Skip to main content

 

စေတုတ္တရာမြို့နယ်ကို ဖွံ့ဖြိုးရေးလုပ်ငန်းများ ဦးစားပေးဖော်ဆောင်ပေးရန် ‌မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊ စေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီး၏ အနောက်ဘက်အစွန်းတွင် ရှိပြီး ရခိုင်ရိုးမ၏ အရှေ့ဘက်အခြေ ချင်းတောင်၏ အရှေ့တောင်ဖျားတွင် တည်ရှိသည့် တောတောင် ထူထပ်လာသည့် ဒေသဖြစ်ကြောင်း၊ တောတောင်များကြားတွင် မုန်းချောင်း၊ ဆီမီးချောင်း၊ ထီးချောင်း၊ ကျီးချောင်း စသည့် ချောင်းမြောင်းများ စီးဆင်းနေပြီး သွားလားရေး ခက်ခဲသည့် ဒေသဖြစ်ပါကြောင်း၊

          စေတုတ္တရာမြို့နယ် ရွာပေါင်း ၁၁၅ ရွာ ရှိသည့် အနက် ရွာပေါင်း ၆၀ ကျော်သည် မိုးတွင်းအချိန်တွင် သွားလာရေး အလွန်ခက်ခဲ့ပြီး ပွင့်လင်းရာသီအချိန်တွင် မြေသားလမ်း ကောင်းကောင်း မပေါက်သည့် ချောင်းတစ်တန်၊ မြောင်းတစ်တန်၊ တောတောင်၊ လျှိုမြောင် အထပ်ထပ်ကြားတွင် သွားရသည့် နေရာများဖြစ်ကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် နိမ့်ပါးဆင်းရဲ လှပါကြောင်း၊ တောင်ကုန်း၊ တောင်တန်း ထူထပ်ပြီး မြေပြန့်နည်းပါးသည့်အတွက် စိုက်ပျိုးမြေ နည်းပါးပြီး ယခင်က ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်၍ တောတောင်ကို အမှီပြု၍ အသက်မွေးခဲ့ကြပါကြောင်း၊ ယခုအခါတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန်၊ တောတောင် မပြုန်းတီးစေရန် ကြပ်မတ်လာသည့်အတွက် စားဝတ်နေရေးများ ခက်ခဲလာပါကြောင်း၊ နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် တာမံကြီးတစ်ခု တည်ဆောက်ခဲ့သည့်အတွက် ရွာပေါင်း ၃၃ ရွာ၊ လယ်ယာ၊ ဥယျာဉ်ခြံမြေ ဧက ၈၀၀၀ ကျော် နစ်မြုပ်ခဲ့ပြီး လုပ်ကိုင်စားသောက်ရာမဲ့ အတိဒုက္ခရောက်နေကြကြောင်း၊ ထို့ပြင် ကပစ(၂၀)နှင့် ကပစ(၂၅) တပ်သိမ်းမြေတွင် ပါဝင်ခဲ့သည့် ဒေသခံများသည် စားဝတ်နေရေး ဒုက္ခရောက် ကြပါကြောင်း၊ ၂၀၁၅ ခုနှစ် ရေဘေးတွင် စိုက်ပျိုးမြေဧက ၁၂၀၀ ကျော် ထပ်မံပျက်စီးခဲ့သည့် အတွက် ယခုအခါတွင် လူဦးရေ ၄၅၀၀၀ ဦးရှိသည့် စေတုတ္တရာမြို့နယ်တွင် လယ် ၅၆၃၂ ဧက၊ ယာ ၁၂၇၆၇ ဧက၊ တောင်ယာ ၁၁၄၄ ဧက၊ ဥယျာဉ် ၃၅ ဧက စုစုပေါင်း စိုက်ဧက ၁၉၅၇၈ ဧကသာ ရှိပါကြောင်း၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံကြီးနှစ်ရုံရှိသော်လည်း ရွာပေါင်း ၁၁၅ ရွာတွင် ငါးရွာသာ လျှပ်စစ်မီး လင်းနိုင်ပါကြောင်း၊ လက်ရှိအချိန်တွင် ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသ‌များကို ဖွံ့ဖြိုးရေး လုပ်ငန်းများ ဦးစားပေး ဖော်ဆောင်နေသော်လည်း စေတုတ္တရာမြို့နယ်သည် ထူးဆန်းစွာ ကျန်နေခဲ့ပါကြောင်း၊ ဥပမာ-ADB ချေးငွေ US ဒေါ်လာ ၅၁.၂ သန်းနှင့် ကျေးလက်လမ်း စီမံကိန်း အကောင်အထည်ဖော်ရာတွင် မပါကြောင်း၊ World Bank ၏ IDA ချေးငွေ US ဒေါ်လာ သန်း ၁၀၀ ဖြင့် လူတိုင်းအကျုံးဝင်၊ အရည်အသွေးမီ ပညာရေး စီမံကိန်းကို ကျောင်းပေါင်း ၁၈၀၀၀ ကျော် ဖော်ဆောင်ရာတွင် ကျန်ရစ်ခဲ့ကြောင်း၊ ADB ချေးငွေဖြင့် US ဒေါ်လာ ၁၈၅ သန်းနှင့် လူထုဖွံ့ဖြိုးရေး စီမံကိန်းများ ဖော်ဆောင်ရာတွင် ကျန်ရစ်ကြောင်း၊ ကိုရီးယားနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်သည့် စံပြကျေးရွာ စီမံကိန်းကဲ့သို့ စီမံကိန်းများ ဖော်ဆောင်ရာတွင် ကျန်ရစ်ကြောင်း စသဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် မကွေးတိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှု အနည်းဆုံး၊ အဆင်းရဲဆုံး၊ အခက်ခဲဆုံးနှင့် အနစ်နာဆုံး စေတုတ္တရာမြို့သည် ကျန်နေရစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝေးလံခေါင်သီ ချင်းတိုင်းရင်းသားများ အများဆုံး နေထိုင်သည့် ဒေသဖြစ်သော်လည်း အခြားတိုင်းရင်းသားဒေသများ ကဲ့သို့ နတလ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ မရရှိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မေးမြန်းလိုသည့် မေးခွန်းသည် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်သည် လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဘက်ဘက်မှ နိမ့်ပါး ဆင်းရဲခက်ခဲပါသဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေး ထည့်သွင်းပေးပါရန် အစီအစဉ် ရှိ/မရှိသိ ရှိလိုတဲ့ အတွက် မေးမြန်းပါသည်။


 

​​​​​​​စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

မကွေးတိုင်းဒေသကြီး၊ ‌စေတုတ္တရာမဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်၏ စေတုတ္တရာမြို့နယ်သည် လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး အဘက်ဘက်မှ နိမ့်ပါးဆင်းရဲ ခက်ခဲပါသဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေး ထည့်သွင်း ပေးပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ပေးအပ်ချက်အရ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ရှင်းလင်းဖြေကြားမည် ဖြစ်ပါကြောင်း၊

နိုင်ငံတော်တွင် စီမံကိန်းများ အားလုံး၏ မူဘောင်အဖြစ် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း Myanmar Sustainable Development Plan(MSDP) ၂၀၁၈-၂၀၃၀ ကို ရေးဆွဲထားရှိပြီး အဆိုပါ စီမံကိန်းနှင့် ချိတ်ဆက်ပြီး လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ MSDP သည် ကဏ္ဍအလိုက် စီမံကိန်းများ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှု စီမံကိန်းများနှင့် ဒေသဆိုင်ရာ ဗျူဟာမြောက် စီမံကိန်းများနှင့် ချိတ်ဆက်ထားသည့် စီမံကိန်း မူဘောင်ကြီးဖြစ်ပါကြောင်း၊

နိုင်ငံတော်၏ ရငွေအရင်းအမြစ်များသည် အကန့်အသတ်နှင့် ရှိသည့်အတွက် အဆိုပါ အရင်းအမြစ်များဖြင့် တစ်နိုင်ငံလုံး၏ လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက် ရာတွင် ဦးစားပေး လိုအပ်ချက်အလိုက် စီမံကိန်းများ ရွေးချယ်ခြင်းနှင့် အကောင်အထည် ဖော်ခြင်းများကို ဆောင်ရွက်ရပါကြောင်း၊ မြို့နယ်များ၏ လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန်အတွက် မြို့နယ် စီမံကိန်းများ ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီများကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီများက မြို့နယ်၏ လိုအပ်ချက်များကို ဆွေးနွေးခြင်း၊ ယင်းတို့အနက်မှ ဦးစားပေး အဆိုပြုချက်များကို ရွေးချယ်ပြီး သက်ဆိုင်ရာ ဒေသန္တရာ စီမံကိန်းများတွင် ထည့်သွင်းခြင်းနှင့် အမျိုးသား စီမံကိန်း လျာထားချက်များတွင် ထည့်သွင်းခြင်းတို့ကို ကျင့်သုံးဆောင်ရွက်လျက် ရှိပါကြောင်း၊

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြမှုများ အပါအဝင် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေ၊ တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေတို့ဖြင့် လမ်းဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုး ရေးဦးစီးဌာန၊ လမ်းအထူး(၁၁)မင်းဘူးတို့မှ မိမိတို့ဌာနနှင့်သက်ဆိုင်သည့် လမ်းပိုင်းများ အလိုက် လမ်း၊ တံတားများ ပြုပြင်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ တံတား တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျန်းမာရေး ကဏ္ဍတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေး ဦးစီးဌာနအနေဖြင့် လေးခန်းတွဲ နှစ်ထပ်၊ ရှစ်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးခြင်း၊ မြို့နယ် ပြည်သူ့ဆေးရုံများတွင် လူနာစောင့် တည်းခိုဆောင် အဆောက်အဦ တစ်ခု တည်ဆောက်ပေးခြင်း၊ ဆေးရုံ ဓာတ်မှန်ဆောင် တိုးချဲ့ပြင်ဆင် တည်ဆောက်ပေးခြင်း၊ ဓာတ်ခွဲခန်း ပြုပြင်ခြင်း၊ မကွေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ ဒုန်ချောင်း၊ မွန်ဇော်၊ ကူတော် ကျေးလက် ကျန်းမာရေးဌာနခွဲများတွင် နှစ်ခန်းတွဲ ရေလောင်းအိမ်သာများ ဆောက်လုပ် ပေးခြင်း၊ ဇီးဖြူကုန်းကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ခွင့် ရရှိခြင်း၊ အုံးဝါး၊ တပွင့်၊ လုံးကြီး၊ စင်းချောင်း၊ ညောင်ကုန်း ကျေးလက် ကျန်းမာရေးဌာနများတွင် ဆိုလာ မီးလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ချီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦ၊ စင်းချောင်းကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အဦနဲ့ စင်းချောင်း ကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အဦများ ဆောက်လုပ်ခွင့်ရရှိရန် တင်ပြပါရှိပြီး ဖြစ်ပါကြောင်း၊

ပညာရေးကဏ္ဍတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောင်အဆင့်တိုး  ၄၆ ကျောင်း ဆောင်ရွက်ပေးခြင်း၊ အန္တရာယ်ရှိ စာသင်ဆောင် ကိုးဆောင်ကို ဖျက်သိမ်းပြီး အသစ် ဆောက်လုပ်ပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စေတုတ္တရာမြို့နယ်တွင် ကျေးရွာပေါင်း ၁၁၃ ရွာရှိသည့် အနက် ရှိန်၊ ကင်းမွန်ခြုံ၊ ရွှေချောင်း၊ အင်းပတ်ကျင်း၊ နဘဲကုန်း၊ ဇီးဖြူကုန်းကျေးရွာ ခြောက်ရွာများတွင် အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း အနီးပတ်ဝန်းကျင် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားစေလျက် ရှိပါကြောင်း၊ အဆိုပါ ကျေးရွာများမှ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်ခွင့် ရရှိရေး တင်ပြလာမှုများ ရှိပါက အထက်ဌာန အဆင့်ဆင့်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ  တင်ပြ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊

စီးပွားရေး ကဏ္ဍဖွံ့ဖြိုးမှု အနေဖြင့် စိုက်ပျိုးရေးဌာနမှ စိုက်ပျိုးရေး နည်းပညာများ အသိပညာ ပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေခြင်း၊ သဘာဝဘေးကြောင့် ပျက်စီးသည့် စိုက်ပျိုးသီးနှံများ အတွက် သီးနှံထောက်ပံ့ကြေးများ ထုတ်ပေးခြင်း၊ ဓာတ်မြေဩဇာများ ထောက်ပံ့ပေးခြင်း၊ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှလည်း စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ မြစိမ်းရောင် ချေးငွေများ ထုတ်ချေးပေးခြင်း၊ သမဝါယမဦးစီးဌာနမှ ကျေးရွာနေ ပြည်သူများသို့ အသေးစား ချေးငွေများ ထုတ်ချေးပေးခြင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ စိုက်ပျိုးမြေ ရရှိရေးအတွက် မြေလွတ်၊ မြေရိုင်းများ လျှောက်ထားနိုင်ရေးအတွက် အသိပညာ ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် လျှောက်ထားလာမှုများ ရှိပါကလည်း ခွင့်ပြုချက် ရရှိရေး အထက်ဌာနအဆင့်ဆင့်ကို တင်ပြ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြို့နယ်သစ်တော ဦးစီးဌာနမှလည်း ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သည့် သစ်တောစိုက်ခင်းများ လျှောက်ထား လိုသူများရှိပါက လျှောက်ထားနိုင်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး လျှောက်ထားလာမှုများ ရှိပါက ခွင့်ပြုချက် ရရှိရေး အထက်ဌာန အဆင့်ဆင့်ကို တင်ပြ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စပ်လျဉ်းပြီး လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ပေါင်းစပ် ညှိနှိုင်းပြီး စီမံကိန်း လုပ်ငန်းများ တင်ပြ တောင်းခံ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့် ရရှိရေးအတွက် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီမှ စီမံကိန်း ကိန်းဂဏန်းများ ရေးဆွဲရာတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပါဝင်ရေးအတွက် မြို့မိမြို့ဖများ၊ ‌ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာများရှိ လူမှုရေး အသင်းအဖွဲ့များနှင့် ညှိနှိုင်းပြီး စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့ကြောင့် ဒေသန္တရ ဖွံ့ဖြိုးရေး စီမံကိန်းများကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း မဟာဗျူဟာများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိ ပါကြောင်းနှင့် နိုင်ငံတော်အနေဖြင့် ဒေသ၊ ကဏ္ဍနှင့် နိုင်ငံတစ်ဝန်း လွှမ်းခြုံပြီး ထည့်သွင်း စဉ်းစား ဆောင်ရွက်နေသည့်အတွက် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို ဦးစားပေးအလိုက်  လျာထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။

 

ဦးကျော်အောင်လွင် (စေတုတ္တရာ မဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

 ပြည့်စုံစွာ ဖြေကြား‌ပေးသည့်အတွက် ဒုတိယဝန်ကြီးကို အထူး ကျေးဇူးတင်ပါကြောင်း၊ မိမိအနေဖြင့် တစ်ဆက်တစ်စပ် မေးမြန်းလိုသည့် မေးခွန်းသည် မိမိတို့ စေတုတ္တရာဒေသသည် မိမိ တင်ပြခဲ့သည့်အတိုင်း တာမံကြီး နှစ်ခုကြောင့် လယ်ယာ၊ ဥယျာဉ်ခြံမြေ များစွာ နစ်မြုပ် ပျက်စီးခဲ့ကြောင်း၊ အဓိက တောသူတောင်သားများသည် စိုက်ပျိုးလုပ်ကိုင်မှု မြေနေရာ အရေးကြီးလှပါကြောင်း၊ ထို့ကြောင့် မိမိတို့ မြို့နယ် စီမံကိန်းအနေဖြင့် စိုက်မြေ၊ ပျိုးမြေအသစ်များ ဖော်ထုတ်ပေးရန်၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို လယ်ယာမြေများ ဖော်ထုတ်ပေးရန် တင်ပြထားခြင်း ရှိပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေ နည်းပါးလှသည့် မိမိတို့ မြို့နယ်အတွက် တင်ပြထားသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း‌များကို စိုက်ပျိုးမြေများ တစ်ဆက်တစ်စပ် ဖော်ထုတ်ပေးရန် အစီအစဉ်ကို ဆောင်ရွက်ပေးရန် ရှိ/မရှိ တစ်ဆက်တစ်စပ် မိမိအနေဖြင့် မေးမြန်းလိုပါကြောင်း၊

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

 လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တစ်ဆက်တစ်စပ်တည်း မေးခွန်းကို ပြန်လည်ဖြေကြားပေးရန် အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ‌ဖြေကြားချက်များကို ရှင်းလင်း ဖြေကြားပေးခြင်း ဖြစ်ပါကြောင်း၊ ယခုမေးခွန်းကို မိမိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြန်လည်ပေးပို့ပြီး အစီအစဉ် ရှိ/မရှိ ထပ်မံမေးမြန်းပြီး ဖြေကြားပေးမည် ဖြစ်ပါကြောင်း၊ ထို့အတူ သက်ဆိုင်ရာ ဝန်ကြီးဌာနဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကို  မေးမြန်း ပေးမည်ဖြစ်ကြောင်း၊ ပြန်လည်ဖြေကြားအပ်ပါသည်။