Skip to main content

ပေါင်မြို့နယ်၊ သဲဖြူကုန်း မြေပြိုမှုဖြစ်ရသည့် အကြောင်းအရင်းကို သိရှိလို၍ သဘာဝကြောင့် မြေပြိုမှု ဖြစ်ခြင်း၊ လူများကြောင့် မြေပြိုမှုဖြစ်ခြင်း ဆိုသည်ကို အကြောင်းအရင်း အမှန်ကို သိရှိလို၍ မေးမြန်းရခြင်း ဖြစ်ကြောင်း၊ ၉-၈-၂၀၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ ဗြဲပြာကုန်းရပ်ကွက်မှ မြေပြိုမှုဖြစ်စဉ်သည် မြန်မာတစ်နိုင်ငံလုံးအပြင် နိုင်ငံတကာမှ စိတ်ဝင်စား ထိတ်လန့်စေခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ မြေပြိုမှုတွင် အပြစ်မဲ့ပြည်သူများ ၇၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၈ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့ပါကြောင်း၊ အိမ်ထောင်စု ၂၇ စုအပါအဝင် လမ်းခရီး သွားလာနေသည့် ခရီးသွားပြည်သူများ၏ ပစ္စည်းဥစ္စာများစွာကိုလည်း ဆုံးရှုံးခဲ့ရပါကြောင်း၊ ၎င်းကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင်ကို လျစ်လျူရှုပြီး ကိုယ်ကျိုးအတွက် အသုံးချခဲ့သည့် သူများကြောင့် သဘာဝဘေးဒဏ်ကို အပြစ်မဲ့ပြည်သူများကသာ ခံစားခဲ့ရသည်ကို ပြသပြီး အသိပေးခြင်း ဖြစ်ကြောင်း၊ ၎င်းဖြစ်စဉ်သည် သာမန်ကြည့်မည်ဆိုပါက သဘာဝဘေး အန္တရာယ်ကြောင့်ဟု ထင်မြင်ယူဆနိုင်သော်လည်း သဘာဝအတိုင်းရှိနေသည့် တောင်ကို လူတစ်ဦးတစ်ယောက်၏ ပယောဂမပါဘဲ ရုပ်ချည်းပြိုကျသည့်အထိ ဖြစ်လာစရာအကြောင်း မရှိဘူးဟု ယူဆမိပါကြောင်း၊ ၎င်းဖြစ်စဉ်တွင် ပတ်ဝန်းကျင်၏ ပြောကြားချက်နှင့် မြေပြိုမှုတွင် အသက်ရှင် ကျန်ရစ်ခဲ့သည့် သူများ၏ ပြောကြားချက်အရ ယခုမြေပြိုမှုသည် မူလတောင်ခြေတွင် ကိုယ်ကျိုးစီးပွားရှာ လုပ်ငန်းရှင်များ၏ မြေကြီးကိုတူးပြီး ခြံကွက်တူးဖော် တိုးချဲ့သည့်တွက် တောင်၏ အောက်ခြေကို ဟန်ချက်ပျက်ပြီး အပေါ်က အထိန်းအကွပ်မရှိသည့်အတွက် မိုးကြီးသည့် အချိန်တွင် ပြိုကျခဲ့ ခြင်းဖြစ်သည်ဟု ကြားသိခဲ့ရပါကြောင်း၊ သဲဖြူကုန်းကျေးရွာမှာ မြေပြိုမှုဖြစ်စဉ်တွင် တောင်က ပြိုဆင်းလာသည့်အတွက် လယ်ကွင်းနားတွင် သွားပြီး စုပြုံပြီး အိမ်ခြေ ၂၇ လုံးကို ‌ကြေမွသွားသည် ဖြစ်စဉ်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြကြောင်း၊ ဖြစ်သည့် မူလနေရာ ထိပ်မှ တောင်ကနေ ပြိုဆင်းလာသည့် သဘောဖြစ်ကြောင်း၊ တောင်၏ မူလအခြေအနေနှင့် ၎င်းနေရာတွင် နေထိုင်နေသည့် လူများ၊ အောက်ခြေတွင် ဖြိုဖျက်ထားသည့်အတွက် ဟန်ချက်ပျက်နေသည့် ပုံစံများ၊ စားသောက်ဆိုင် တစ်ဆိုင်မှ အောက်ခြေကို မြေကြီးချဲ့ပြီး တူးဖော်ထားသည့် တောင်၏ အခြေထိကို တူးဖော်လိုက်သည့်အတွ်ကြောင့် ဟန်ချက်များ ပျက်ခြင်း ဖြစ်ကြောင်း၊ မြေပြိုမှု၏ အနီးကပ် အခြေအနေ၊ ၎င်းတောင်တွင် မိမိတို့ ပေါင်မြို့နယ်၏ ပြည်သူတွေအားလုံးသည် တောင်ခြေတွင် နေထိုင်သည့် လူများ များပြားပါကြောင်း၊ တောင်မှကျလာသည့် စမ်းချောင်းရေများ၊ နွေ၊ မိုး၊ ဆောင်း အဆက်မပြတ် ရရှိသည့် အတွက် ရှေးအဆက်ဆက် နေထိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ရှေးယခင်က မည်သူကမျှ တောင်‌ခြေကို တူးဖော်ရောင်းစားခြင်း မရှိပါကြောင်း၊ ဖွံ့ဖြိုးလာသည်နှင့်အမျှ လမ်းမြေဖောက်ရန်အတွက် ဈေးကောင်းသည့် အတွက် ရောင်းစားကြခြင်း များပါကြောင်း၊ တော၊ တောင်မြေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ကြီးကြပ်ကိုင်တွယ်ပြီး မြေစာရင်းဌာနနှင့် အုပ်ချုပ်ရေးမှူးတို့ကို ခွင့်ပြုချက်ယူပြီးမှသာ လုပ်၍ ရပါကြောင်း၊။ ပေါင်မြို့နယ်တွင် နောက်ထပ်ပြိုနိုင်သည့် နေရာများ ရှိပါကြောင်း၊ ၎င်းနေရာများသည်လည်း အရင်က တူးဖော်ထားသည့် အတွက် ၎င်းနေရာများတွင် ကျောင်းကအစ အကုန်လုံးရွှေ့ထားသည့် နေရာများဖြစ်ပါကြောင်း၊

