Skip to main content

(စ)-ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စုအတွက် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်များချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်သည် မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၈ အုပ်စု၊ ကျေးရွာပေါင်း ၁၂၅ ရွာဖြင့် ဖွဲ့စည်းထားသော မြို့နယ် တစ်ခုဖြစ်ပါကြောင်း၊ ရွာငံမြို့ပေါ်ရှိ မီးသတ်စခန်း ဖွဲ့စည်းပုံတွင် သန္ဓေ ၁၈ ဦး၊ အရာရှိတစ်ဦး၊ အခြားအဆင့် ၁၇ ဦး စုစုပေါင်း ၃၆ ဦးရှိပြီး မီးသတ်ယာဉ်နှစ်စီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး စုစုပေါင်း လေးစီးရှိပါကြောင်း၊ ရွာငံမြို့နယ်၏ မြောက်ဘက်ခြမ်းရှိ မြို့ကြီးနယ်မြေမီးသတ်စခန်း ဖွဲ့စည်းပုံတွင် သန္ဓေခုနစ်ဦး၊ အရာရှိတစ်ဦး၊ အခြားအဆင့် ခြောက်ဦး စုစုပေါင်း ၁၄ ဦးရှိပြီး မီးငြှိမ်း သတ်ယာဉ်နှစ်စီး ရှိပါကြောင်း၊ ရွာငံမြို့နယ်၏ တောင်ဘက်ခြမ်းတွင် နယ်မြေမီးသတ်စခန်းနှင့် မီးသတ်ယာဉ်များ ယခုအချိန်ထိ မရှိသေးပါ ကြောင်း၊

ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စုသည် ကျေးရွာ ၁၀ ရွာ၊ အိမ်ထောင်စု ၁၈၀၀ စုနှင့် လူဦးရေ ၇၀၀၀ ကျော်နေထိုင်သော ကျေးရွာအုပ်စုဖြစ်ပါကြောင်း၊ မြို့ပြအင်္ဂါနှင့်ညီညွတ်သော ရဲစခန်း၊ ဈေး၊ အခြေခံပညာအထက်တန်းကျောင်းနှင့် စာစစ်ဌာနရှိခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် စံကိုက် တိုက်နယ်ဆေးရုံရရှိရန် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်မီးရရှိသောဒေသ ဖြစ်ပါကြောင်း၊ မြင်းကျဒိုး ကျေးရွာအုပ်စုသည် မီးသတ်စခန်းတည်ရှိရာ ရွာငံမြို့နှင့်  ၂၂ မိုင်ကျော်ကွာဝေးပြီး မီးဘေးအန္တရာယ် ကျရောက်ပါက မီးသတ်ယာဉ်များ အချိန်မီမရောက်ရှိနိုင်သောဒေသ ဖြစ်ပါကြောင်း၊ မြင်းကျဒိုး ကျေးရွာအုပ်စု နယ်မြေမီးသတ်စခန်း ပြုလုပ်ရန် မြေနေရာအား မြင်းကျဒိုးကျေးရွာ ကွင်းအမှတ် ၁၉၉၊ ဦးပိုင်အမှတ် ၂၀ ဧရိယာ ၁.၁၀ ဧက ရှိ ၁၉၉ ကျေးရွာပိုင်မြေအား မီးသတ်စခန်း ဆောက်လုပ်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ လှူဒါန်းပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရွာငံမြို့နယ် တောင်ဘက်ခြမ်းတွင် ပထဝီဝင်အနေအထားအရ အရေးပါသော မြင်းကျဒိုးကျေးရွာအုပ်စုအတွက် နယ်မြေမီးသတ်စခန်းနှင့် မီးသတ်ယာဉ်များချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ မြို့နယ်မီးသတ်စခန်း၊ ဒုတိယမီးသတ် ဦးစီးမှူးအပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီး စုစုပေါင်း မီးသတ်ယာဉ်သုံးစီးဖြင့်လည်းကောင်း၊ မြို့ကြီးမီးသတ်နယ်မြေ မီးသတ်စခန်းတွင် လက်ထောက်ဦးစီးမှူးအပါအဝင် တပ်ဖွဲ့ဝင်ခုနစ်ဦး၊ မီးငြှိမ်းသတ်ယာဉ်နှစ်စီးတို့ဖြင့်လည်းကောင်း မြို့နယ်၏မီးဘေးလုံခြုံရေး တာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွာငံမြို့နယ်၊ မြင်းကျဒိုး ကျေးရွာအုပ်စုတွင် အိမ်ခြေ ၁၇၀၈ လုံး၊ အိမ်ထောင်စု ၁၇၀၈ စု၊ ကျေးလက်ဆေးပေးခန်းတစ်ခု၊ ရဲကင်းစခန်းတစ်ခု၊ အထက်တန်းကျောင်းနှစ်ကျောင်း၊ အလယ်တန်းကျောင်းနှစ်ကျောင်း၊ မူလတန်း ကျောင်း ၁၀ ကျောင်းရှိပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးဖြင့် ကျေးရွာအုပ်စု မီးဘေးလုံခြုံရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၀ နှစ်အတွင်း မီးလောင်မှုမရှိပါကြောင်း၊ မြင်းကျဒိုး ကျေးရွာအုပ်စု၊ မြင်းကျဒိုးအရှေ့ကွင်း ကွင်းအမှတ် ၁၉၉ တွင် တည်ရှိသော မြေဧရိယာ ၁.၁၀ ဧကကို ကျေးရွာအရန်မီးသတ်စခန်းအဖြစ်အသုံးပြုရန် ကျေးရွာအုပ်စု အစည်းအဝေး ဆုံးဖြတ် ချက်ဖြင့် လှူဒါန်းခဲ့ပြီး ရွာငံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေအမည်ပေါက် ရရှိရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စုတွင် အရေးပေါ်မီး လောင်မှုများ ဖြစ်ပွားလာပါက ရွာငံမီးသတ်စခန်းမှ မီးသတ်ယာဉ်သုံးစီး၊ မြို့ကြီးမီးသတ်စခန်းမှ မီးသတ်ယာဉ် နှစ်စီး စုစုပေါင်း မီးသတ်ယာဉ်ငါးစီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်နိုင်ပါကြောင်း၊

