Skip to main content

(ဆ)-လက်ပံတန်းမြို့နယ်၊ ဝါးရုံပင်ဇင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာအသုံးပြုနေသော ငါးပေ အကျယ် လူကူးသစ်သားတံတားအစား သံကူကွန်ကရစ်ကုန်ထုတ်တံတားအဖြစ် ပြည်ထောင်စု ဘတ်ဂျက်မှ ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

ယခုမေးခွန်းနှင့်စပ်လျဉ်းပြီး ၂၀၁၈ ခုနှစ် ၁၂ လပိုင်းက ကြယ်ပွင့်ပြမေးခွန်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနကို မေးမြန်းခဲ့ရာ ၂၀၁၉ ခုနှစ် ၁ လပိုင်း တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုး၏ မူလရန်ပုံငွေမှာထည့်သွင်းလျာထားပြီးဖြစ်သည်ကို သိရှိရပါကြောင်း၊ ယခုအခါတိုင်းဒေသကြီး အစိုးရကလျာထားသည့် တံတားကို ခေါင်းစဉ်ပြောင်းခဲ့ခြင်းကြောင့် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် ပါရှိလာခြင်းမရှိပါကြောင်း၊

ကျေးရွာများ၏ တောင်ဘက်ရှိပဒဲကောရိုးကူးတံတား၊ ကျေးရွာများ၏ အနောက်ဘက်ရှိ သဲကော ချောင်း လူကူးတံတားများပေါ်မှ လက်ပံတန်းမြို့ကို သွားလာကြရသည့်အနက် ပဒဲကော ရိုးကူးတံတားသည် သွားလာရတာ ပိုမိုအဆင်ပြေပါကြောင်း၊ ထိုကြောင့် ပဒဲကောရိုးကူးတံတားကို ကုန်ထုတ်တံတားအဖြစ် ပြုလုပ်ပေးမည်ဆိုပါက ၎င်းကျေးရွာများအတွက် ကုန်ထုတ်လုပ် ရောင်းချရာတွင်လည်းကောင်း၊ ထွန်စက် ကြီးများ၊ ကောက်ရိတ်စက်များ၊ မီးသတ်ကားများ၊ ကျန်းမာရေးအတွက် လူနာတင်ကားများ အလွယ်တကူသွားနိုင်ဖြစ်သည့်အတွက် လက်ပံတန်း မြို့နယ်၊ ဝါးရုံပင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာအသုံးပြုနေသော ငါးပေအကျယ် လူကူး သစ်သားတံတားအစား သံကူကွန်ကရစ်ကုန်ထုတ်တံတားအဖြစ် ပြည်ထောင်စုဘတ်ဂျက်မှ ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဝါးရုံပင်ဇင်းကျေးရွာ အုပ်စုအတွင်းရှိ ပဒဲကောရိုးကူးတံတားသည် အောင်စိုးမိုးလမ်းပေါ်တွင်တည်ရှိပြီး အဆိုပါ တံတားအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၀၀၀ သိန်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် အရေးပါအသုံးဝင်သော တံတားဖြစ်ပါသဖြင့် သံကူကွန်ကရစ်တံတား အဖြစ် အဆင့်မြှင့်တင်တည်ဆောက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် အကောင်အထည်ဆောင် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပြီးပါက ကျေးရွာငါးရွာ၊ အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေပေါင်း ၂၇၀၀ ခန့်တို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း