Skip to main content

 

ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရွှေ့ပြောင်းတောင်ယာစနစ်ကို အခြေခံ အမည်ပြု အသက်မွေးခဲ့ကြပြီး ဝင်ငွေအခွင့်အလမ်း နည်းပါးသည့် ဆင်းရဲသည့် ပြည်နယ် တစ်ခု ဖြစ်ပါကြောင်း၊ သို့သော် လက်ရှိတွင် ပြည်နယ်အစိုးရ၏ အထူးဦးစားပေး အစီအစဉ်များဖြင့် ချင်းပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများတွင် အလေး ထား ဆောင်ရွက်ပေးနေသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရန် အစပြုနေသည့် အချိန် ဖြစ်ပါကြောင်း၊ ဒေသတွင်း ဈေးကွက်ဝင် ဝဥသီးနှံ၊ ထောပတ်သီးနှံ၊ ကော်ဖီသီးနှံ စသည့် နှစ်ရှည်သီးနှံများကို ဒေသခံချင်းတိုင်းရင်းသားများ အနေဖြင့် စီးပွားဖြစ်စတင် စိုက်ပျိုးလာကြပြီ ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေး စနစ်မှ နှစ်ရှည်ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးကို ဦးတည်စိုက်ပျိုး လာကြပြီဖြစ်သည့်အတွက် ဒေသခံချင်းတိုင်းရင်းသားများအတွက် ဝင်ငွေအခွင့်အလမ်းကောင်းမွန်စ ပြုလာပြီ ဖြစ်ပါကြောင်း၊ မိမိ၏ မဲဆန္ဒနယ်ဖြစ်သည့် ကန်ပက်လက် မြို့နယ်အတွင်းတွင် ဝဥ၊ ထောပတ်နှင့်ကော်ဖီများကို အားသွန်ခွန်စိုက် စိုက်ပျိုးလာကြပြီ ဖြစ်သည့်အတွက်စိုက်ပျိုး တောင်သူ များ စိုက်ခင်းများ တိုးချဲ့ စိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် စိုက်ပျိုးရေးနည်းပညာ နှင့် စိုက်စရိတ်အရင်းအနှီးများ ထိထိရောက်ရောက် ထောက်ပံ့ ပံ့ပိုးကူညီပေးရန် အထူးလိုအပ်နေ သည့် အချိန်ဖြစ်ပါကြောင်း၊

ကန်ပက်လက် မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၄၀၀၀ အထက် တောင် အမြင့် စိုက်ပျိုးမြေများ ပေါများသည့် မြို့နယ်ဖြစ်သည်နှင့် အညီ ဓာတုကင်းလွတ်သော Organic သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်ဘေးကင်းလုံခြုံစိတ်ချရသည့်သဘာဝတောင်မြင့် ချင်းတောင် ဒေသ ထွက် သန့်ရှင်းလတ်ဆတ်သည့် သီးနှံများ ပြည်တွင်းလူထုစားသုံးသူများထံ ဖြန့်ဖြူးပေး နိုင်ရန် အတွက် စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် ချင်းတိုင်းရင်းသားပြည်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ အလွယ်တကူ ချိတ်ဆက်ချေးယူနိုင်ရန် လယ်ယာစိုက်ပျိုးရေး ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ပေးရန် လိုအပ်နေပါကြောင်း၊

ဝဥမှ ထုတ်လုပ်သည့် အစားအစာများကို စားသုံးပေးခြင်းဖြင့် အဝလွန်ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက် ဖြစ်ပေါ်တတ်သည့် ကင်ဆာရောဂါ အပါအဝင် အခြားရောဂါဆိုး များကို ကာကွယ်ပေးနိုင်ပါကြောင်း၊ ချင်းတောင် ထောပတ်သီးသည် အခြားဒေသထွက် ထောပတ်သီး များထက် တမူထူးခြားပြီး အရသာ ကောင်းမွန်သည့်အတွက် Avagado မှ Chinogado ဟု ချင်းတောင်ဒေသကို အစွဲပြုပြီး အမည်တပ် မှည့်ခေါ်ကြရပါကြောင်း၊ သဘာဝ Organic Coffee အဖြစ် ချင်းတောင်ကော်ဖီဟာလည်း ဝယ်လိုအား မြင့်မားလျက် ရှိနေပါကြောင်း၊ ကျန်းမာရေးကို အာမခံပေးနိုင်သည့် အသက်ရှည်ရာ အနာမဲ့ကြောင်း အကျိုးပြု အထောက်အပံ့ ကောင်း ဖြစ်စေသည့် ချင်းတောင်ဒေသထွက် Organic သီးနှံများ၊ သစ်သီးဝလံများ စားသုံးသူများ အတွက် လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန်၊ စိုက်ဧကများ တိုးပွားလာစေရန် လိုအပ်နေပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် အနီးကပ် ကူညီမှုများ စနစ်တကျ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် မြို့နယ် လယ်ယာ စိုက်ပျိုးရေး ဘဏ်ခွဲတစ်ခု ဖွင့်လှစ် ပေးနိုင်ရန် အထူးလိုအပ်နေပါကြောင်း၊

ကန်ပက်လက်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေး ဘဏ်ခွဲ တစ်ခု ဖွင့်လှစ်ပေးနိုင်မည်ဆိုပါက ဒေသခံ ချင်းတိုင်းရင်းသား တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေများ ချေးယူရာတွင် လွယ်ကူ အဆင်ပြေစေခြင်း၊ စိုက်စရိတ် ချေးငွေ အလွယ်တကူ ရရှိအဆင်ပြေသည့်အတွက် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် မျိုးစေ့အရင်းအနှီးနှင့် စိုက်ပျိုးရေး တွန်းအားစုများ၊ လုပ်ငန်းသုံး စက်ပစ္စည်းများ အလွယ်တကူ ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ကန်ပန်လက်မြို့နယ်အတွင်းတွင် ရှိကြသည့် ချင်းတိုင်းရင်းသား တောင်သူများ၏ စိုက်ပျိုးရေးအခြေခံ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် လယ်ယာ စိုက်ပျိုးရေး ဘဏ်ခွဲ တစ်ခု ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။


 

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်သည် တစ်နိုင်ငံလုံးရှိ တောင်သူများအတွက် အဓိကလိုအပ်သည့် စိုက်ပျိုးစရိတ် အရင်းအနှီးချေးငွေများကို ပံ့ပိုးထုတ်ချေးပေးလျက် ရှိပါကြောင်း၊ ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ပြည်နယ်ရုံးတစ်ခု ရုံးစိုက် ဖွင့်လှစ်ပြီး ဟားခါးမြို့နယ်၊ တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်တို့တွင် ဘဏ်ခွဲသုံးခု ဖွင့်လှစ်ပြီး ချင်းပြည်နယ် (မြောက်ပိုင်း) ငါးမြို့နယ်ရှိ တောင်သူများကို စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ထုတ်ချေးပေးလျက် ရှိပါကြောင်း၊

ချင်းပြည်နယ် (တောင်ပိုင်း)ရှိ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် ပလက်ဝ မြို့နယ် များတွင် အခြေအနေအရ မြို့နယ်ဘဏ်ခွဲများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ်များမှ တောင်သူများအတွက် ဟားခါးမြို့နယ်ဘဏ်ခွဲမှလည်း ကောင်း၊ ပလက်ဝမြို့နယ်မှ တောင်သူများအတွက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ဘဏ်ခွဲ မှလည်းကောင်း တာဝန်ယူပြီး စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက် ရှိပါကြောင်း၊

ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ရန်အတွက် ဘဏ်ခွဲအတွက် ဖွဲ့စည်းပုံအင်အားကို ဦးစွာတိုးချဲ့ရမည် ဖြစ်ပြီး မြေနေရာနှင့် ရုံးအဆောက်အဦ လိုအပ်ချက်၊ စက်ပစ္စည်း၊ ပရိဘောဂများ လိုအပ်ချက်၊ မော်တော် ယာဉ်လိုအပ်ချက်၊ ငွေပို့ငွေသယ် လိုအပ်ချက် စသည်ဖြင့် အဘက်ဘက်က ဖြည့်တင်း ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ ချင်းပြည်နယ် (တောင်ပိုင်း)တွင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ပလက်ဝမြို့နယ်များတွင် ဘဏ်ခွဲ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေအပါအဝင် စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သည့် အရင်းအနှီးများ အဆင်ပြေစွာ ပံ့ပိုးထုတ်ချေးပေးနိုင်ရန်အတွက် ချင်းပြည်နယ် (တောင်ပိုင်း) တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တစ်ခု ဦးစားပေး ဖွင့်လှစ်ပေးရန်သည် အမှန် တကယ် လိုအပ်လျက် ရှိပါကြောင်း၊ ၎င်းကို မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍  ကန်ပက်လက်မြို့နယ် အပါအဝင် ချင်းပြည်နယ်(တောင်ပိုင်း)တစ်ခုလုံးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ တစ်ခုကို အမြန်ဖွင့်လှစ်နိုင်ရန် ဦးစားပေးစီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြား ပါသည်။

 

 

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း