မီးသတ်ဦးစီးဌာန ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဗဟို မီးသတ်သင်တန်းကျောင်း(ပြင်ဦးလွင်)နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)တို့ အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဖွဲ့စည်းပုံခွင့်ပြုပြီး သော မီးသတ်စခန်းများတွင် မီးသတ်စခန်းအဆောက်အဦဆောက်လုပ်ခြင်း၊ ဝန်ထမ်းနေအိမ်များ ဆောက်လုပ်ခြင်း၊ မီးသတ်ယာဉ်များဖြည့်ဆည်းပေးခြင်းအား သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရဘဏ္ဍာရန်ပုံငွေဖြင့်လည်းကောင်း အသီးသီးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင် မီးသတ်ဦးစီးဌာနမှူးရုံးတစ်ရုံး၊ ခရိုင်မီးသတ်ဦးစီးဌာနမှူးရုံး ၁၃ ရုံး၊ ခရိုင်မီးသတ် စခန်း ၁၃ ခု၊ မြို့နယ်မီးသတ်စခန်းဦးစီးဌာနမှူးရုံး ၅၅ ရုံး၊ မီးသတ်စခန်း ၅၅ ခု၊ နယ်မြေမီးသတ်စခန်း ၇၀ ခု ဖွင့်လှစ်သွားရန် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရထားပြီးဖြစ်ရာ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးတစ်ရုံး၊ ခရိုင် မီးသတ်ဦးစီးမှူးရုံး ငါးရုံး၊ ခရိုင်မီးသတ်စခန်း ငါးခု၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး ၄၉ ရုံး၊ မြို့နယ် မီးသတ်စခန်း ၄၉ ခု နှင့် နယ်မြေမီးသတ်စခန်း ၅၄ ခုအတွက် မီးသတ်စခန်းနှင့် ဝန်ထမ်းအိမ်ရာများကို ဆောက်လုပ်ပေးနိုင်ခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူး ရှစ်ရုံး၊ ခရိုင်မီးသတ်စခန်း ရှစ်ခု၊ မြို့နယ်မီးသတ်ဦးစီးမှူး ရုံး ခြောက်ရုံး၊ မြို့နယ်မီးသတ်စခန်း ခြောက်ခုနှင့် နယ်မြေမီးသတ်စခန်း ၁၆ ခုအား ဆောက်လုပ် ပေးရန် ကျန်ရှိလျက် ရှိပါကြောင်း၊

