Skip to main content

(ခ)-မြေပုံမြို့နယ် (အငူ-ထူးချေ) ကျေးရွာချင်းဆက် ပင်လယ်ကမ်းခြေ ပတ်လမ်း လှိုင်းကာကျောက်စီနံရံ အရှည်(၂၈၀၀)ပေ၏ အမြင့်အား နှစ်ပေထပ်မံမြှင့်တင်ပေးရန်၊ မြေသားလမ်းနှစ်မိုင်အား ကျောက်ချော လမ်းခင်းပေးရန်၊ ရွာနှစ်ရွာကြားရှိ မတ်စောက်၍ အန္တရာယ်များသော တောင်အား ဖြတ်တောက်ပြီး လမ်းနှင့်ရွာအကြား တစ်ဆက်တစ်စပ်တည်း ဖြစ်စေရန် မြေသားဖို့ ပေးခြင်းနှင့် လိုအပ်နေသော ရေပြွန်များအတွက် မြေထိန်းနံရံများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိတို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိအနေဖြင့် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆိုင်သည့် မေးခွန်းတစ်ခုကို  မေးမြန်းသွားမည် ဖြစ်ကြောင်း၊  ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တောင်ဘက် တစ်မိုင်အကွာတွင် ရှိသည့် အငူကမ်းခြေသည်  သာယာလှပသည့် ကျေးရွာနှင့် ကမ်းခြေတည်ရှိသည့် ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ၎င်းနေရာသည် သဘာဝလှိုင်း လေအန္တရာယ် အကြိမ်ကြိမ်တိုက်ခတ်မှုကြောင့် အငူကမ်းခြေသည် ပျက်စီးပြီး ကျေးရွာ ရေရှည်တည်တံ့ရေးအတွက် အန္တရာယ်ကျရောက်လျက် ရှိပါကြောင်း၊ ၎င်းကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် အရှည်(၂၈၀၀)ပေရှိသည့် လှိုင်းကာ ကျောက်စီနံရံနှင့် နှစ်မိုင်ရှည်လျားသည့် အငူ-အထူးချေ ကျေးရွာချင်း ဆက်လမ်းကို ဖောက်လုပ်ပေးခဲ့ပါကြောင်း၊ သို့သော် လှိုင်းကာကျောက်စီနံရံသည် နိမ့်ပြီး မိုးတွင်းကာလတွင် ဒီရေကျော်ဝင်ခြင်း၊ မြေသားလမ်းပျက်စီးခြင်း၊ လမ်းအကျယ်နည်းသဖြင့် ကျေးရွာနှင့် လမ်းအကြားတွင် တစ်ဆက်တစ်စပ်တည်း မတည်ရှိသည့်အတွက် လမ်းပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ ပါကြောင်း၊ ၎င်းအခြေအနေများကြောင့် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်အပြီးတွင် နောက်ထပ် ရေပြွန်တွေမလုံလောက်ခြင်း၊ တချို့နေရာများတွင် မြေထိန်းနံရံများ လိုအပ်ခြင်း၊ အချို့နေရာများတွင် ကျေးရွာနှစ်ရွာကြားတွင် ရှိသည့် တောင်ပေါ်ဖြတ်လမ်းသည် ကျဉ်းမြောင်းပြီး၊ မတ်စောက်ပြီး အန္တရာယ်ကျရောက်နေသည့်အတွက် အဆင်မပြေ ဖြစ်ခဲ့ရပါကြောင်း၊

မိမိတို့ မြေပုံမြို့နယ်သည် ကျွန်းစင်၊ ကျွန်းလွတ် ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ရေလမ်းကိုသာ အဓိက အားကိုးနေရသည့် မြို့နယ်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြက်ဆင်တံတားကို တည်ဆောက်ပေးခဲ့သည့် နောက်ပိုင်းတွင် မိမိတို့ မြေပုံမြို့နယ်သည် စစ်တွေ-ရန်ကုန် လမ်းမကြီးနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိပြီး ခရီးသွား၊ ခရီးလာများသည် မြေပုံမြို့နယ်ကို တိုက်ရိုက်လာရောက် လည်ပတ်ခွင့် ရရှိခဲ့ကြပါကြောင်း၊ ထိုကဲ့သို့ ခရီးသွား အပန်းဖြေလာသည့် ပြည်သူများကို အဓိကဆွဲဆောင်သည့် နေရာသည် အငူကျေးရွာ၏ ပင်လယ်ကမ်းခြေ ဖြစ်ပါကြောင်း၊ ၎င်းအငူကမ်းခြေကို မိမိတင်ပြခဲ့သည့်အတိုင်း ကျေးရွာကို လှိုင်းလေများ ရိုက်ခတ်သည့်အတွက် ကျေးရွာမပျက်ရစေရန်နှင့် ကမ်းခြေကို ကျွန်းပတ်လမ်းဖြစ်စေရန်တို့အတွက် ပြည်နယ်အစိုးရ ရန်ပုံငွေကိုယူပြီး ဒီလှိုင်းကာ ကျောက်တန်းနှင့် မြေသားလမ်းကို ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊

တောင်ပေါ်‌ဖြတ်လမ်းသည် ကျဉ်းပြီး မတ်စောက်သည့် အပြင်၊ အဆင်းနေရာများတွင် ကျောက်စီနံရံများ မရှိသည့်အတွက် ၎င်းနေရာတွင် အန္တရာယ်ခဏခဏ ကြုံတွေ့ရပါကြောင်း၊ ထို့ပြင် ရွာနှင့် လမ်းကြားတွင် မြေသားဖို့ခြင်း ကျဉ်းသည့်အတွက် ကွက်လပ်များ ဖြစ်ပြီး လမ်းသည် ဆက်လက်ပြီး ပျက်စီးနေပါကြောင်း၊ မိုးတွင်း ကာလတွင် ရေကျော်ဝင်ခြင်းများ ဖြစ်ပါကြောင်း၊ မိုးတွင်းကာလ ရေထရက်များတွင် ဒီလိုလှိုင်းရေများသည် ကျော်ဝင်သည့်အတွက် ဆောက်လုပ်သည့် လမ်းများသည် ပျက်သွားကြောင်း၊ ထို့ပြင် လှိုင်းကာကျောက်စီ နံရံသည် ရေကို မတားဆီးနိုင်ပါကြောင်း၊ ၎င်းအခြေအနေများဖြစ်သည့်အတွက် လမ်းကောင်းမွန်ရေး၊ ကျေးရွာ ရေရှည် တည်တံ့ခိုင်မြဲရေးကို ဦးစားပေးပြီး မေးခွန်းမေးမြန်း လိုပါကြောင်း၊ (၁) လက်ရှိလှိုင်းကာ ကျောက်စီနံရံ (၂၈၀၀)ပေ အမြင့်အား နှစ်ပေထပ်မံ မြှင့်တင်ပေးရန်နှင့် မြေသားလမ်းနှစ်မိုင်အား ကျောက်ချောလမ်းအဖြစ် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ၊ (၂) လက်ရှိ ယာဉ်သွားယာဉ်လာအတွက် မတ်စောက်၍ အန္တရာယ်များသည့် တောင်အား ဖြတ်တောက် နှိမ့်ချပြီး ထွက်လာသည့် မြေသားများအား လမ်းနှင့် ရွာအကြား တစ်ဆက်တစ်စပ်တည်း ဖြစ်စေရန် ဖို့ပေးနိုင်ခြင်း ရှိ/မရှိ၊ (၃) လိုအပ်သည့် ရေပြွန်များ၊ မြေထိန်းနံရံများအား တည်ဆောက် အကောင်အထည်ဖော် ပေးနိုင်ခြင်း ရှိ/မရှိ  မေးမြန်းပါသည်။


 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်(အငူ-ထူးချေ) ကျေးရွာချင်းဆက် မြေသားလမ်း၏ လက်ရှိ လှိုင်းကာ ကျောက်စီနံရံ အရှည်ပေ ၂၈၀၀ ကို နှစ်ပေ ထပ်ပြီးမြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၃၅ သန်းဖြင့် ဆောင်ရွက်ရန် လျာထား ပါကြောင်းနှင့် ရွာနှစ်ရွာကြားရှိ မတ်စောက်သည့် တောင်တက်လမ်းကို ဖြတ်တောက်နှိမ့်ချပြီး ထွက်လာသည့် မြေသားများဖြင့် လမ်းချဲ့ခြင်း၊ လမ်းတာပေါင် မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၉၅ သန်းဖြင့် ဆောင်ရွက်ရန် လျာထားပြီး ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖြေကြားလာပါကြောင်း၊

မြေသားလမ်း နှစ်မိုင်ကို ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်မည် ဆိုပါက ကျပ် ၂၁၅ သန်း ခန့်၊ ရွာနှစ်ရွာကြားရှိ လမ်း၏ ‌ခြောက်နေရာတွင် လိုအပ်သည့် ရေပြွန်များ ဆောင်ရွက်မည်ဆိုပါက ကျပ်သန်း ၃၀ ခန့်နှင့် ထပ်မံလိုအပ်သည့် ကမ်းခြေ ထူးချေ ကျေးရွာကြားရှိ လှိုင်းကာကျောက်စီ မြေထိန်းနံရံ ပေ(၁၇၀၀)ဆောင်ရွက်မည်ဆိုပါက ကျပ်သန်း ၁၂၀ ခန့်အထိ အသီးသီး ကုန်ကျမည် ဖြစ်ပါသဖြင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ လျာထားတင်ပြ သွားမည် ဖြစ်ပါကြောင်းနှင့် လတ်တလောတွင် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ဖြေကြားပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး