Skip to main content

မိမိတို့ ချင်းပြည်နယ်သည် တောင်ကုန်း၊ တောင်တန်းထူထပ်သည့်အတွက် သွားလာရေးလွန်စွာမှ ခက်ခဲပါကြောင်း၊ ကျေးရွာများသည်လည်း တစ်ရွာနှင့်တစ်ရွာတွင် တောင်ကြောအလိုက်၊ ခင်ကြော အလိုက်တည်ရှိကြပါကြောင်း၊ တစ်ချို့ကျေးရွာများသည် တောင်ထပ်တွင်ရှိပြီး တစ်ချို့ကျေးရွာ များက တောင်ခါးပတ်တွင် ရှိကြသည့်အတွက် ကျေးရွာ တစ်ရွာနှင့်တစ်ရွာကို ကူးလူးသွားလာမည် ဆိုပါက ကျေးရွာ၏တောင်ကုန်းမှ အောက်ကိုဆင်းပြီးမှ ၎င်းတောင်နှစ်ခုကြားရှိ ချောင်းကိုဖြတ်ပြီး အခြားတစ်ရွာကို သွားလာရသောအခက်အခဲများရှိပါကြောင်း၊ ထို့ကြောင့် ကျေးရွာတစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်ဆံရန် ကျေးရွာနှစ်ရွာကြားတွင်အနည်းဆုံးလူကူးတံတားလေးတစ်စင်းရှိရန် လိုအပ်နေ ပါကြောင်း၊

ကြာအိမ်နူးကျေးရွာနှင့် ဒါဒို‌ကျေးရွာရှိ ချယ်လောင်းချောင်းတွင် ကျေးရွာရွာသူရွာသားများက ကိုယ်ထူကိုယ်ထလုပ်ထားသော ယာယီတံတားလေးသည် မိုးတွင်းတွင်ပါသွားသည့်အတွက်ကြောင့် ရွာသူရွာသားများသည် ဒီရေကြီးသည့်အချိန်တွင် ပျက်စီးသည့်လမ်းများလာရောက်တူးပြီး ယာယီ တံတားလေးလာရောက်တည်ဆောက်ပါကြောင်း၊ ယာယီတံတားလေးပေါ်တွင် ကျောင်းသူကျောင်း သားများ ခဲခဲယဉ်းယဉ်းကူးလူးသွားလာနေရပါကြောင်း၊ ၎င်းယာယီတံတားလေးပေါ်တွင် ထယ်ပန်း ကျေးရွာနှင့် ဒါဒိုကျေးရွာရှိ ကျောင်းသူကျောင်းသားများက အခြားတစ်ရွာကဖြစ်သော ကြာအိမ်နူး ကျေးရွာကို နေ့စဉ်နှင့်အမျှ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားပြီး ကျောင်းတက်နေရပါကြောင်း၊ တောင်ကျချောင်းဖြစ်နေသည့်အတွက် လှေဖြင့် အခြားဘက်ကမ်းကို ကူး၍လည်းမရပါကြောင်း၊ တောင်ပေါ်မှ အရှိန်အဟုန်ပြင်းစွာ စီးဆင်းသောချောင်းဖြစ်သည့်အတွက် ၎င်းတောင်ကျချောင်းကို လှေဖြင့်ကူးလိုက်မည်ဆိုပါက လှေရော၊ လူရောအကုန်နစ်မြှုပ်သွားမည်ဖြစ်သည့်အတွက် လှေဖြင့်ကူးရန် အလွန်ခက်ခဲပါကြောင်း၊