ယခု ပြိုကျသည့် တောင်သည် ကုလားမတောင်တန်း၏ အဆက်အစပ်ဖြစ်သည့် မလတ်တောင်ဟု ခေါ်ကြပါကြောင်း၊ သက်နုတောင် အမျိုးအစားဖြစ်သည့်အတွက် မြေတူးဖော်ခြင်း၊ ကျောက်မိုင်းခွဲခြင်းကို ခွင့်မပြုထားပါကြောင်း၊ တောင်သည် သဘာဝအတိုင်း ရှိနေပါက တောင်မှ မည်သည့် ဒုက္ခ မပေးသော်လည်း တောင်ကို တူးဖော်လိုက်ပါက နောက်ထပ်ပြိုကျနိုင်သည့် အခြေအနေများ အန္တရာယ် ရှိလာနိုင်သည်ကို ပညာရှင်များက သုံးသပ်ထားပါကြောင်း၊ ထိုကဲ့သို့ နေရာ တော်တော်များများ နောက်ထပ် ပြိုကျနိုင်ခြေရှိသည်ဟု ပညာရှင်များနှင့် ပြည်နယ်အစိုးရများက ပြောကြားထားခြင်း ရှိပါကြောင်း၊ တောင်သည် ယခုဖြို ယခုချက်ချင်း ပြိုကျသွားခြင်း မဟုတ်ပါကြောင်း၊ ခေတ်အဆက်ဆက်က တူးဖော်ပြီး ယခုရော၊ နောင်ရော ဆက်လက်ခွင့်ပြုပေးမည်ဆိုပါက ပတ်ဝန်းကျင်တွင် နေထိုင်သည့် ပြည်သူများ၏ အသက်အန္တရာယ် အချိန်မရွေး ကျရောက်စေနိုင်ပါကြောင်း၊ နိုင်ငံတော်အစိုးရသည် ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးရမည့် တာဝန်ရှိသည့်အတွက် ယခုဖြစ်စဉ်အပေါ် ဖြစ်ပြီးမှ မတတ်နိုင်ဘူးဆိုသည့် သဘောမျိုး မဖြစ်စေဘဲ တာဝန်ယူ၊ တာဝန်ခံမှုဖြင့် ပြည်သူများကို ပွင့်လင်းမြင်သာမှု ရှိစေရန် ချပြပြီး ၎င်းဖြစ်စဉ် ဖြစ်ရသည့် အကြောင်းရင်းကို ဖော်ထုတ်ပြီး ဖန်တီးသည့်သူနှင့်၊ ဥပဒေချိုးဖောက်သူတို့ကို တားဆီးရမည့်အစား မသိကျိုးကျွံပြုနေသည့် သက်ဆိုင်ရာ ဌာနများကိုပါ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ၎င်းမြေပြိုမှု အကြောင်းအရင်းကို သိလိုသည့်အတွက် မေးမြန်းပါသည်။


 

 

ပေါင်မြို့နယ်၊ သဲဖြူကုန်း မြေပြိုမှု ဖြစ်စဉ်ကို ကွင်းဆင်းစစ်ဆေးရန် မိမိတို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဦးမြင့်စိုး ခေါင်းဆောင်သည့် ဘူမိဗေဒ ဝန်ထမ်းငါးဦးပါသည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို   ၂၈-၈-၂၀၁၉ ရက်နေ့တွင် တာဝန်ပေး စေလွှတ်ခဲ့ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ဝန်ကြီးချုပ်နှင့်တကွ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များကို ၃၀-၈-၂၀၁၉ ရက်နေ့တွင် တွေ့ဆုံလမ်းညွှန်မှု ခံယူခဲ့ပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံမေးမြန်းပြီး မြေပြိုခြင်းနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို ရယူစုဆောင်းခဲ့ပါကြောင်း၊ သဲဖြူကုန်း မြေပြိုမှုသာမက အခြားမြေပြိုမှု ဖြစ်ပွားခဲ့သည့် တောင်-မြောက်နီးပါး မနီးမဝေး နေရာ ၁၄ ခုတို့နှင့် ဘူမိဗေဒနှင့် အောက်ခံ ကျောက်သားအခြေအနေ၊ မြေပြိုရသည့် အကြောင်းအရင်း၊ အနီးပတ်ဝန်းကျင်ရှိ မြေလွှာ အက်ကြောင်းများ၊ တောင်ခြေရှိ လူနေအိမ်များ၊ စာသင်ကျောင်းများအတွင်းသို့ ဝင်ရောက်ပြီး ကြည့်ရှုစစ်ဆေး တိုင်းတာခဲ့ပါကြောင်း၊

          ပေါင်မြို့နယ်၊ သဲဖြူကုန်းမြေပြိုခြင်းသည် ၉-၈-၂၀၁၉ ရက်နေ့ နံနက် ၈:၀၀ နာရီအချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းမြေပြိုမှု ဒေသတွင် ပါမီယမ်သက်တမ်းရှိသည့် မုတ္တမ ကျောက်ထပ်လွှာများနှင့် ဖွဲ့စည်းထားပါကြောင်း၊ ကျောက်ယူနစ်များအနေဖြင့် တောင်စောင်း အပေါ်ပိုင်းတွင် မာပြီး ထူသည့် သလင်းကြွယ် သဲကျောက်များ၊ ဂဝံကျောက်နှင့် တောင်စောင်း၏ အောက်ခြေပိုင်းတွင် ရာသီဥတုဒဏ် တိုက်စားမှု ခံထားရသည့် ရွှံ့ကျောက်၊ သဲမှုန်ကျောက်၊ ယှေလကျောက်တို့ကို အဓိက တွေ့ရှိရပြီး ကျောက်လွှာများသည် တောင်-မြောက် နီးပါး သွယ်တန်းနေပြီး အရှေ့မြောက်ဘက်သို့ ၅၅ ဒီဂရီဖြင့် ငိုက်စောင်းနေပါကြောင်း၊ အနောက်မြောက်-အရှေ့တောင် လားရာရှိပြီး အနောက်တောင်ဘက်သို့ ၄၂ ဒီဂရီဖြင့် ငိုက်စောင်းနေသည့် ပြတ်ရွေ့များသည် မြေပြိုမှုကို အဓိက ဖြစ်စေပြီး ၎င်းပြတ်ရွေ့ အက်ကြောင်းပြိုင်များအတွင်းသို့ မိုးရေနှင့် မြေအောင်းရေ ခိုအောင်းပြီး ပြိုကျသည့် Rotational and Translational Landslide မြေပြိုသည့် အမျိုးအစားဖြစ်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မြေပြိုမှု ဖြစ်ပေါ်ခဲ့သည့် မိုနိုင်းကျေးရွာ၊ ရင်းငြိမ်-ဖြူဘကျေးရွာနှင့် ကျွဲခြံ ကျေးရွာအနီး ဒေသများတွင် ရာသီဥတု ချေဖျက်မှုဒဏ်ကို လွန်စွာခံထားရသည့် မြေပြိုရန် လွယ်ကူသည့် ဂရက်နိုက်ဆန် နိုက်ကျောက်များကို တွေ့ရပါကြောင်း၊။ ကျွဲခြံ-ဇာတိပ္ဖိုလ် ဘုန်းကြီးကျောင်းတွင် ရှိသည့် မြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာပတ်ဝန်းကျင်တွင်လည်း နောက်ထပ်မြေပြိုမှုများ ဖြစ်ပွားရန် အလွန် လွယ်ကူကြောင်းကို မိမိတို့ လေ့လာတွေ့ရှိရပါကြောင်း၊ ပေါင်မြို့နယ်၊ သဲဖြူကုန်း မြေပြိုရခြင်းသည် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ပြတ်ရွေ့အက်ကြောင်းများ အတွင်းသို့ ရေဝင်ခြင်း၊ တောင်စောင်း အငိုက်ထောင့်များခြင်း၊ အပေါ်ပိုင်းတွင် မာပြီးထူသည့် သဲကျောက်များရှိပြီး အောက်တွင် ထမ်းထားရသည့် ရွှံ့ကျောက်၊ ယှေလကျောက်နှင့် သဲမှုန်ကျောက်များသည် မြေအောင်းရေနှင့် ရာသီဥတုဒဏ် ခံထားရခြင်းနှင့် အပေါ်တွင် လေးသည့် သဲကျောက်များကို ဆက်လက် ထမ်းထားနိုင်ခြင်း မရှိသည့်အတွက်ကြောင့်လည်းကောင်း၊ မိုးများပြားပြီး မြေဆီလွှာအတွင်း အောင်းရေ ခိုအောင်းမှု များပြားလာပြီး ရွှံ့ကျောက်၊ ယှေလကျောက်နှင့် သဲမှုန်ကျောက်များသည် နူးအိပျော်ဝင်ပြီး ချောဆီသဖွယ် ဖြစ်နေ၍လည်းကောင်း၊ ကျောက်တုံးကြီးများနှင့် မြေစာများ အစုလိုက် အပြုံလိုက် တောင်စောင်းအတိုင်း အောက်ဘက်သို့ မြေပြိုဆင်းရခြင်း ဖြစ်ပါကြောင်း၊ မြေအောင်းရေ အလွန်အကျွံ များနေပြီး မြေပြိုကျမှုတွင် ရေအားဖြင့် တွန်းသလို အဝေးသို့ ရောက်ရှိ ဖုံးလွှမ်းသွားခြင်းနှင့် မြေပြိုကျသည့် တောင်ခြေတွင် လူနေထိုင်မှုများခြင်း၊ ရွှံ့နွံပြင်ဖြစ်ပြီး လူနှင့် တိရစ္ဆာန်များ နစ်မြုပ်သေကြေ ပျက်စီးဆုံးရှုံးရခြင်းဖြစ်သည်ကို သုံးသပ်ရပါကြောင်း၊

          လူ့ပယောဂကြောင့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေသခံများကို ကွင်းဆင်းစစ်ဆေးမေးမြန်းခဲ့ သည့်အချိန်တွင် Highway King စားသောက်ဆိုင်သည် မြေပြိုမှုဖြစ်ပွားသည့် တောင်ခြေအနီးတွင် ရှိသည့် အဆိုပါ စားသောက်ဆိုင်၏ အနောက်ဘက်တွင် စားသောက်ဆိုင်ခန်းမ သီးသန့် ဆောင်ဆောက်လုပ်ရန်အတွက် မြေညှိခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ သဘာဝ ရေစီးကြောင်းများကို ကျောက်တုံးများနှင့် အဆင့်ဆင့်ခံပြီး ရေတံခွန်သဖွယ် ပြုလုပ်ခဲ့သည်ကို သိရှိရပါကြောင်း၊ သဲဖြူကုန်း မြေပြိုမှုဖြစ်စဉ်တွင် မြေပြိုရခြင်း၏ အဓိကအကြောင်းရင်းသည် ဘူမိဗေဒ အနေအထားနှင့် ပုံမှန်မဟုတ်သည့် မိုးသည်းထန်စွာ ရွာသွန်းသည့် မိုးရေချိန်ကြောင့်ဖြစ်ကြောင်း၊ သဲဖြူကုန်း တစ်ခုတည်း သာကွက်၍ လေ့လာခြင်း မဟုတ်ဘဲ ဒေသတစ်ခုလုံးအနေဖြင့် သဲဖြူကုန်းနှင့် အချိန်ခြားပြီး ဖြစ်ပွားခဲ့သည့် အခြားမြေပြိုမှုများအား ကွင်းဆင်းလေ့လာ ဆောင်ရွက်ချက်များအရလည်းကောင်း၊ အဆိုပါမြေပြိုမှု များနှင့်ပတ်သက်၍ လေ့လာခဲ့သည့် အခြားအဖွဲ့အစည်းများ၏ စိစစ်တွေ့ရှိချက်များ အရလည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့် အဓိကဖြစ်ပြီး လူ့ပယောဂကြောင့် ပါဝင်ပတ်သက်မှုသည်  အနည်းငယ်သာရှိသည်ကို သုံးသပ်ရပါကြောင်း၊ သဲဖြူကုန်း မြေပြိုမှုအပါအဝင် ပေါင်မြို့နယ်ဝန်းကျင် ဒေသများအတွင်း မြေပြိုမှုများနှင့်ပတ်သက်ပြီး နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် သတိပြုနေထိုင်ကြရန်၊ တောင်ခြေမြေကြော ဖြတ်တောက်ခြင်း(Toe Cutting) များ ဆက်လက် မပြုလုပ်ကြစေရန်၊ အင်ဂျင်နီယာ နည်းပညာပါသည့် မြေထိန်းနံရံများ တည်ဆောက်ခြင်း၊ မြေပြိုပြီးခဲ့သည့် နေရာများတွင် သစ်ပင်၊ မြက်ပင်များကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်းနှင့် ဆင်ခြေလျှောများကို ကာကွယ်ပေးသည့် အပင်များ ရွေးချယ်စိုက်ပျိုးခြင်း၊ မြေမျက်နှာပြင်နှင့် မြေအောက်ရေဆင်း စနစ်များကို စနစ်တကျ ပြုလုပ်ပေးခြင်းနှင့် ရေဆင်းစနစ်များကို အဟန့်အတား ဖြစ်စေမည့် အဆောက်အအုံများကို ရေဆင်းလမ်းအား ပိတ်ပြီး တည်ဆောက်ခြင်း မပြုကြရန်၊ သစ်တောသစ်ပင်များကို ဆက်လက် ထိန်းသိမ်းထားကြရန်နှင့် တောင်စောင်းနှင့် ဘုန်းကြီးကျောင်းများသို့ လမ်းဖောက်ရာတွင် လမ်းဆင်ခြေလျှောများကို မြေပြို၊ တောင်ပြိုမှု လျော့နည်းစေရန် ဖောက်လုပ်ခြင်းစသည့် နည်းလမ်းမျာ်အတိုင်း ဆောင်ရွက်သွားရန် အစီရင်ခံစာတွင် အကြံပြု တင်ပြထားပါကြောင်း၊

