Skip to main content

 

ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးမြို့နယ် ပြည်သူ့ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ပြည်သူ့ရဲဝန်ထမ်းများ၏ အိမ်ရာအများစုသည် ၁၉၆၀ ခုနှစ်ကျော်ကာလများတွင် တည်ဆောက်ခဲ့ သော သွပ်မိုးပျဉ်ကာအဆောက်အဦများ ဖြစ်ကြပါကြောင်း၊

ရဲအရာရှိတစ်ဦး၏နေအိမ်အဆောက်အအုံများသည် နှစ်ပေါင်းကြာမြင့်ပြီဖြစ်သည့်အတွက် ဆွေးမြေ့ ယိုယွင်းပြီး မည်သို့ပင်ပြုပြင်ထိန်းသိမ်းနေသော်လည်း နေထိုင်ရန်လုံးဝမလုံခြုံတော့သော အခြေအနေ ဖြစ်နေပါကြောင်း၊ ရပ်ရွာလုံခြုံရေးနှင့် အေးချမ်းသာယာရေးအတွက် တာဝန် ထမ်းဆောင်နေကြသော ရဲဝန်ထမ်းများ၏နေထိုင်မှုအဆင်ပြေမှသာ မိမိတို့၏တာဝန်ကိုနောက်ဆံ မတင်းဘဲ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုအခါနိုင်ငံတော်မှ ဝန်ထမ်းအိမ်ရာအသစ် တစ်ဆောင်တည်ဆောက်ပေးထားသော်လည်း များစွာလိုအပ်နေသေးပါကြောင်း၊ အဆောက်အဦ များထပ်မံဆောက်လုပ်မည်ဆိုပါက မြေနေရာလည်းရှိပါကြောင်း၊ မိမိတို့လင်းခေးမြို့နယ်ရဲစခန်းတွင် အိမ်ထောင်သည် ရဲဝန်ထမ်းထက်ဝက်ကျော် ပါဝင်ပါကြောင်း၊ တချို့သောရဲဝန်ထမ်းများသည် မြို့တွင်းရပ်ကွက်များတွင် နေထိုင်ရသည့်အတွက် ရဲလုပ်ငန်းလုပ်ဆောင်ရာတွင် မဆီလျော်မှုများ တွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ လင်းခေးမြို့နယ်ပြည်သူ့ရဲစခန်း၏ လိုအပ်လျက်ရှိသော အဆင့်မီ ဝန်ထမ်းအိမ်ရာများကို ခေတ်စနစ်နှင့်အညီ ဆောက်လုပ်ပေးရန်အစီအစဉ်ကို မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့အား လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်တွင် တပ်ဖွဲ့အမည်ပေါက် နှစ် ၃၀ မြေငှားဂရန်ရရှိသည့် မြေဧရိယာ ၇.၅၄ ဧကပေါ်တွင် တစ်စုတစ်စည်းထဲတည်ရှိပါကြောင်း၊ လင်းခေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် အရာရှိ ငါးဦး၊ အခြားအဆင့် ငါးဦး၊ စားရေးဝန်ထမ်း တစ်ဦး၊ စုစုပေါင်း ၁၁ ဦး၊ လင်းခေးမြို့မရဲစခန်းတွင် အရာရှိ ငါးဦး၊ အခြားအဆင့် ၂၇ ဦး၊ စုစုပေါင်း ၃၂ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့တွင် တပ်ဖွဲ့ဝင် ၄၃ ဦး၊ အိမ်ထောင်သည် ၂၉ ဦး၊ လူပျို ၁၁ ဦး၊ အပျို သုံးဦးတို့ဖြင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

လင်းခေးမြို့နယ်မြို့မရဲစခန်းဝင်းအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့အတွက်  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တစ်ရုံး၊ မြို့မရဲစခန်းရုံးအချုပ်ပါအဟောင်း တစ်လုံး၊ အသစ် တစ်လုံး၊ လုံးချင်း နေအိမ် သုံးလုံး၊ နှစ်ခန်းတွဲ တစ်လုံး၊ သုံးခန်းတွဲ နှစ်လုံး၊ လေးခန်းတွဲ တစ်လုံး၊ ခြောက်ခန်းတွဲ သုံးလုံး၊ ဓမ္မာရုံ တစ်လုံး၊ စုစုပေါင်းအဆောက်အဦ ၁၄ လုံးရှိပြီး နေအိမ်လိုင်းခန်း ၃၃ ခန်း ရှိပါကြောင်း၊ အိမ်ထောင်သည် ၂၉ ဦးသည် နေအိမ်လိုင်းခန်း ၂၉ ခန်းတွင်လည်းကောင်း၊ အပျိုတစ်ဦးသည် နေအိမ်လိုင်းခန်း တစ်ခန်းတွင်လည်းကောင်း၊ လူပျို ၁၁ ဦးသည် နေအိမ်လိုင်းခန်း သုံးခန်းတွင် လည်းကောင်း၊ အပျိုနှစ်ဦးသည် ဒေသခံများဖြစ်၍ ပြင်ပမိဘများအိမ်တွင် လည်းကောင်း နေထိုင်လျက် ရှိပါကြောင်း၊

လင်းခေးမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့ နေအိမ်လိုင်းခန်းအဆောက်အအုံသည် နှစ်ကာလကြာမြင့်၍ ဟောင်းနွမ်းနေပြီး လက်ရှိတပ်ဖွဲ့ဝင်အင်အားနှင့် နေအိမ်လိုင်းခန်းအတွက် လုံလောက်မှုမရှိသည့်အပြင် ဖွဲ့စည်းပုံအရအင်အားထပ်ဖြည့်လာပါက တပ်ဖွဲ့ဝင်များနေထိုင်ရန် အတွက် ခြောက်ခန်းတွဲ နှစ်ထပ်တစ်လုံး ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရုံး၊ ရဲစခန်း၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ တပ်ဖွဲ့နှင့် သင်တန်းကျောင်းများအတွက် ယခင်ဆောက်လုပ်ခဲ့သည့် အဆောက်အအုံအချို့သည် နှစ်ကာလကြာမြင့်ပြီဖြစ်သည့်အတွက် ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်၍ အစားထိုးဆောက်လုပ်ရန်နှင့် တိုးချဲ့ဖွဲ့စည်းလာသောတပ်ဖွဲ့များ အတွက် လိုအပ်သည့်အဆောက်အဦ အသစ်များဆောက်လုပ်ရန် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဦးစားပေးအစီအစဉ်အလိုက် ဆောက်လုပ်နိုင်ရေး နှစ်စဉ်ဘဏ္ဍာငွေ တင်ပြတောင်းခံသော်လည်း နိုင်ငံတော်ဘဏ္ဍာငွေ အခြေအနေအရ စိစစ်ခွင့်ပြုခဲ့သည့်အတွက် ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် သတ်မှတ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လင်းခေး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့တွင် လိုအပ်လျက်ရှိသော ခြောက်ခန်းတွဲ နှစ်ထပ် တစ်လုံး ဆောက်လုပ်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းမူလအသုံးစရိတ်တွင် လျာထား တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

                   

           

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