Skip to main content

 

ယင်းမာပင်ခရိုင်အတွင်း တည်ရှိသည့် အလောင်းတော် ကဿပဘုရား ဂေါပကအဖွဲ့၏ ဘဏ္ဍာနှစ်အလိုက် ရရှိသုံးစွဲခဲ့သည့် ဘဏ္ဍာငွေများ မည်ကဲ့သို့စီမံ ဆောင်ရွက်ထား ရှိကြောင်းနှင့် ဂေါပကအဖွဲ့သစ်ကို လာမည့် ဘုရားပွဲတော် အချိန်မီတရားဝင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်းသည့်မေးခွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်းတွင် တည်ရှိသည့် အလောင်းတော် ကဿပဘုရား ဂေါပကအဖွဲ့၏ ၂၀၁၅-၂၀၁၆ ခုနှစ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အလိုက် ရရှိသုံးစွဲခဲ့သည့် ဘဏ္ဍာငွေများ မည်ကဲ့သို့ ဆောင်ရွက်ထားရှိကြောင်းနှင့် ဂေါပကအဖွဲ့ငွေကြေး ပြသနာအခြေအနေများကို အများပြည်သူ သိရှိလိုခြင်းနှင့် အလောင်းတော် ကဿပဘုရား ဂေါပကအဖွဲ့သစ်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးကြီးကြပ်လျက် လာမည့်ဘုရားပွဲတော် အချိန်မီတရားဝင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊

အလောင်းတော်က ဿပဘုရားပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလမှ ဧပြီလခန့်အထိ လေးလခန့်ကြာသည့်တိုင်အောင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများအပြင် ပြည်ပမှခရီးသွား ဧည့်သည်များပါမကျန် အလွန်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဘုရားဖူးများထံမှ အလှူငွေများနှင့် ဂေါပက ကောက်ခံရရှိငွေများမှ နှစ်စဉ်ကျပ်သိန်းပေါင်း ထောင်ချီ၍ သောင်းချီ၍ ရှိကြောင်းကို သိရှိရပါကြောင်း၊ စနစ်တကျ ဖွဲ့စည်းထားသည့် ဂေါပကအဖွဲ့ မရှိသည့်အတွက် တိကျမှန်ကန်သည့် ငွေစာရင်း၊ ပြေစာ၊ ရငွေ၊ သုံးငွေများ စနစ်ကျနစွာ ထားရှိမှု မရှိသည့်အတွက် နှစ်စဉ် ဘုရားဂေါပက ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးလျက်ရှိကြောင်းကို သိရှိရပါကြောင်း၊ အလောင်းတော် ကဿပဘုရား ဂေါပကအဖွဲ့ကို ၂၀၁၆-၂၀၁၇ ခုနှစ် တစ်နှစ်သာ မဲစနစ်နှင့် ရွေးချယ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ဂေါပကအဖွဲ့များကို စနစ်တကျ အများမဲဆန္ဒဖြင့် ရွေးချယ်ခြင်း မရှိကြောင်း သိရှိရပါကြောင်း၊ ထိုသို့ ၂၀၁၅-၂၀၁၆ ခုနှစ်၊၂၀၁၆-၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်များတွင် စနစ်တကျရွေးချယ် တင်မြှောက်ထားခြင်း မရှိသည့် ဂေါပကအဖွဲ့များ၏ ငွေကြေးစီမံခန့်ခွဲမှုနှင့် စာရင်းဇယားများ စနစ်ကျနစွာ လုပ်ဆောင်မှု မရှိခြင်းတို့ကြောင့် ဘဏ္ဍာနှစ်အလိုက် ဂေါပကအဖွဲ့များအနေဖြင့် ငွေစာရင်းများ ရှင်းလင်းနိုင်မှု မရှိကြောင်းနှင့် နှစ်အလိုက်ဂေါပကငွေများ ကျပ်သိန်းပေါင်းထောင် သောင်းချီ၍ ပေးသွင်းရန်ပေါ်ပေါက်နေကြောင်းကို သိရှိရပါကြောင်း၊

ဘုရားဂေါပကငွေများ ပေးသွင်းရန် ပျက်ကွက်နေသည့်အတွက် တာဝန်ရှိသူ ဂေါပကများကို အရေးယူပေးရန် အဂတိ လိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ ရောက်ရှိနေကြောင်းကို သိရှိရပါကြောင်း၊ အလောင်းတော် ကဿပဘုရား ဂေါပကအဖွဲ့၏ ၂၀၁၅-၂၀၁၆ ခုနှစ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်အလိုက် ဂေါပကထံ သက်ဆိုင်ရာ ဂေါပကအဖွဲ့များမှ ပေးသွင်းရန် ငွေကြေးများနှင့်ပတ်သက်၍ စာရင်းစစ်အဖွဲ့မှ စစ်ဆေးဖော်ထုတ်ပြီးနောက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နောက်ဆုံး ထားပေးသွင်းရန် အကြောင်းကြားထားသော်လည်း သက်ဆိုင်ရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ပေးသွင်းခြင်း မရှိသေးကြောင်းကို သိရှိရပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက်မှု စာရင်းစစ်မှ စာရင်းစစ်ဆေးရန်ပင် ခက်ခဲနေသဖြင့် ဂေါပကအဖွဲ့ထံ ပေးသွင်းရန် တာဝန်ရှိသူကိုပင် ဖော်ထုတ်ခြင်း မပြုရသေးကြောင်းကို သိရှိရပါကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်တွင် အလောင်းတော် ကဿပ ဘုရားဂေါပကဝင်များ နစ်နာဆုံးရှုံးလျက် ရှိကြောင်း၊ မြန်မာပြည် တန်ခိုးကြီးဘုရားများ ဖြစ်သည့် ရွှေစက်တော် ဂေါပကအဖွဲ့၊ ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့တို့ကဲ့သို့ သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲ၍ စနစ်တကျဖွဲ့စည်း ဆောင်ရွက်သည်ကို နမူနာယူသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ ကိုယ်စား ဘုရားဂေါပက၏ ၂၀၁၅-၂၀၁၆ ခုနှစ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အလိုက် ရရှိသုံးစွဲသည့် ဘဏ္ဍာငွေကြေးများ မည်ကဲ့သို့ စီမံဆောင်ရွက်ထားကြောင်းနှင့် နှစ်အလိုက် ဂေါပကအဖွဲ့များ၏ ငွေကြေးပြသနာ အခြေအနေများကို ပြည်သူများ သိရှိနိုင်ရန် ချပြပြီး အလောင်းတော် ကဿပဘုရား ဂေါပက အဖွဲ့အသစ်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးကြီးကြပ်လျက် လာမည့် ဘုရား ပွဲတော်အချိန်မီ စနစ်တကျ ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။


 

 

နိုင်ငံတော်သံဃနာယမှ အဖွဲ့ကထုတ်ပြန်ထားသည့် ညွှန်ကြားလွှာအမှတ်(၃၆)၊ အပိုဒ်(၁) တွင် စေတီပုထိုးများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဖော်ပြထား ရှိပါကြောင်း-အာဏာပိုင် အဖွဲ့အစည်းများက ကြီးကြပ်၍ ဂေါပကစည်းမျဉ်း ဥပဒေများကို ရေးဆွဲပြီး စနစ်တကျ ဖွဲ့စည်းထားသည့် ဂေါပကများဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားသည့် စေတီပုထိုးများ၊ ဒုတိယအချက်သည် အာဏာပိုင်အဖွဲ့အစည်းများက ကြီးကြပ်မှု မရှိသည့်အတွက် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် တာဝန်ရှိသည်ဟု နှလုံးသွင်းပြီး စေတီပုထိုးများ၊ ရုပ်ပွားတော်များကို မွမ်းမံ ထိန်းသိမ်းရမည့် ဝတ္တရားအရ စေတနာသဒ္ဓါရှင်များက စုပေါင်းပြီး ဖွဲ့စည်းထားသည့် ဂေါပကများဖြင့် ထိန်းသိမ်း စောင့်ရှောက်ထားသည့် စေတီပုထိုးများ၊ တတိယ အချက်သည် အာဏာပိုင် အဖွဲ့အစည်းများက ကြီးကြပ်မှု မရှိသည့်အတွက် စေတနာသဒ္ဓါ တရားသက်သက် မဟုတ်ဘဲ စေတီပုထိုးများ၊ ရုပ်ပွားတော်များကို ဗန်းပြပြီး စီးပွားရှာနေသည့် စီးပွားရေး ဂေါပကအဖွဲ့များဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားသည့် စေတီပုထိုးများဟု ဖော်ပြထား ရှိပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ရှိ အလောင်းတော် ကဿပဘုရား ဂေါပကအဖွဲ့ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက ၁၉၆၃ ခုနှစ်၊ အများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဃ)ဖြင့် အပ်နှင်းထားသော အာဏာကို သုံးစွဲလျက် အများနှင့် သက်ဆိုင်သော ပစ္စည်းများတွင် အကျုံးဝင်သည့် ပုဒ်မခွဲ (၄)ပါ အခြားအဖွဲ့အစည်း တစ်ခုခုတွင် ပါဝင်ကြောင်း ၂၅-၂-၁၉၉၂ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ထုတ်ပြန်ထားရှိခဲ့ပြီး ဖြစ်ပါကြောင်း၊

