Skip to main content

(ဂ)-နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေတောင်းခံရာတွင် စီမံကိန်း၏ဖြစ်မြောက် နိုင်စွမ်း လေ့လာဆန်းစစ်ချက်ကို ကြိုတင်ဆောင်ရွက်ထားပြီး ထိုမှရရှိလာသည့် Feasibility Study Report နှင့်အတူ Design, Drawing, Estimate, B.Q များပါဝင်သည့် စီမံကိန်းအဆိုပြုလွှာဖြင့် ပူးတွဲ တင်ပြတောင်းဆိုခြင်းပြုနိုင်မည့်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ပြည်ထောင်စုတိုင်းနှင့်ဒေသကြီးအစိုးရအဖွဲ့မှ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သော တည်ဆောက်ရေး လုပ်ငန်းများတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့်အခါ လုပ်ငန်းတစ်ခုချင်းအလိုက် ပြည့်စုံစွာတင်ပြနိုင်ခြင်း အားနည်းခဲ့ပါကြောင်း၊ တည်ဆောက်မယ့်လုပ်ငန်းအတွက် မည်သည့် အတိုင်းအတာ မည်မျှကုန်ကျမည်လောက်သာ တင်ပြထားကြပြီး တည်ဆောက်မည့် လုပ်ငန်း၏ ဒီဇိုင်းခန့်မှန်းကုန်ကျငွေ အသေးစိတ်တွက်ချက်မှုနှင့် လုပ်ငန်းများ၏B.Qဖြင့်တိကျစွာ တင်ပြထားမှု မတွေ့ရကြောင်း၊ သက်ဆိုင်ရာ ဘတ်ဂျက်စိစစ်ရေး ပူးပေါင်းအဖွဲ့များက ပြည့်စုံစွာ တင်ပြတောင်းခံ ထားခြင်းမရှိသည့် အတွက်အခက်အခဲ ဖြစ်လျက်ရှိနေပါကြောင်း၊ မဖြစ်မနေဘတ်ဂျက် ပေးသော် လည်း ခွင့်ပြုလိုက်သည့်ငွေပမာဏဖြင့် ရအောင် ဆောင်ရွက်ကြရ၍ အဆောက်အဦများ ကျုံ့ခြင်း၊ သေးခြင်း၊ ပုံပြောင်းသွားခြင်း အရည်အသွေးပိုင်းဆိုင်ရာ များ လျော့နည်းသွားခြင်းများ လက်တွေ့ မြေပြင်တွင် ကြုံတွေ့နေကြရပါကြောင်း၊ အမှန်ဖြစ်သင့်သည်မှာ Plan to Budged ဖြစ်ပါကြောင်း၊ ဖြတ်တောက်လိုက်သည့် ငွေပမာဏကိုကြည့်၍ Budged to Plan ဖြစ်သွားသည်ကိုဝမ်းနည်းစွာ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ ရှေ့လာမည့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများအတွက် ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးမှ ရန်ပုံငွေတောင်းခံရာတွင် စီမံကိန်း၏ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ် ချက်ဖြစ်သည့် Feasibility Study ကိုကြိုတင် ဆောင်ရွက်ထားပြီးမှ ရရှိလာသည့် Feasibility Study Report နှင့်အတူ Design, Drawing, Estimate, B.Q ပါဝင်သည့် စီမံကိန်းအဆိုပြုလွှာဖြင့် ပူးတွဲ တင်ပြတောင်းဆိုခြင်းပြုနိုင်မည့် အစီအစဉ်ရှိ/မရှိကို သိရှိလို၍မေးမြန်းပါသည်။


 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးမောင်မောင်ဝင်း

ရှေ့လာမည့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများအတွက် ပြည်ထောင်စု၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး လွှတ်တော်အသီးသီးထံသို့ ရန်ပုံငွေတောင်းခံရာတွင် စီမံကိန်း၏ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ချက်(Feasibility Study)ကို ကြိုတင်ဆောင်ရွက်ပြီး ထိုမှရရှိလာသည့် Feasibility Study Report နှင့်အတူ Design, Drawing, Estimate, B.Q များပါဝင်သည့် စီမံကိန်း အဆိုပြုလွှာ အပြင် ပူးတွဲတင်ပြတောင်းဆိုခြင်း ပြုနိုင်မည့်အစီအစဉ်များရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များ အားလုံး၏ဖြေကြားချက် များနှင့် ပေါင်းစပ်၍ ရှင်းလင်းဖြေကြားမည်ဖြစ်ပါကြောင်း၊

သက်ဆိုင်ရာဘဏ္ဍာရေးနှစ် အလိုက်တည်ဆောက်ရေးလုပ်ငန်းများ အတွက်ရန်ပုံငွေများ တောင်းခံရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံးမှ ၃၁-၁-၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ၁၀၅/ဌာနခွဲ-၃/၂၀၁၉(စီ ၀၄၁၅)နှင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်သည့်အခါတွင် လိုက်နာနိုင်ရန် ခွင့်ပြုမိန့်နှင့် မြေနေရာ ရရှိထားပြီးဖြစ်ရန်၊ မြေတိုင်းတာခြင်း၊ လုပ်ငန်းခွင် တည်နေရာပြပုံစံ၊ အဆောက်အဦ အကွက်ချပုံစံ၊ ဗိသုကာပုံစံ၊ ပုံထုတ်ဒီဇိုင်းပုံစံများ ပြည့်စုံစွာ ရေးဆွဲ၍ ထိုပုံစံများအရ စီမံကိန်းတန်ဖိုး ကိုအတည်ပြုရန် စသည့် အချက်များပါဝင်သည့် ညွှန်ကြားချက်ကို ထုတ်ပြန်ထားပါ ကြောင်း၊ အလားတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ၂၈-၂-၂၀၁၉ ရက်စွဲပါစာအမှတ်၊ စဘ၊ ဘဏ္ဍာ-၄/၁/၁(၅၅၁/၂၀၁၉)နဲ့ စီမံကိန်းကုန်ကျစရိတ်များကို ‌ဒေသ ပေါက်ဈေးနှင့်တွက်ချက်ရန် ၊ မြေအတိုင်းအတာနှင့် သင့်လျော်သည့် အဆောက်အဦပုံစံဖြင့် ရန်ပုံငွေ တင်ပြတောင်းခံရန်၊ Project အလိုက် ဖြစ်မြောက်နိုင်စွမ်း(Feasibility Study)ကိုကြိုတင် ဆောင်ရွက်ထားရန် စသည့်အချက်များပါဝင်သည့် ညွှန်ကြားချက်ကိုထုတ်ပြန်ထားပါကြောင်း၊

အဆိုပါညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိစိစစ်ပြီးမှ ရန်ပုံငွေလျာထားခွင့်ပြုပေးခြင်းဖြစ်ပါ ကြောင်း၊ အဆိုပါအချက်နှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှလည်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲပါစာဖြင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်း များက အရအသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲလျာထားရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း ထည့်သွင်း၍ လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေတောင်းခံရာတွင် စီမံကိန်း၏ဖြစ်မြောက်နိုင်စွမ်း ဆန်းစစ်လေ့လာ ချက်(Feasibility Study)ကြိုတင်ဆောင်ရွက်မှုများကို အထူးသဖြင့် ငွေကြေးအမြောက်အမြား ကုန်ကျမည့် အကြီးစားစီမံကိန်း သို့မဟုတ် ပြည်သူများအကြားတွင် အငြင်းပွားဖွယ်ရာစီမံကိန်း ဥပမာ-စွယ်စုံသုံးဆည်မြောင်းစီမံကိန်း၊ ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်း၊ မြေအောက်ရထား လမ်းတည်ဆောက်ခြင်းစီမံကိန်း စသည်ဖြင့် ကြီးမားသည့် စီမံကိန်းကြီးများမှာ အသေးစိတ် လေ့လာမှုများ ပြုလုပ်ရန်လိုအပ်ပါကြောင်း၊

အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အတွက် ရန်ပုံငွေတောင်းခံရာ တွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ချက်(Feasibility Study)လုပ်ငန်းကို သေချာ ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတရုံး၏ ၁၃-၆-၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ၁၅၈(၁)/၈/ သမ္မတရုံး ဖြင့်ညွှန်ကြားထားရှိပါကြောင်း၊ ဌာနအဖွဲ့အစည်းများက ငွေလုံးငွေရင်း အသုံးစရိတ် တင်ပြမှုများ နှင့် စပ်လျဉ်း၍ တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေး အဖွဲ့ ငွေလုံးငွေရင်းမှလည်းကောင်း၊ စက်ပစ္စည်းဝယ်ယူ ခြင်းများအတွက် စက်ပစ္စည်းကြီးကြပ်မှု ကော်မတီမှလည်းကောင်း၊ မြေတိုင်းတာခြင်း၊ ဒီဇိုင်းပုံစံများ ရေးဆွဲခြင်း၊ မြေစမ်းသပ်ခြင်းတို့အတွက် ကုန်ကျစရိတ်များ စက်တပ်ဆင်စရိတ်နှင့် အခွန်အခများ စသည်တို့ကို စီမံကိန်းရေးဆွဲရေး ဦးစီးဌာန မှလည်းကောင်း အဆင့်ဆင့်စိစစ်ပြီးမှ ၎င်းတို့၏ရန်ပုံငွေ ထည့်သွင်းလျာထားမှုများကို ခွင့်ပြုပေး လျက်ရှိပါကြောင်း၊

ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် စီမံကိန်းလုပ်ငန်းများအတွက် Feasibility Study ပြုလုပ်ရန် ကုန်ကျစရိတ် Design, Drawing, Estimate, B.Q များရေးဆွဲခြင်းအတွက် ကုန်ကျစရိတ် များကို သတ်မှတ်ချက်များနှင့်အညီတင်ပြတောင်းခံနိုင်ပါကြောင်း၊ ဌာနအဖွဲ့အစည်းများအနေဖြင့် ပြည်သူ များ၏အကျိုးစီးပွားအတွက်လည်းကောင်း၊ နိုင်ငံတော်၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ ပြည်တွင်းပြည်ပအရင်းအမြစ်များကို ရယူသုံးစွဲ၍ ဆောင်ရွက်သည့် ဝန်ဆောင်မှု၊ ထုတ်လုပ်မှု၊ အခြေခံအဆောက်အဦတည်ဆောက်မှုလုပ်ငန်းများအပါအဝင် လုပ်ငန်း စီမံကိန်းများကို ဆောင်ရွက်သည့်အခါတွင် စီမံကိန်း ၏ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ် (Feasibility Study) ကိုကြိုတင်ဆောင်ရွက်ထားပြီးမှ အဆိုပါ ဆန်းစစ်ချက်အစီရင်ခံစာနှင့်အတူ တင်ပြတောင်းခံရန် ညွှန်ကြားချက်များကို တိကျစွာလိုက်နာရမည် ဖြစ်ပါကြောင်း၊

စီမံကိန်းဘဏ်ဆိုင်ရာညွှန်ကြားချက် အခန်း(၃)အပိုဒ်(၅)တွင် စီမံကိန်းဘဏ် Project Bank အတွင်း သို့ စီမံကိန်းများထည့်သွင်းရာတွင် ကြိုတင်ဆန်းစစ်လေ့လာမှုအပါအဝင် လိုအပ်သည့်စီမံကိန်း ဆိုင်ရာအချက်အလက်များကိုပေးပို့ရန် ထုတ်ပြန်ထားပါကြောင်း၊ ယခုလက်ရှိတွင် စီမံကိန်းဘဏ်ကို ထည့်ရန် စီမံကိန်းတန်ဖိုး၏ ကျပ် သန်း ၂၀၀၀ အထက်ကိုပေးပို့ရန် သတ်မှတ်ထားပါကြောင်း ၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ အကောင်အထည်ဖော်ဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်း Projectများ ရန်ပုံငွေတောင်းခံရာတွင် ရန်ပုံငွေအနည်းအများပေါ်မူတည်၍သင့်လျော်သည့် ရန်ပုံငွေပမာဏ တစ်ခုကို သတ်မှတ်ပြီး စီမံကိန်း၏ ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ချက် Feasibility Study Report ပါဝင်ရေး Feasibility Study Report နှင့်အတူ Design, Drawing, Estimate, B.Q များပါဝင်သည့် စီမံကိန်းအဆိုပြုပူးတွဲတင်ပြတောင်းခံရေးတို့ကို အစီအစဉ် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးမောင်မောင်ဝင်း