(က)-မြစ်သားမြို့တွင် နှစ်စဉ်ရေကြီးမှုဒဏ်ကို ခံစားနေရသော ဘူတာရပ်ကွက်နှင့် ယွေးကျေးရွာရှိ ပြည်သူများအတွက် ရေကြီးရေလျှံမှုများမှ ကာကွယ်တားဆီးရန် လုပ်ငန်းအစီအမံများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း | Pyithu Hluttaw Skip to main content

မြစ်သားမြို့တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးမှုဒဏ်ကို ခံစားနေရသော ဘူတာရပ်ကွက်နှင့် ယွေးကျေးရွာ ရှိ ပြည်သူများအတွက် ရေကြီးရေလျှံမှုများမှ ကာကွယ်တားဆီးရန် လုပ်ငန်းအစီအမံများ အမြန်ဆုံး ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မြစ်သားမြို့၊ ဘူတာရပ်ကွက်နှင့် ယွေးကျေးရွာတို့ရှိ ရေကြီးရေလျှံ ရေဝင်ရောက်မှုဒဏ်ကို ခံစားနေသည့် ပြည်သူများ ကိုယ်စား မေးခွန်း မေးမြန်းသွားမည် ဖြစ်ကြောင်း၊ မြစ်သားမြို့နယ်တွင် အဓိကကျသည့် မြစ်နှစ်စင်း ရှိပါကြောင်း၊ ပန်းလောင်မြစ်နှင့် စမုံမြစ်များ ဖြစ်ကြောင်း၊ ၎င်းမြစ်များ ရှိသည့်အတွက် မိမိတို့မြို့နယ်သာမက တခြားနီးစပ်သည့် မြို့နယ်များပါ ကောင်းကျိုးများစွာကို စံစားခံစားရသော်လည်း မိမိတို့ မြို့နယ်တွင်ရှိသည့် မြစ်ဘေးရှိ ရွာ‌များသည် ရေကြီးရေလျှံမှုဒဏ်ကို နှစ်စဉ်ခံစားနေရပါကြောင်း၊ ထို့ကြောင့် ပြည်သူ့လွှတ်တော်တွင် စမုံမြစ်ဘေးနားရှိ ရွာများ၊ ပန်းလောင် မြစ်ဘေးနားရွာများအတွက် ရေကြီး ရေလျှံမှုဒဏ်ကို ရေတို၊ ရေရှည် စီမံကိန်းများနှင့် မည်သို့ဆောင်ရွက်မည်ကို မိမိမေးမြန်းချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနက ဖြေကြားရာတွင် မြို့နယ်၊ တိုင်းဒေသကြီး၊ ခရိုင်များနှင့် ဌာနဆိုင်ရာများ အားလုံးပူးပေါင်းပြီး ရေရှည်၊ ရေတို စီမံကိန်းများနှင့် ဆောင်ရွက်မည်ဟု ပြန်လည်ဖြေကြားမှုအပေါ်ကို ကြိုဆိုပါကြောင်း၊

သို့သော် ဘူတာရပ်ကွက်နှင့် ယွေးကျေးရွာအတွက် သီးခြားမေးခွန်းထပ်မေးရခြင်းသည် ၎င်းရွာများသည် ပန်းလောင်မြစ်၊ စမာ ရေလွှဲဆည်၏ အောက်ဘက် အနိမ့်ပိုင်းတွင် ရှိပြီး မိုးအမှန်တကယ် ရွာလာပါက မြစ်ရေထောက်သည့် ဒဏ်နှင့် ပေါင်းပြီး တစ်နှစ်ကို တစ်ကြိမ် သာမက တချို့နှစ်များတွင် နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ်ထိအောင် ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရသည့် အတွက် သီးခြားထပ်မံပြီး မေးခွန်း မေးမြန်းရခြင်း ဖြစ်ကြောင်း၊  ရေကြီးရေလျှံမှုဒဏ်ကို ကာကွယ်ရန်အတွက် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ လွှတ်တော်များတွင် ဆွေးနွေးခြင်း၊ မေးမြန်းခြင်း၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ပြီး ပြည်သူ့ကိုယ်စား တင်ပြခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊

လက်ရှိအနေအထားတွင် မိမိ၏ ကြယ်ပွင့်ပြမေးခွန်းကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် စမုံမြစ်နှင့် ပန်းလောင်မြစ် နှစ်စင်းတွင်ရှိသည့် ရေကြီးရေလျှံမှုဒဏ်ကို ကာကွယ်ရန်အတွက် မဟာဗျူဟာမြောက်စီမံကိန်းများကို ဆောင်ရွက်လျက်ရှိသည်မှာ မှန်ကန်ပါသော်လည်း၊ ကြိုဆိုပါသော်လည်း ယခုတင်ပြပါ ဘူတာရပ်ကွက်နှင့် ယွေးကျေးရွာအပိုင်းသည် လတ်တလော အမြန်ဆောင်ရွက်မှသာ ပြည်သူများ ရေဘေးဒုက္ခမှ ကင်းဝေးမည်ဖြစ်ပါသဖြင့် အမြန်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ကိုယ်စား မေးမြန်းလိုသည်က နှစ်စဉ်နှစ်တိုင်း ရေကြီး ရေလျှံ ရေဝင်ရောက်မှုဒဏ်ကို ခံစားနေရသော မြစ်သားမြို့၊ ပန်းလောင်မြစ်ဘေးရှိ ဘူတာရပ်ကွက် နှင့်ယွေးကျေးရွာရှိ ပြည်သူများအတွက် နောင်တွင် ရေကြီးရေလျှံ ရေဝင်ရောက်မှုများမှ ကာကွယ် တားဆီးရန် ပြည်ထောင်စု အရေးပေါ် ရန်ပုံငွေမှဖြစ်စေ၊ တိုင်းဒေသကြီး အရေးပေါ် ရန်ပုံငွေမှဖြစ်စေ၊ အခြားဘဏ္ဍာ နှစ်ခေါင်းစဉ်မှဖြစ်စေ သုံးစွဲပြီး လုပ်ငန်းအစီအမံများ အမြန်ဆုံးချမှတ် အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်နှင့် မရှိပါက အဘယ်ကြောင့်နည်းသိလိုကြောင်း မေးမြန်းပါသည်။


 

ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတိုင်း မြစ်သားမြို့နယ်၊ စမုံမြစ်နှင့် ပန်းလောင်မြစ်ဘေးရှိ ကျေးရွာများအတွက် နောင်တွင် ရေကြီးရေလျှံ ဘေးသင့်မှုမှ ကင်းဝေးစေရန် ဖြေရှင်း ဆောင်ရွက်ပေးရန် ရှိ/မရှိနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ကိုယ်စားလှယ်တော်ကြီး၏ ကြယ်ပွင့်ပြမေးခွန်း မေးမြန်း ခဲ့မှုအပေါ်တွင် လည်းကောင်း၊ မြစ်သားမြို့၊ ပန်းလောင်မြစ်၊ စမာသဲထုတ်အောက်ပိုင်း  ရေကြီး နစ်မြုပ်မှု ကာကွယ်ရန် သဲနုန်းတူးဖော်ခြင်းနှင့် တာပေါင်များ ပြုပြင်ရန် အစီအစဉ် ရှိ/မရှိကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၏ ကြယ်ပွင့်မပြ မေးခွန်း အပေါ်တွင် လည်းကောင်း၊ ပန်းလောင်မြစ် ရေကြီးရေလျှံမှု လျော့ပါး သက်သာစေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများမှာ လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ခြင်း၊ မြေယာလျော်ကြေး ကိစ္စရပ်များအတွက် ဒေသခံပြည်သူများ၏ သဘောထားတူညီမှုမှုများ ရှိရန် များစွာ ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ခြင်း၊ မြစ်ချောင်း နယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက် နေထိုင်သူများကို ရှင်းလင်းရမည် ဖြစ်ခြင်း၊ လုပ်ငန်းကုန်ကျစရိတ် လွန်စွာများပြားနိုင်ခြင်းနှင့် အသေးစိတ် လုပ်ငန်းများအတွက် အချိန်ယူ ဆောင်ရွက်ရမည် ဖြစ်ခြင်းတို့ကြောင့် ဆောင်ရွက်သင့်သည့် အစီအမံများ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ဖြေကြားထားခဲ့မှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က  တင်ပြထားပါကြောင်း၊

ထို့ပြင် မြစ်သားမြို့အောက်ပိုင်း ဘူတာရပ်ကွက်အတွင်း ရေကြီးရေလျှံ ကာကွယ်ရေး အတွက် အရေးပေါ် ဆောလျင်စွာ ပြုပြင်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် ပတ်သက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၏ မေးမြန်းခဲ့မှုအပေါ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် အစည်းအဝေးနှင့် (၁၅)ကြိမ်မြောက် အစည်းအဝေးတို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားပြီး ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကိုလည်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ဖြေကြားခဲ့ပြီးဖြစ်သည်ကို သိရှိရပါကြောင်း၊ မြစ်သားမြို့၊ ဘူတာရပ်ကွက်တွင် မိုးရာသီ ရေများချိန်၌ နှစ်စဉ် ရေလွှမ်းမိုးလေ့ရှိသဖြင့် ယခုနှစ်တွင် ရုတ်တရက် ရေကြီးရေလျှံမှုမှ ကာကွယ်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစ်ကြောင်းတိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တိုင်းတာတွေ့ ရှိချက်များအရ ဆောင်ရွက်သင့်သည့် အစီအမံများ ရေးဆွဲပြီး ခန့်မှန်းကုန်ကျ စရိတ်များ တွက်ချက်၍ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် လျာထားပေးမည်ဖြစ်ပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြေကြားထားပါကြောင်း၊

မြစ်သားမြို့၊ ဘူတာရပ်ကွက် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေးအတွက် ‌ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ပန်းလောင် မြစ်ကြောင်းတစ်လျှောက် မြစ်သားမြို့ရှိ စမာသဲထုတ်ဆည်၏ အထက်ဘက် ၁.၁ ကီလိုမီတာနှင့် အောက်ဘက် ၃.၅ ကီလိုမီတာ စုစုပေါင်း ၄.၆ ကီလိုမီတာကို တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ပါကြောင်း၊ ကွင်းဆင်းတိုင်းတာ စစ်ဆေး တွေ့ရှိချက်များအရ မြစ်သားမြို့အနီး ပန်းလောင်မြစ်တွင် စမာသဲထုတ်ဆည် တည်ဆောက်ပြီး နောက်ပိုင်းမှာ ဒေသ၏ စိုက်ပျိုးရေး လုပ်ငန်းများ၌ စိုက်ပျိုးရေး ရေရရှိရေးအတွက် အထောက်အကူ ဖြစ်ခဲ့သော်လည်း စမာသဲထုတ်ဆည်၏ အောက်ဘက်ရှိ ပန်းလောင်မြစ်အတွင်း နွေရာသီတွင် ရေစီးဆင်းမှုနည်းပါးခဲ့ပြီး မြစ်ကြမ်းပြင် မြင့်တက်လာခြင်း၊ ကမ်းပါးနယ်နှင့် မြစ်ချောင်းနယ်အတွင်း သစ်ပင်များ ပေါက်ရောက်လာခြင်းနှင့် လူတို့၏ ကျူးကျော် နေထိုင်ခြင်းများကြောင့် မိုးရာသီရေများချိန်တွင် ပန်းလောင်မြစ်အတွင်း ရေစီးဆင်းမှုအတွက် အဟန့်အတားများ ဖြစ်ခဲ့ပြီး မြစ်ရဲ့လိုအပ်တဲ့ အကျယ်နှင့် အနက် မရှိသည့်အတွက် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းကို သုံးသပ်တွေ့ရှိခဲ့ရပါကြောင်း

ယခုအခါ တိုင်းတာရရှိသည့် ရေလမ်းအချက်အလက်များအရ ဆောင်ရွက်သင့်သည့် ဒီဇိုင်းများ ရေးဆွဲခြင်းနှင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေတွင် ထည့်သွင်းနိုင်ရေး အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး