Skip to main content

 

၃-၇-၂၀၁၇ ရက်နေ့  ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္မမပုံမှန် အစည်းအဝေးတွင် လယ်ယာ မြေလုပ်ကိုင်ခွင့်ဝယ်ယူထားသော တောင်သူများစိုက်ပျိုးစရိတ်ချေးငွေရရှိရန် ပုံစံ (၇) တွင် မိမိ နာမည်မပြောင်းရသေးခင် သက်ဆိုင်ရာ လယ်/စီ၏ ထောက်ခံချက်ဖြင့် စိုက်ပျိုးစရိတ်ထုတ်ချေး ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်းပြီး မြေပြင်အခြေအနေအပေါ်တွင် ဖြစ်ပေါ်နေမှုသည် လယ်ယာမြေလုပ်ပိုင်ခွင့်ဝယ်ယူထားသော တောင်သူများမှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ(၇)တွင် မိမိတို့၏ နာမည်ပြောင်းခွင့်ရရှိရေးအတွက် အမိန့်၊ ညွှန်ကြားချက်များ နှောင့်နှေးကြန့်ကြာ အကောင်အထည်မဖော်နိုင်ခြင်းကြောင့် ပုံစံ(၇)တွင် နာမည်ပြောင်းရရှိရေးကို တရားမဝင် နည်းလမ်းများဖြင့် ငွေကြေးကုန်ကျစွာ လုပ်ဆောင်ရဆဲရှိနေခြင်း၊ အချို့သော သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် မြေတိုင်းစာရေးများမှ လုပ်စားနေမှုများမှာ ယခုထိတိုင်ပပျောက် ခြင်းမရှိသေးသောကြောင့် မည်သို့ဆောင်ရွက်ထားသည်များကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

မိမိယခုမေးခွန်းကို ၂၀၁၉ ခုနှစ် မတ်လတွင်မေးမြန်းထားပြီး  လယ်ယာမြေလုပ်ကိုင်ခွင့်ဝယ်ယူ ထားသော တောင်သူများမှာ လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇)တွင် တရားဝင်နည်းလမ်းများဖြင့် မိမိတို့၏နာမည်ပြောင်းခွင့်ရရှိရေးအတွက် ဖြစ်ပါကြောင်း၊ တောင်သူများ၏လယ်ယာမြေလုပ်ပိုင်ခွင့် ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းကိစ္စရပ်များအတွက် လယ်ယာမြေတန်ဖိုးသတ်မှတ်ရန် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လယ်/စီအား ခန့်အပ် တာဝန်ပေးခြင်း၊ လိုက်နာဆောင် ရွက်ရန်လုပ်ငန်းစဉ်များ၊ ညွှန်ကြားခြင်းများကို ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို ခေတ်ကာလနှင့်လျော်ညီစွာ အသစ်ပြင်ဆင်ပြဋ္ဌာန်းခြင်းမပြုနိုင်သေးမီ တည်ဆဲဥပဒေနှင့်အညီ လယ်ယာမြေလုပ်ကိုင်ရရှိသူများအနေဖြင့် လယ်ယာမြေဥပဒေပုဒ်မ ၉ ပါ လယ်ယာမြေ လုပ်ပိုင်ခွင့် ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက် ခွင့်ပြုရန် လိုအပ်သည့်အပြင် ဥပဒေပုဒ်မ ၁၈ အရ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအနေဖြင့် လယ်ယာ မြေတန်ဖိုးကို ဒေသန္တရအခြေအနေအရ ဆီလျော်သောနှုန်းထားနှင့်အညီ သတ်မှတ်ဆောင်ရွက်နိုင် ရေးအတွက် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား ခန့်အပ်တာဝန်‌ပေးအပ်ပြီး မြို့နယ် လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်အတည်ပြုထားသော လယ်ယာမြေများ၏ တစ်ဧက ဒေသပေါက်ဈေးနှုန်းထားအရ ထိုက်သင့်သော တံဆိပ်ခေါင်းခွန်ထမ်းဆောင်စေပြီး လယ် ယာ မြေနည်းဥပဒေ ၂၄ (က)၊ ၄၇(ခ)၊ ၄၈(ဂ)တို့နှင့်အညီ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံ ခန့်ခွဲမှု အဖွဲ့ရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုခြင်းကို ၁-၆-၂၀၁၉ ရက်နေ့မှစ၍ ဆောင်ရွက်ပေးရန်နှင့် ချုပ်ဆိုထားသောစာချုပ်ကို စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၁၂၀ အတွင်း တင်ပြလာပါက သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနသည် လယ်ယာမြေ နည်းဥပဒေ ၂၄(ခ)၊ ၄၇(ဃ)၊ ၄၈(င) တို့နှင့်အညီ မှတ်ပုံတင်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပူးတွဲ ညွန်ကြားထားပြီး ဖြစ်ပါကြောင်း၊

ထိုကဲ့သို့သောညွှန်ကြားချက်များကြောင့် တောင်သူလယ်သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)တွင် နာမည်လွှဲပြောင်းခြင်းတွင် အဆင်ပြေသွားနိုင်မည်ဖြစ်ပြီး တကယ်လက်တွေ့မြေပြင် လုပ်ငန်းခွင်တွင် အားနည်းချက်များ မသိနားမလည်သူများအပေါ် ခွင်ဖန်တီးခြင်းမျိုးများရှိခဲ့၍ ကိုယ်စားလှယ် များက ထောက်ပြအကြံပြုသည့်အခါတိုင်း ဝန်ထမ်းများကိုအရေးယူခြင်းသည် အဖြေမဟုတ် ဟုယူဆမိသည့်အတွက် အထက်ဖော်ပြပါဖြစ်စဉ်များဖြစ်မလာအောင် ညွှန်ကြား ချက်များကို နှောင့်နှေးကြန့်ကြာမှုများမရှိဘဲ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးတို့ကို မည်သို့သော အစီအမံမျိုးများဖြင့် ကြိုတင်ပြင်ဆင်ထားပါသလဲဆိုသည်ကို သိလိုကြောင်း မေးမြန်းပါသည်။


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

လယ်ယာမြေလုပ်ပိုင်ခွင့်ဝယ်ယူထားသော တောင်သူများ ပုံစံ(၇)တွင် မိမိအမည်မပြောင်းရသေးမီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးရန် ကိစ္စနှင့်စပ်လျဉ်းပြီး လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းများကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြား ချက်များနှင့်အညီ အမည်ပြောင်းဆောင်ရွက်နေဆဲကာလအတွင်း အမည်ပြောင်းတောင်သူ၏ စိုက်ပျိုးစရိတ်ချေးငွေရရှိမှုအခွင့်အရေး မဆုံးရှုံးစေရန်အတွက် အမည်ပြောင်းလျှောက်လွှာ မိတ္တူ၊ စာချုပ်မိတ္တူ၊ အမွေဆက်ခံလယ်ယာမြေဖြစ်ပါက အမည်ပြောင်းလျှောက်ထားခြင်းကို ကန့်ကွက် လာမည့်သူမရှိကြောင်း မြို့နယ်ဦးစီးဌာနမှူးရုံး၏ ထောက်ခံစာတို့ဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ထုတ် ချေးမှုဆောင်ရွက်ပေးရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၁၅-၈-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ဖွံ့ဖြိုးဘဏ်/နစ-၁-၄(၆၈၄၂/၂၀၁၉)ဖြင့် တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်ဘဏ်ခွဲ အားလုံးသို့ ညွှန် ကြားထားပြီး ဖြစ်ပါကြောင်း၊ အမည်ပြောင်းဆောင်ရွက်မည့် တောင်သူများအနေဖြင့် ညွှန်ကြားချက် တွင်ပါရှိသည့် လိုအပ်သည့်အထောက်အထားများတင်ပြနိုင်ပါက စိုက်ပျိုးစရိတ်ချေးငွေချေးယူမှု အတွက် အခက်အခဲမရှိဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီးက ၃-၇-၂၀၁၇ ရက်နေ့တွင် ဆက်စပ်မေးခွန်းအဖြစ် ပုံစံ(၇) အမည်ပြောင်းလဲရာတွင် မြေပြင်တွင်ဖြစ်ပေါ်နေသော အခြေအနေများအရ တောင်သူများအနေဖြင့် ပုံစံ(၇)တွင် အမည်ပြောင်းရရှိရေးကို တရားမဝင်နည်းလမ်းများဖြင့် ငွေကုန်ကြေးကျများရှိနေခြင်း၊ သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် မြေတိုင်းစာရေးများမှလုပ်စားမှုများ ယခုတိုင်ရှိနေခြင်း တို့အပေါ် မည်ကဲ့သို့ဆောင်ရွက်လျက်ရှိကြောင်း သိလိုကြောင်းမေးမြန်းခဲ့ပါကြောင်း၊ အဆိုပါ မေးမြန်းမှုနှင့်ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လက်ရှိလုပ် ဆောင်နေမှုအခြေအနေမျာကို တင်ပြမည်ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို အသစ်ပြင်ဆင်မပြဋ္ဌာန်းနိုင်သေးမီ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများအနေဖြင့် တည်ဆဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၉ ပါ အခွင့်အရေးများ အပြည့်အဝခံစားနိုင်ရေးအတွက် လယ်ယာ မြေရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းများဆောင်ရွက်ရန် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉၊ ၃/၂၀၁၉ နှင့် ၄/၂၀၁၉ တို့ဖြင့် ထုတ်ပြန်ညွှန်ကြားခဲ့ပါကြောင်း၊

