့်ဆိုင်း၍ ဝင်/ ထွက် ဆိုက်ကပ်ခဲ့ရပါကြောင်း၊ မိုးရာသီတွင် ရာသီဥတု ကြမ်းတမ်းသည့်ဒေသဖြစ်ပြီး နွေရာသီ ရေနည်းချိန်တွင် ကျောက်ဆောင်နှင့် သဲသောင်များ ဖြစ်ပေါ်သဖြင့် ကစ္စပနဒီ-၁ ရေယာဉ်သည် ၂၀၁၇ ခုနှစ် မေလအတွင်း မာန်အောင်ကျွန်းသို့ ဝင်ရောက်ဆိုက်ကပ်စဉ် ကျောက်ဆောင်နှင့် ထိခိုက် မိသဖြင့် ပန်ကာရွက်တစ်ရွက် ပျက်စီးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ပါကြောင်း၊ ကစ္စပနဒီရေယာဉ်များသည် ခရီးသည်သီးသန့်တင်ဆောင်သည့် ရေယာဉ်များဖြစ်သဖြင့် ကုန်စည်တင်ဆောင်နိုင်ခြင်းမရှိဘဲ ရေယာဉ်များ၏ တည်ဆောက်မှုပုံစံအရ ရေစူးနှင့်အမြန်နှုန်းကြောင့် ဆီစားနှုန်းများပြားပြီး ခရီးသည်လိုက်ပါမှု အလွန်နည်းပါးသဖြင့်  ခရီးစဉ်တစ်ခေါက်လျှင် အရှုံးများစွာ ဖြစ်ပေါ်လျက်ရှိ ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် မာန်အောင်မြို့မှ ကျောက်ဖြူ မြို့၊ စစ်တွေမြို့များသို့ ကစ္စပနဒီအမြန်ယာဉ် ပြေးဆွဲပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး