Skip to main content

အရှေ့တောင်အာရှနိုင်ငံများကို တရုတ်ခရီးသွားများ အများအပြားလာရောက်လည်ပတ်လေ့ရှိပါကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တရုတ်နိုင်ငံပြင်ပကို ခရီးထွက်ကြသော တရုတ်နိုင်ငံသားများ များစွာရှိပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီး၏အဆိုအရ ကမ္ဘာအနှံ့ လည်ပတ်သော တရုတ်ခရီးသွားများ အများအပြားရှိနေသည်ဟု ဆိုပါကြောင်း၊ တရုတ်ခရီးသွား များနှင့်ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးဆိုပြီး နှစ်ခုစလုံးရှိနေပါကြောင်း၊ ကောင်းကျိုးက ခရီးသွားကုမ္ပဏီများ၊ တရုတ်ခရီးသွားဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင်များ၊ တိုးကားအဖွဲ့များ၊ အခြေခံလူတန်းစားအချို့ အလုပ်ဖြစ်ကြပါကြောင်း၊ ဝင်ငွေ ရရှိကြပါကြောင်း၊ သို့သော် တရုတ် ခရီးသွားများသည် ကမ္ဘာအနှံ့လည်ပတ်နေကြ‌သော်လည်း ငွေပေးချေရေးစနစ်တွင် အွန်လိုင်းငွေပေး ချေစနစ်ဖြစ်သော (We Chat Pay နှင့် Alipay) စနစ်ကိုသာ အသုံးပြုလေ့ရှိပါကြောင်း၊ ၎င်းငွေပေးချေစနစ်ကြောင့် သက်ဆိုင်ရာနိုင်ငံများတွင် ဝင်ငွေဆုံးရှုံးမှုများ ဖြစ်ပေါ်နေပါကြောင်း၊ တရုတ်နိုင်ငံသားများသည် ကမ္ဘာအနှံ့ လည်ပတ်နေကြ‌သော်လည်း တရုတ်နိုင်ငံသားများ ပိုင်ဆိုင်ကြသော ဟိုတယ်နှင့် စားသောက်ဆိုင်များတွင်သာ နေထိုင်စားသောက်လေ့ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ခရီးသွားလုပ်ငန်းလုပ်ဆောင်သူများက  စီမံပေးသည့်အတိုင်းသာ နေထိုင်ကြပါကြောင်း၊ ၎င်းငွေပေး‌ချေစနစ်သည် တရုတ်နိုင်ငံတွင်သာ တရားဝင်သုံး၍ရသည့်စနစ်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်ကိုသုံးသည့်အတွက် တရုတ်ခရီးသွားလုပ်ငန်းများရရှိမည့်ဝင်ငွေသည် တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိသွားပါကြောင်း၊ ကျန်သည့်နိုင်ငံများတွင် တရားမဝင်ငွေပေးချေစနစ်ဖြစ်သည့်အတွက် ဝင်ငွေများ ဆုံးရှုံးမှုရှိနေပါကြောင်း၊

ထို့ကြောင့်လည်း မြန်မာနိုင်ငံပြည်တွင်းခရီးသွားအေဂျင်စီများနှင့် ဧည့်လမ်းညွှန်များအသင်းအဖွဲ့အစည်းများက ဇီးရိုးဘတ်ဂျက်ခရီးသွားများကို ကိုင်တွယ်ဖြေရှင်းရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကို တင်ပြထားသည်ဟုသိရပါကြောင်း၊ ဇီးရိုးဘတ်ဂျက်ဒဏ်ကိုခံနေရသည်မှာ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါကြောင်း၊ အာဆီယံနိုင်ငံတော်တော်များများလည်း ၎င်းဒဏ်ကိုခံနေရပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဇီးရိုးဘတ်ဂျက်ကိုတားဆီးရန် အစီအစဉ်များချမှတ်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကမ္ဘောဒီးယားခရီးသွားလာရေး ဝန်ကြီးက ဇီးရိုးဘတ်ဂျက်ခရီးသွားလာရေးကို ထိထိရောက်ရောက်အရေးယူမည်ဟု ပြောခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင်လည်း နီပေါအစိုးရက အွန်လိုင်းငွေပေးချေစနစ်ဖြစ်သော (We Chat Pay နှင့် Alipay) ကိုခွင့်မပြုတော့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံကို လာ ရောက်လည်ပတ်သည့် တရုတ်ခရီးသွားအရေအတွက်သည် ၃ သိန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ လမှ ဧပြီလအထိ တရုတ်ခရီးသွား ၂ သိန်းကျော် ရှိနေပါကြောင်း၊ ဇီးရိုးဘတ်ဂျက်ကြောင့် ဝင်ငွေအလုပ်အကိုင်ရရှိသလို ဇီးရိုးဘတ်ဂျက်ခရီးသွားများကြောင့် နိုင်ငံခြားဝင်ငွေဆုံးရှုံးမှုများ၊ အခွန် ဘဏ္ဍာဆုံးရှုံးမှုများလည်းရှိနေပါကြောင်း၊ ဇီးရိုးဘတ်ဂျက် တရုတ်ခရီးသွားများအသုံးပြု၍ အွန်လိုင်း ငွေပေးချေစနစ် (We Chat Pay နှင့် Alipay)ကို တားဆီးပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက် တားဆီးနိုင်ရန် အစီအစဉ်များချမှတ်ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်းမေးမြန်းပါသည်။