အဆိုပါညွှန်ကြားချက်များအရ လယ်ယာမြေကိုလက်ခံရရှိသူသည် ၎င်း၏အမည်ကို ပြောင်းလဲပေး ရေးအတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ပုံစံ(၉) ပါအတိုင်း မြို့နယ် ဦးစီးဌာနရုံးသို့ ပုံစံ(၇)နှင့်စာချုပ်တို့ကို ပူးတွဲတင်ပြလျှောက်ထားရမည်ဖြစ်ပါကြောင်း၊ မြို့နယ် ဦးစီးဌာနမှူးရုံးမှတစ်ဆင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့တင်ပြပြီး ယင်းအဖွဲ့၏ ခွင့်ပြုချက် ဖြင့် မြို့နယ်ဦးစီးဌာနမှူးရုံးသည် အမည်ပြောင်းခွင့်ရရှိသူအား မှတ်ပုံတင်ကြေးပေးသွင်းစေပြီး မှတ်တမ်းတင်ပြီးနောက် လျှောက်ထားသူအား အမည်ပြောင်းထားပြီးသည့် ပုံစံ(၇)ကို ထုတ်ပေး မည်ဖြစ်ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) အမည်ပြောင်းရရှိရေးဆောင်ရွက် ရာတွင် တရားမဝင်နည်းလမ်းများဖြင့် ‌ဆောင်ရွက်မှုများ ပေါ်ပေါက်ခဲ့ပါက ပါဝင်ပတ်သက်သော ဝန်ထမ်းများကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ယခင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ယခုလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ ၇-၂-၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၁၀၃၁/မယ(ထွေ)၂၀၁၄ ဖြင့် လယ်ယာမြေအရောင်းအဝယ်ကိစ္စရပ် များကို ဌာနမှဝန်ထမ်းမှ တရားမဝင်ပါဝင်မှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်ရန် ညွှန်ကြားထားရှိပါကြောင်း၊

သို့ဖြစ်ပါ၍ တောင်သူများလယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) အမည်မပြောင်းရသေးမီ စိုက်ပျိုးစရိတ် ချေးငွေရရှိရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စီစဉ်ဆောင်ရွက်ပေးထား ပါကြောင်း လယ်ယာမြေအရောင်းအဝယ်ကိစ္စ၊ အမည်ပြောင်းကိစ္စများတွင် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများပါဝင်ပတ်သက်မှုမရှိစေရန် သက်ဆိုင်ရာဌာနမှ ညွှန်ကြားချက်များထုတ်ပြန်ထားပြီးဖြစ်သကဲ့သို့ ပုံစံ(၇) အမည်ပြောင်းရရှိရေးအတွက် တရားမဝင် နည်းလမ်းများဖြင့် ဆောင်ရွက်မှုများပေါ်ပေါက်ခဲ့ပါက ပါဝင်ပတ်သက်သည့် ဝန်ထမ်းများကို ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း