ကြာအိမ်နူး ကျေးရွာသည် ကြာလေလှိုင်းအုပ်စုတွင်ရှိပါကြောင်း၊ ဒါဒိုကျေးရွာသည် မဒက်အုပ်စုနှင့် ဆက်သွယ်ထားသောကြောင့် အုပ်စုနှစ်စုကို အဓိကဆက်သွယ်ထားသော လမ်းလည်းဖြစ်သည့် အတွက် ကျေးရွာနှစ်ရွာတည်းအဓိကအကျိုးရှိခြင်း မဟုတ်ပါကြောင်း၊ အုပ်စုနှစ်စုလုံးတွင် ပြည်သူများ၊ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်ကို အဆိုပါချောင်းများကို ဖြတ်ပြီး သွားလာကူးလူးဆက်ဆံနေကြပါကြောင်း၊ နွေရာသီရောက်လျှင် ကျေးရွာလူထုက ကိုယ်ထူ ကိုယ်ထဖြင့် လမ်းတူးမည်၊ ယာယီတံတားလေးဆောက်မည်၊ မိုးရာသီတွင် ရေထဲပါသွားမည်၊ မိုးရာသီတွင် ရေထဲကိုတံတားက မျောလိုက်၊ နွေရာသီတွင် ပြည်သူပြည်သားများက ဆောက်လိုက် ဖြင့် သမ္မတကြီးပြောသော ဂျအေးသူ့မေရိုက်နေသလိုဖြစ်ပါကြောင်း၊ ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်း ‌ချောင်းရေလွတ်နိုင်အောင် လူကူးကြိုးတံတားလေးများ ဆောင်ရွက်လိုက်မည်ဆိုပါက မိမိတို့ အနှစ်နှစ်အလလက ပြည်သူများမျှော်မှန်းနေသော အစိုးရသစ်လက်ထက်တွင် ကျေးရွာချင်းဆက် လူကူးတံတားလေးများရပြီး ကျောင်းသူကျောင်းသားလေးများ၊ သားသမီးလေးများ အသက် အန္တရာယ်ကင်းရှင်းစွာဖြင့် ပညာရေးကို ကောင်းစွာသင်ယူနိုင်မည်ဖြစ်သည့်အတွက် မင်းတပ် မြို့နယ်၊ ကြာအိမ်နူးကျေးရွာနှင့် ဒါဒိုကျေးရွာအကြားရှိ ချယ်လောင်ချောင်းကိုဖြတ်ပြီး ကြိုးတံတား တစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ကြာအိမ်နူးကျေးရွာနှင့် ဒါဒိုကျေးရွာကြားရှိ ချယ်လောင်း ချောင်းကူးကြိုးတံတားသည် ချီချောင်းလမ်းခွဲမှ ပူကွန်း-မဒပ်-တားကော်လမ်း ပေါ်တွင် တည်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော တံတားဖြစ် ပါကြောင်း၊

အဆိုပါတံတားသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class(A) ဦးစားပေးအဆင့်နှစ်လမ်း စာရင်းတွင်ပါဝင်သော တံတားဖြစ်ပြီး ကျေးရွာ ၁၃ ရွာ၊ အိမ်ခြေ ၅၂၀၊ လူဦးရေ ၂၈၀၀ တို့အား တိုက်ရိုက်အကျိုးပြုသောတံတားဖြစ်ပါသဖြင့် အဆင့်မြှင့်တင်တည်ဆောက်ရန်အတွက် မေးခွန်းတွင် လူကူးတံတားဟု ပြောခြင်းမဟုတ်ဘဲ မော်တော်ကားကူးတံတားကဲ့သို့ မေးခွန်းမေးထားသည့် အတွက် မိမိအဖြေတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဟု ဖြေကြားခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်းပဲ ယနေ့တွင် ကားကူးမဟုတ်ဘဲ လူကူးဟု မေးခွန်းက အနည်းငယ်ပြောင်းသွားသည့်အတွက် လူကူးတံတား ဆိုပါက မိမိတို့အ‌နေဖြင့် ကားကူးတံတားလောက် အခက်အခဲမရှိပါကြောင်း၊ ထို့ကြောင့် ချင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ပြန်လည်ညှိနှိုင်းပြီး ၂၀၂၀-၂၀၂၁ တွင် ရန်ပုံငွေတင်ပြသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း