သို့ပါ၍ ရှမ်းပြည်နယ်အတွင်း ဖွဲ့စည်းပုံခွင့်ပြုပြီးသော မီးသတ်စခန်းများအတွက် မြေနေရာ ရရှိရေး၊ မီးသတ်စခန်းအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်ရေး၊ မီးသတ်ယာဉ်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဆောင်ရွက်နေရခြင်း၊ အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက ရွာငံ မီးသတ်စခန်းမှ မီးသတ်ယာဉ် သုံးစီးနှင့် မြို့ကြီးနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် နှစ်စီး စုစုပေါင်း ငါးစီးတို့ဖြင့် သွား၍ငြှိမ်းသတ်နိုင်ခြင်း၊ မြင်းကျဒိုးကျေးရွာအုပ်စုဟာ နယ်မြေမီးသတ်စခန်း ဖွဲ့စည်းပုံ မရှိသေးခြင်း တို့ကြောင့် ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စုတွင် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်များ ချထား ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးအောင်စိုးမင်း(ရွာငံမဲဆန္ဒနယ်) မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မီးသတ်ကိစ္စတွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံများ၊ တိုးချဲ့မှုများ လုပ်ပေးမယ်ဆိုသည်ကို နားလည်ပါကြောင်း၊ ရွာငံမြို့နယ်၏အခြေအနေသည် ဥက္ကဋ္ဌကြီးအား တင်ပြခဲ့သည့်အတိုင်း ရှမ်းပြည်နယ်(တောင်ပိုင်း)သည် ဒုတိယအကျယ်ဆုံးမြို့နယ်ဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီး ဖြေကြား ရာ၌ မြင်းကျဒိုးအုပ်စုတွင် မီးလောင်မှုဖြစ်လျင် မြို့ကြီးဘက်မှ မီးသတ်ယာဉ် လာငြှိမ်းရန်ဆိုသည်မှာ မလွယ်ပါကြောင်း၊ တောင်ဆင်း/တောင်တက်လမ်းများ မြေပြင်အခြေအနေမှာ ရွာငံမြို့နယ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဒုတိယအကျယ်ဆုံး ဖြစ်သည့်အတွက် မြို့ပေါ်ကမီးသတ်ယာဉ် သုံးစီးနှင့် အုပ်စုထဲတွင် တောင်ပေါ်ဒေသ ဖြစ်သည့်အတွက် အလွန်ကျယ်ဝန်းပါကြောင်း၊ ၂၂ မိုင် ဆိုသော်လည်း မြင်းကျဒိုးနေရာကို ပြောသည်ဖြစ်ပါကြောင်း၊ နယ်မြေကျယ်ဝန်းပါကြောင်း၊ ရွာငံမြို့နယ်၏ဖွဲ့စည်းပုံမှာ မြို့ပေါ်တွင်တစ်နေရာရှိပါကြောင်း၊ မြောက်ဘက်အခြမ်းတွင်  တစ်ခု ရှိပါကြောင်း၊ တောင်ဘက်ခြမ်းတွင်လုံးဝမရှိပါကြောင်း၊  ထို့ကြောင့် ဝန်ကြီးဌာနအနေနှင့် ဦးစားပေးအစီအစဉ်နှင့် နောင်လာမည့်အစီအစဉ်များတွင် မြင်းကျဒိုးအုပ်စု မီးသတ်စခန်းအတွက် ရွာငံတစ်မြို့နယ်လုံး၏ တောင်ပိုင်းတွင်အရေးပါသည့်အတွက် ဦးစားပေး အစီအစဉ်နှင့် နောင် တွင်ဖွဲ့စည်းပုံတိုးချဲ့သည့်အခါ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ဆက်စပ် မေးခွန်း မေးမြန်းပါသည်၊

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

ဖွဲ့စည်းပုံအသစ်ရရှိရန် သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးအစိုးရ၏ ထောက်ခံချက်နှင့် ပြန်လည် တင်ပြရမည်ဖြစ်ပါကြောင်း၊ အဆင့်ဆင့်ဆက်လက်တင်ပြပြီး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ၎င်းကို သက်ဆိုင်ရာနယ်မြေမှ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။