 

မေးခွန်းပထမပိုင်းဖြစ်သည့် ဇီးရိုးဘတ်ဂျက် တရုတ်ခရီးသွားများ အသုံးပြုသော အွန်လိုင်းငွေပေး ချေမှုစနစ် (We Chat Pay နှင့် Alipay) ကို တားမြစ်ပိတ်ပင်ရန် အစီအစဉ်ရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် QR Code နှင့်ပေးချေမှုများအား တစ်ပြေးညီ ဖြစ်စေရန်နှင့် International EMV Standard ဖြစ်စေရန်အတွက် MMQR Code Standard သတ်မှတ်နိုင်ရန် ပြည်တွင်းဘဏ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီများ MPU မှ ကိုယ်စားလှယ်များနှင့် စဉ်ဆက်မပြတ်ညှိနှိုင်းဆောင်ရွက်လျက်ရှိစဉ်ကာလ တွင် Alipay, Wechat Pay စသော Closed Loop Payment Scheme ဖြင့် ပေးချေမှုများ ဆောင်ရွက်ခြင်းကို ဗဟိုဘဏ်ဥပဒေပုဒ်မ ၇၉ နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၃၄ ပုဒ်မခွဲ(က) တို့အရ ဆိုင်းငံ့ထားရန် ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ဗဟိုဘဏ်၏ ခွင့်ပြုချက်မူဘောင်အတွင်းမှသာလုပ်ဆောင်ရန်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၆၄ အရ တားမြစ်ချက်များကို လိုက်နာမှုမရှိပါက ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၇၂ အရ အရေးယူခံရမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကပြည်တွင်းဘဏ်များအားလုံးကို အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊

နိုင်ငံတော်အတွင်း ရောင်းချဝယ်ယူသောကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေပေးချေခြင်းဈေးနှုန်းဖော်ပြခြင်းများကို ပြည်တွင်းသုံးကျပ်ငွေဖြင့်သာဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များထံ ညှိနှိုင်းအကြောင်းကြားပြီးဖြစ်သော်လည်း ဟိုတယ်များ၊ စားသောက်ဆိုင်အချို့တွင် ပြည်တွင်းတွင်လာရောက်ဖွင့်လှစ်နေသည့် နိုင်ငံခြားကျောင်းများ၊ နိုင်ငံခြားသား တိုက်ခန်း၊ အိမ်ခန်းငှားရမ်းမှုများ၊ အမှတ်တရပစ္စည်းဆိုင်များ စသည်များတွင် ကျပ်ငွေအစား နိုင်ငံခြားငွေဖြင့်ပေးချေဆောင်ရွက်နေဆဲဖြစ်သည့်အတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ နေပြည်တော် ကောင်စီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများအနေဖြင့် မိမိ၏ လက်အောက်အဖွဲ့အစည်းများအားကျပ်ငွေဖြင့်သာ ပေးဆောင်ရေးလိုအပ်သလို ထပ်ဆင့်ညွှန်ကြားပေးပါရန် ဗဟိုဘဏ်က စာထွက်အသိပေး အကြောင်းကြားပြီး ဖြစ်ပါကြောင်း၊

