Skip to main content

 

ဒဂုံမြို့သစ်(မြောက်ပိုင်း) ၃၆ ရပ်ကွက်တွင် ယာဉ်ထိန်းသင်တန်းကျောင်းရှိပြီး ၎င်းသင်တန်း ကျောင်းကို လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ဆောက်ပြီး ဆိုင်ခန်းပေါင်း ၆၈ ခန်းကို စပေါ်အပျောက်ဖြင့် ရောင်းခဲ့ပါကြောင်း၊ လခလည်းကောက်ခဲ့ပြီး လွှဲပြောင်းရောင်းချခွင့်လည်း ပေးပါကြောင်း၊ ၎င်းဆိုင်ခန်းများသည် ကျူးကျော်ဆိုင်ခန်းများမဟုတ်ပါကြောင်း၊ တရားဝင် စာချုပ်စာတမ်းဖြင့် ရောင်းချထားသောကြောင့် တစ်ယောက်နှင့်တစ်ယောက်လည်း လက်လွှဲရောင်းချခြင်းကို အသိအမှတ်ပြုပါကြောင်း၊ သင်တန်းကျောင်းတွင်ရှိသည် စာသင်ခန်း ၆၈ ခန်း ကို ဖယ်ရှားရန် စီစဉ်ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ပြီးခဲ့သည့် တစ်ရက်၊ နှစ်ရက်အတွင်းက သင်တန်းကျောင်းကို စာပို့ပြီး ဆိုင်ခန်းများကိုလည်း စာပို့ပါကြောင်း၊ ပထမအကြိမ် နောက်ဆုံးဖယ်ရှားပေးရန် ပထမအကြိမ် သတိပေးခြင်းဆိုသည့် စာပို့ပါကြောင်း၊ ဌာနဆိုင်ရာတရားဝင်ရောင်းသည့်အတွက် တရားဝင်ဝယ်ကြပါကြောင်း၊ ယခုအခါ ဖယ်ရှားပေး ရမည်ဆိုသော်ကြောင့် ဝယ်ယူသူတွင် များစွာနစ်နာနေပါကြောင်း၊ထို့ကြောင့် မိသားစု အမြောက်အမြား မှီခိုစားသောက်နေသည့် ၎င်းဆိုင်ခန်းများကို ဖယ်ရှားသည့်ကိစ္စကို ဝယ်ယူသူများအတွက် နစ်နာမှုမရှိစေရန်  မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။       

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၇၅၈/၁)သန္တာလမ်း အမှတ် ၃၆ ရပ်ကွက်တွင်တည်ရှိသည့် သီရိမြိုင်ယာဉ်ထိန်းသင်တန်းကျောင်းသည် ယခင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲစခန်းအဖြစ် ဆောက်လုပ်ရန် သတ်မှတ်ထားသည့်နေရာဖြစ်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရဲစခန်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း) ၅ ရပ်ကွက်တွင် ရွှေ့ပြောင်း ဆောက်လုပ်ခဲ့သဖြင့် အဆိုပါမြေနေရာတွင် ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ သင်တန်းကျောင်းအဖြစ် ကန်ထရိုက်စနစ်ဖြင့် ၉-၁-၂၀၀၃ ရက်နေ့တွင် စတင်ဆောက်လုပ် ခဲ့ရာ ၂၆-၁၀-၂၀၀၃  ရက်နေ့တွင် ဆောက်လုပ်ပြီးစီး၍ သင်တန်းကျောင်းဖွင့်လှစ်ခဲ့ပါကြောင်း၊  သင်တန်းကျောင်းဆောက်လုပ်စဉ် သမိန်ဗရမ်းလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းအား မျက်နှာမူ၍ ဆိုင်ခန်း ၁၀၄ ခန်း ဆောက်လုပ်ခဲ့ရာ ၃၆ ခန်းအား တပ်ဖွဲ့ဝင်များနေထိုင်ရန် နေရာချထားပေးခဲ့ပြီး               ၆၈ ခန်းအား တစ်ခန်းလျှင် ငွေကျပ်သိန်း ၂၀ စပေါ်ပျောက်နှင့် ငှားရမ်းခ တစ်လ ၃၀၀၀ ကျပ်နှုန်းတို့ဖြင့် ဆိုင်ခန်း များ ဆောက်လုပ်သူကန်ထရိုက် ဦးမောင်မောင်စိန်မှ ရဲတပ်ဖွဲ့ကိုယ်စား စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ခြင်း ဖြစ်ပြီး စာချုပ်ပေါ်တွင် မြေနှင့် အဆောက်အဦပိုင်ရှင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ဖော်ပြထားရှိပါ ကြောင်း၊