အလောင်းတော် ကဿပဘုရားသည် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့က ထုတ်ပြန်ထား သည့် ညွှန်ကြားလွှာအမှတ်(၃၆)၊ အပိုဒ် ၁ အပိုဒ်ခွဲ(က)အရ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှု အောက်တွင်ရှိပြီး ဘုရားဂေါပကများအနေဖြင့် ဘုရားဘဏ္ဍာငွေများ အလွဲသုံးစားပြုလုပ် ကြောင်း ပေါ်ပေါက်ပါက ပြည်ထဲရေးနဲ့  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၂၅-၂-၁၉၉၂ ခုနှစ်ရက်စွဲတွင် ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအရ ဂေါပကကို အများနှင့်သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ ဖြင့် အရေးယူနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

ဘုရားအလှူငွေများနှင့် စပ်လျဉ်း၍ နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော်ကာလတွင် ဖိုဝင်တောင် ပုပ္ပားသာသနာပြုကျော င်းတိုက်၌ ယင်းမာပင်၊ ဆားလင်းကြီး၊ သလဲနှင့် ကနီမြို့နယ်များမှ နာယကဆရာတော်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များကို ဖိတ်ကြား၍ နှစ်ပတ်လည်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ပြီး ငွေစာရင်းရှင်းတမ်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဂေါပကအဖွဲ့ ဖွဲ့စည်းရာတွင် ယင်းမာပင်ခရိုင်အတွင်းရှိ လေးမြို့နယ်မှ တစ်မြို့နယ်လျှင် ဂေါပက အဖွဲ့ဝင် လေးဦးစီဖြင့် ဂေါပကအဖွဲ့ဝင် ၁၆ ဦးကို တာဝန်ပေး ဆောင်ရွက်ခဲ့ပြီး တစ်မြို့နယ်လျှင် ဥက္ကဋ္ဌတာဝန်ကို ၂ နှစ်ဆီ အလှည့်ကျစနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ ကနီမြို့နယ်တွင် နေထိုင်သူ ဦးအောင်ဝင်းဦးက ငွေကြေးအလွဲသုံးစား ပြုလုပ်သည့် လက်ရှိ လေးမြို့နယ် ဂေါပကအဖွဲ့ကို အရေးယူပေးရန် ၁၁-၂-၂၀၁၉ ရက်စွဲ့ပါစာဖြင့် တိုင်ကြားမှုအပေါ် ဂေါပကအဖွဲ့၏ ၂၀၁၅-၂၀၁၆ ခုနှစ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ ဘဏ္ဍာရေးနှစ် အလိုက် ရရှိသုံးစွဲခဲ့သည့် ဘဏ္ဍာငွေ များနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ ၇-၅-၂၀၁၉ ရက်စွဲပါစာဖြင့် အဖွဲ့ဝင် ခြောက်ဦး ပါသော စုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းစစ်ဆေး ဆောင်ရွက် ခဲ့ပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ ၂၀၁၅-၂၀၁၆ ခုနှစ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်၊ ၂၀၁၈-၂၀၁၉ ခုနှစ်များတွင် ငွေစာရင်းများနှင့်စပ်လျဉ်း၍ ငွေကြေး ရရှိမှုအပေါ် ပြည့်စုံမှန်ကန်စွာ တင်ပြနိုင်ခြင်း မရှိဘဲ ငွေကြေးကိုင်တွယ် သုံးစွဲသူ တာဝန်ရှိသူ ပုဂ္ဂိုလ်များအား ငွေကြေး ကွာခြားချက်များအပေါ် ပြေလည်သည်အထိ တာဝန်ခံ ဖြေရှင်းရန်နှင့် ဖြေရှင်းနိုင်ခြင်း မရှိပါက ဥပဒေနှင့်အညီ အရေးယူနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းကို သိရှိ ရပါကြောင်း၊

သို့ပါ၍ အလောင်းတော် ကဿဖဂေါပက အဖွဲ့သစ်ကို ဘုရားပွဲတော်အချိန်မီ အသစ်ပြန်လည် တရားဝင် ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ သံဃာ့နာယက ဆရာတော်များ၏ ဩဝါဒနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ကွပ်ကဲစီစဉ် ဆောင်ရွက် ရှင်းလင်းတင်ပြ အပ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း