ဖော်ပြပါ ထပ်ဆင့်အသိပေးအကြောင်းကြားရန်ရှိသည်များကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန လက်အောက်ခံရုံးခွဲများ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း ၁၁ သင်း တို့ကိုအချိန်နှင့်တစ်ပြေးညီ အသိပေးအကြောင်းကြားပြီးဖြစ်ပြီး ထပ်ဆင့်အကြောင်း ကြားသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီးမေးခွန်းဒုတိယပိုင်းဖြစ်သည့် ဇီးရိုးဘတ်ဂျက်တားဆီးနိုင်ရန် အစီအစဉ်များချမှတ်ဆောင်ရွက်ရန်အစီအစဉ် ရှိ/မရှိသိလိုခြင်းနှင့် စပ်လျဉ်း၍ ဇီးရိုးဘတ်ဂျက်အမည်တွင်စရာ ဖြစ်ရသော နောက်ခံအကြောင်းများကို ဦးစွာအကျဉ်းချုပ်တင်ပြလိုပါကြောင်း၊  ခရီးသွားအဝင်ကျဆင်းသော ကာလများတွင် ခရီးသွားလုပ်ငန်းကုမ္ပဏီအချို့က အချို့သော ခရီးစဉ်ဒေသများတွင် ရှိသော ဟိုတယ်များကိုသာမန်အချိန်ပေါက်ဈေးများထက် လျော့နည်းသည့်ဈေးနှုန်းဖြင့် တစ်နှစ်စာ စာချုပ်ချုပ်ဆိုငှားရမ်းမှုများရှိသည်ဟု သိရပါကြောင်း၊ စားသောက်ဆိုင်အချို့ကိုလည်း တစ်နေ့လူဘယ်လောက်လာမည်ဆိုပြီး မူလရောင်းဈေးထက် လျော့နည်းသည့်ဈေးနှုန်းဖြင့် တစ်နှစ်စာ ကြိုတင် စာချုပ်ချုပ်ဆိုခြင်းများရှိသည်ဟု သိရပါကြောင်း၊ အလားတူ သယ်ယူပို့ဆောင်ရေးယာဉ်များကိုလည်း သာမန်အချိန်ပေါက်ဈေးထက်လျော့သော နှုန်းထားဖြင့် တစ်နှစ်စာကြိုတင်စာချုပ်ချုပ်ဆို ငှားရမ်းခြင်းများရှိသည်ဟု သိရပါကြောင်း၊ ခရီးစဉ်များရောင်းချရာတွင် လာရောက်မည့် ခရီးသည် အုပ်စုများကို မသွားမနေရခေါ်ဆောင်သွားမည့် လက်ဆောင်ပစ္စည်းဆိုင်များကပေးသော ကော်မရှင်များကို အခြေပြုပြီး အဆမတန် လျှော့ချထားသော ဈေးနှုန်းများဖြင့် ရောင်းချနေခြင်းများရှိသည်ဟု သိရပါကြောင်း၊ လက်မှတ်ရဧည့်လမ်းညွှန်များကို ငှားရမ်းခြင်းမပြုဘဲ tour Conductor များက တရားမဝင်ဧည့်လမ်းညွှန်အဖြစ် ဆောင်ရွက်နေခြင်းများလည်းရှိသည်ဟု သိရပါကြောင်း၊ လိုင်စင်မရှိသောဟိုတယ်များကို အသုံးပြုနေခြင်းများရှိသလို လိုင်စင်မရှိဘဲ ခရီးလှည့်လည်ရေး လုပ်ဆောင်နေခြင်းများလည်းရှိသည်ဟု သိရပါကြောင်း၊ တရားမဝင် ငွေပေးချေမှုနည်းလမ်းများကို အသုံးပြုနေခြင်းများလည်းရှိသည်ဟု သိရပါကြောင်း၊

ဟိုတယ်၊ စားသောက်ဆိုင်နှင့် သယ်ယူပို့ဆောင်ရေးယာဉ်များ၏ ဈေးနှုန်းပတ်သက်မှုနှင့် ပတ်သက်၍ ရောင်းသူဝယ်သူနှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုဆောင်ရွက်ခြင်းမျိုးကို ဝန်ကြီးဌာနအနေဖြင့် ကြားဝင်ဆောင်ရွက်ရန်မရှိသော်လည်း ခရီးစဉ်ရောင်းချရာတွင်အမှန်ကုန်ကျစရိတ်ထက် လျော့နည်းသည့်ဈေးနှုန်းဖြင့် ရောင်းချခဲ့ပါက ယှဉ်ပြိုင်မှုဥပဒေနှင့် ငြိစွန်းမည်ဖြစ်ပြီး စီမံခန့်ခွဲရေးနည်းလမ်း အရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ အရေးယူခွင့်ရှိသော သက်ဆိုင်ရာ ဌာနများနှင့် လိုအပ်သည့်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ဟိုတယ်၊ တည်းခို ရိပ်သာ၊ ခရီးလှည့်လှယ်ရေး၊ ဧည့်လမ်းညွှန်စသည့်လုပ်ငန်းများကို လိုင်စင်မရှိဘဲ ဆောင်ရွက်ခဲ့ပါက ခရီးသွားလုပ်ငန်းဥပဒေနှင့် ငြိစွန်းမည်ဖြစ်ပြီး ရဲအရေးပိုင်သော ပြစ်မှုဖြစ်ပါကြောင်း၊ ၎င်းကိစ္စမျိုးများ အတွက် သက်ဆိုင်ရာဒေသအလိုက် ခရီးသွားလုပ်ငန်းစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့များကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း ၁၁ သင်းမှ ပေးအပ်သော ကိုယ်စားလှယ် များ ပါဝင်ဖွဲ့စည်းထားသည့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့များ ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါ အဖွဲ့များ၏ သတင်းပေးပို့ချက်အရ ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်နိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် လိုအပ်သောဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊

ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ရရှိသူသည် လိုင်စင်ပါစည်းကမ်းချက်များကို ဖောက်ဖျက်ပြီး လိုင်စင်မဲ့ဟိုတယ်၊ လိုင်စင်မဲ့တည်းခိုရိပ်သာ၊ လိုင်စင်မဲ့ဧည့်လမ်းညွှန်စသည်များကို အသုံးပြုခြင်း များကိုလည်း သက်ဆိုင်ရာဒေသအလိုက် ခရီးသွားလုပ်ငန်းစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့များ၏ သတင်းပေးပို့ချက်အရ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူရန်လိုအပ်သော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ဇီးရိုဘတ်ဂျက် ခရီးသွားဆိုရာတွင် နိုင်ငံအတွက် လုံးဝအကျိုးမရှိ၊ လုံးဝဝင်ငွေမရှိခြင်းမျိုးမဟုတ်ဘဲ အခြား နိုင်ငံသားများနှင့် နှိုင်းယှဉ်လျှင် တစ်ဦးချင်းသုံးစွဲသည့် ငွေပမာဏလျော့နည်းခြင်းနှင့့် တရားမဝင် လုပ်ငန်းဆောင်ရွက်ခြင်းများ၊ တရားမဝင်ငွေပေးချေခြင်းများကြောင့် နိုင်ငံတော်ကရသင့်ရထိုက်သော အခွန်အခများ လျော့နည်းနေခြင်းသာဖြစ်ပါကြောင်း၊

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် ၄ သန်းကျော် ဝင်ရောက်ခဲ့ပါကြောင်း၊ နောက်ပိုင်း တွင် ရခိုင်ပဋိပက္ခကြောင့် ခရီးသွား ၃ သန်းကျော်အထိ ကျဆင်းခဲ့ပါကြောင်း၊ အဓိကက အနောက် နိုင်ငံက ခရီးသွားများလျော့နည်းသွားသည်ဟု စာရင်းဇယားများအရ သိရပါကြောင်း၊ ၎င်းကို ကုစားရန် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံစသည့်နိုင်ငံများကို ဗီဇာဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပါ ကြောင်း၊ တရုတ်ခရီးသွားသည် ၂၀၁၈ ခုနှစ်က ၂ သိန်းကျော်သာရှိခဲ့ရာက ယခု ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်စာရင်းများအရ ၆ သိန်းကျော်ဝင်ရောက်ခဲ့ပြီးဖြစ်၍ ၂၀၁၉ ခုနှစ်တွင် ၄ သိန်းမက တိုးတက်ရန် ရှိပါကြောင်း၊ ဗီဇာကြေးတစ်ဦး ဒေါ်လာ ၅၀ ဖြင့်တွက်မည်ဆိုပါက မနှစ်ကထက် နိုင်ငံတော်ဘတ်ဂျက်ကို ဒေါ်လာ ၂ သန်း ပိုမို ဝင်ရောက်ခဲ့ပြီးဖြစ်ပါကြောင်း၊

တရုတ်ဘာသာ ဧည့်လမ်းညွှန်ဦးရေသည် National Guide နှင့် Regional Guide ပေါင်းလျှင် ၄၀၀ ကျော်သာ ရှိသေးသည့်အတွက် ဝင်ရောက်သည့်ခရီးသွားပမာဏနှင့်နှိုင်းစာပါက အင်မတန်နည်းပါး သေးသည့်အတွက် ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဧည့်လမ်းညွှန်သင်တန်းများကို တရုတ်ခရီးသည် ဝင်ပေါက်ဒေသများတွင် အရှိန်မြှင့်ဖွင့်လှစ်သင်ကြားပို့ချပေးနေပါကြောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ ခရီးလှည့်လည်ရေး၊ ဧည့်လမ်းညွှန်စသည့် လုပ်ငန်းလိုင်စင်များရယူခြင်းနှင့် သက်တမ်းတိုးခြင်းများ ကိုလည်း မြန်မြန်ဆန်ဆန်ရရှိနိုင်ရန် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီများဖြင့် ညှိနှိုင်း ဆောင်ရွက်ပေးနေပါကြောင်း၊ ရန်ကုန်မြို့၊ နေပြည်တော်၊ မန္တလေးမြို့များတွင် နမူနာကောက်ယူ ခဲ့သည့် စစ်တမ်းများအရ တရုတ်ခရီးသွားများသည် မြန်မာနိုင်ငံအတွင်းတွင် ပျမ်းမျှလေးရက် နေထိုင်ပြီး တစ်ရက်လျှင်ပျမ်းမျှ ၆၅ ဒေါ်လာခန့် သုံးစွဲသည်ဟုသိရသည့်အတွက် တစ်ဦးချင်း ပျမ်းမျှသုံးစွဲမှုသည် ဒေါ်လာ ၂၆၀ ဖြင့်တွက်မည်ဆိုပါက လူဦးရေ လေးသိန်းအတွက် ဒေါ်လာ ၁၀၄ သန်းခန့် ပိုမိုသုံးစွဲသည်ဟု သိရှိရပါကြောင်း၊ အဆိုပါသုံးစွဲမှုများသည် နိုင်ငံသားလုပ်ငန်းရှင်များကို အဓိကအကျိုးရှိစေရန်နှင့် နိုင်ငံတော်အတွက် ထိုက်သင့်သော အခွန်အခများကောက်ခံရရှိရန် ဝန်ကြီးဌာနက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တစ်ဖက်က တစ်ဦးချင်းသုံးစွဲငွေပိုများသော ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်ပြီး Budget Tourism မှ Quality Tourism ဘက်ကို ပြန်လည်ဦးတည်နိုင်ရန် ဥရောပခြောက်နိုင်ငံကို ဗီဇာ ဖြေလျော့မှုများပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားဒေသများကို ပိုမိုသိရှိစေရန် သက်ဆိုင်ရာနိုင်ငံ အလိုက် ဈေးကွက်မြှင့်တင်ရေးအဖွဲ့များ ဖွဲ့စည်းလုပ်ဆောင်ခြင်း ယခုကာလတွင် Package Tour များလျော့နည်းသွားပြီး Independent Traveler များ မြန်မာနိုင်ငံခရီးသွားဒေသများနှင့့် ပတ်သက် သည့် သတင်းအချက်အလက်များကို အလွယ်တကူရရှိနိုင်ရန် Online Digital Promotion များကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း ၁၁ သင်းနှင့် ပူးပေါင်းလုပ်ဆောင် နေပါကြောင်း ဖြေကြားပါသည်။

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်