စာချုပ်ပါစည်းကမ်းအပိုဒ်(ဇ)တွင် နိုင်ငံတော်မှ လုပ်ငန်းလိုအပ်ချက်အရ ဖယ်ရှားရမည်ဖြစ်ပါ က ဖယ်ရှားပေးရမည်ဟု ပါရှိသည့်အပြင် ၂၀၁၃ ခုနှစ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအသစ် ပြောင်းလဲရေးဆွဲပြီးချိန်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆိုင်ခန်းငှားရမ်းခွင့်များ၊ ငှားရမ်းခငွေများအား ကောက်ခံခြင်းမရှိတောသည်ကို သိရှိရပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့တွင်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ဖွဲ့ပိုင်မြေများတွင်ရှိသည့် သက်သာဆိုင်ခန်းများသည်  များသောအားဖြင့် တပ်ဖွဲ့ပိုင်မြေများ၏ မျက်နှာစာများတွင် နေရာယူ၍ တည်ဆောက်ထားသဖြင့် ပြည်သူများမှ ရဲစခန်းအပါအဝင် တပ်ဖွဲ့ဝင်အဆောက်အအုံများကို အလွယ်တကူမတွေ့ရှိခြင်းကြောင့် တပ်ဖွဲ့နှင့်ဆက်သွယ်မှုအပိုင်းအားနည်းလာခြင်း၊ သက်သာဆိုင်ခန်းများတွင် အရပ်သားများ အခြေချနေထိုင်၍ တပ်ဖွဲ့မှလုံခြုံရေးအရ ဆောင်ရွက်ရာတွင် အထိုက်အလျောက် အဟန့်အတား အခက်အခဲများဖြစ်ပေါ်ခြင်း၊ သတင်းပေါက်ပြားမှုများ ရှိနိုင်သည့်အပြင် တပ်ဖွဲ့တိုးချဲ့ ဖွဲ့စည်းရန် လိုအပ်သည့်အဆောက်အဦများ ဆောက်လုပ်ရေးအတွက် မြေနေရာများလိုအပ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တပ်ဖွဲ့ပိုင်မြေများပေါ်ရှိ သက်သာဆိုင်ခန်းများအားလုံးကို ဖယ်ရှား ရှင်းလင်းပြစ်ရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊

ထိုသို ဖယ်ရှားရှင်းလင်းရာတွင် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များနှင့် ချုပ်ဆိုထားသော စာချုပ်ပါ စည်းကမ်းများကို စိစစ်၍လည်းကောင်း၊ စာချုပ်သက်တမ်းတို့အပေါ်တွင် အခြေခံ၍ လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သီရိမြိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့သင်တန်ကျောင်းရှိ အငှားချထားသော ဆိုင်ခန်း ၆၈ ခန်းအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဖယ်ရှားရှင်းလင်းနိုင်ရေး အတွက် ဆိုင်ခန်းများအား ဖယ်ရှားရှင်းလင်းရေးကော်မတီက ဆိုင်ခန်းပိုင်ရှင်များအား ၁၅-၉-၂၀၁၉ ရက်နေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့သင်တန်းကျောင်းခန်းမတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၃၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်လည်းကောင်း၊ ၉-၁၀-၂၀၁၉ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာခင်မောင်မောင်အပါအဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် လည်းကောင်းတွေ့ဆုံ၍ ဆိုင်ခန်းများ၏ ရာဇဝင်နှင့် ဆက်လက်၍ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊

သို့ပါ၍ သီရိမြိုင်ယာဉ်ထိန်းသင်တန်းကျောင်း သက်သာဆိုင်ခန်းများသည် စတင်ငှားချထား သည့် စာချုပ်ပါစည်းကမ်းများဖောက်ဖျက်ခြင်း၊ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစ္စာနှင်ထုတ်ခြင်း အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(က)နှင့် (င)တို့၏အချက်ကို ဖောက်ဖျက်ကျူးလွန် ခြင်း၊ ၂၀၁၃ ခုနှစ်မှစ၍ ဆိုင်ခန်းငှားရမ်းခများအား ကောက်ခံမှုမရှိခြင်း၊ လက်ရှိတပ်ဖွဲ့ဝင်ဦးရေနှင့် နေအိမ်လိုင်းခန်းများလုံလောက်မှုမရှိခြင်း၊ ဖွဲ့စည်းပုံအရ ထပ်မံဖြည့်သွင်းရမည့် တပ်ဖွဲ့ဝင်များ အတွက် ရုံးနှင့်ဝန်ထမ်းအင်အားများ‌ ဆောက်လုပ်ပေးရန် မြေနေရာလိုအပ်ခြင်းတို့ကြောင့် သီရိမြိုင် ယာဉ်ထိန်းသင်တန်းကျောင်းရှိ သက်သာဆိုင်ခန်းများကို ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစ္စာနှင်ထုတ်ခြင်း အက်ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားခြင်းဖြစ်ပါကြောင်းနှင့် ဖယ်ရှားရှင်းလင်းခံသူများအား တစ်စုံ တစ်ရာဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားပါသည်။

    ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