          ကွင်းဆင်းလေ့လာ တွေ့ရှိချက်များအရ မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပတ်ဝန်းကျင်မြေပြိုမှု (Landslide) ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများသည် သဘာဝကြောင့် ဖြစ်ပေါ်သည့် ဆင်ခြေလျှော အနေအထားများ မြင့်မားမတ်စောက်နေခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆင်ခြေလျှောမြေလွှာထဲတွင် အောင်းရေ မြင့်တက်လာခြင်းနှင့် အောက်ခံ ကျောက်သား အနေအထားနှင့် ဘူမိဗေဒ အနေအထားများ (Geological Structure : Fault, Sheared Plan, Joints) နှင့် မြေသားပြုပြင် ပြောင်းလဲ ဆောင်ရွက်မှုများကြောင့် ဖြစ်သည့်အတွက် သဘာဝ ဘေးအန္တရာယ်ကြောင့် အဓိကဖြစ်ပြီး လူ့ပယောဂကြောင့် ပတ်သက်မှု အနည်းငယ်သာ ပါရှိပါကြောင်း၊ ၎င်းမြေပြိုမှု၊ တောင်ပြိုမှုများကို ထိန်းချုပ်နိုင်ရန်၊ အသက်အိုးအိမ် ဆုံးရှုံးမှုများ လျော့နည်းသွားစေရန်၊ မြင့်မားမတ်စောက်သည့် တောင်စောင်းများအပေါ်တွင် လူနေအိမ်များ တည်ဆောက်ခြင်းနှင့် တောင်ခြေတွင်ကပ်၍ နေထိုင်ခြင်း၊ တောင်ခြေအား ခုတ်၍ နေရာချဲ့ခြင်းတို့အား ဒေသအာဏာပိုင်များမှ စီမံချက်များ ချမှတ်ပြီး ထိန်းချုပ်ခြင်း၊ မြေပြိုခြင်းနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများ ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြုသင့်သည်များကို အသိပညာပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းများကို ဆောင်ရွက် စီစဉ်သင့်ပါကြောင်း ဖြေကြားပါသည်။

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်း ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