Skip to main content

(စ)-ကြံခင်းမြို့နယ် မြောက်မြန်အောင်ကြိုးဝိုင်း၊ ကွင်းအမှတ်(၂၅) နှင့် (၂၆)အတွင်းရှိ ပျိုးပင်များ ရေလောင်းရန်အတွက် ရေသယ်ယာဉ်တစ်စီး ထောက်ပံ့ပေးရန်နှင့် ဝန်ထမ်း၊ ပြည်သူများ အတွက် လိုအပ်နေသော ပေ ၁၇၀၀၀ ရှိ လမ်းပိုင်းအား ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိ၏မေးခွန်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များသည် ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု သရက်စမ်းဆင်စခန်းကျေးရွာသို့ သွားရောက်လေ့လာခဲ့ပါကြောင်း၊ သရက်စမ်း ကျေးရွာတွင် မူလတန်းကျောင်းတစ်ကျောင်းရှိပြီး ဆင်စခန်းမှ ဝန်ထမ်းသားသမီးများ၊ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ကလေးငယ်များ လာရောက်ပညာသင်ကြားနေသည်ကို တွေ့ရှိရပါကြောင်း၊ အနီးဆုံးလယ်မရွာမှ သရက်စမ်းကျေးရွာသို့ သွားသည့်လမ်းခရီးသည် ချောင်းရိုးတစ်လျှောက် မော်တော်ယာဉ်ကြီးများ၊ ဆင်များဖြင့် ခက်ခဲစွာသွားရပါကြောင်း၊ တောင်ကျရေကျသည့်အချိန်တွင် ယာဉ်လမ်းအတိုင်းသွားလာ၍ မရပါကြောင်း၊ ချောင်းရိုးက မဖြတ်ရသော တောင်ပေါ်လမ်းသည် အနီးဆုံးလယ်မရွာအထိ ပေ ၁၇၀၀၀ သုံးမိုင်ခန့်ရှိပြီး လက်ရှိ ခြေလျင်၊ ဆိုင်ကယ်များသာ သွားလာရပါကြောင်း၊ သစ်တောဦးစီးဌာန စိုက်ခင်း လုပ်ငန်းမှဝန်ထမ်းများ၊ ပညာရေး၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် တခြားဌာနဆိုင်ရာ ဝန်ထမ်း များ၊ ဒေသခံပြည်သူများအတွက် ရာသီမရွေးသွားလာ နိုင်သော လမ်းတစ်လမ်းလိုအပ် လျက်ရှိကြောင်း တွေ့ရှိရပါကြောင်း၊ ယင်းလမ်းပိုင်းသည် ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အဆင့်သတ်မှတ်ချက်တွင် Class-C တွင် သာပါရှိကြောင်းလည်း သိရှိရပါကြောင်း၊

သရက်စမ်းဆင်စခန်းတွင် ဆင် ၆၂ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်နေပါကြောင်း၊ ကြံခင်းမြို့နယ် မြောက်မြန်အောင်ကြိုးဝိုင်း အကွက်အမှတ်(၃၄) တည်ထောင်ပြီး ဧက ၄၀၀ (၁/၂၀၁၇)နှင့် အကွက် အမှတ်(၂၅)ရှိတည်ထောင်ပြီး ကျွန်းစိုက်ခင်း ဧက ၃၀၀(၁/၂၀၁၈) တို့တွင် အပင်များရှင်သန် အောင်မြင်လျက်ရှိပါကြောင်း၊ အကွက်အမှတ်(၂၆)ရှိ ကျွန်း စိုက်ခင်းဧက ၃၀၀(၁/၂၀၁၉) တွင်လည်း အပင်များအပြည့်အဝစိုက်ပျိုးပြီးစီး ရှင်သန် အောင်မြင်လျက်ရှိပါကြောင်း၊ အချိန်နှင့်တစ်ပြေးညီ ပေါင်းရှင်းခြင်း၊ မြေဩဇာကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း တွေ့ရှိခဲ့ရ ပါကြောင်း၊ သို့ရာတွင် ပျိုးထောင်ထားသော ပျိုးပင်များနှင့် လာမည့်ရာသီတွင် ပျိုးထောင်မည့် ပျိုးဥယျာဉ်အတွက် သဘာဝတောင်ကျစမ်းရေကိုသာ မှီခိုပြီးရေလောင်းနေကြောင်း သိရှိရပါ ကြောင်း၊ နွေရာသီတွင် သဘာဝတောင်ကျစမ်းရေပြတ်လပ်မှုရှိကြောင်း သိရှိရသည့်အတွက် နီးစပ် ရာရေရရှိရာနေရာတွင် ရေသယ်ရန်အတွက် ရေသယ်ယာဉ်တစ်စီးလိုကြောင်းကိုလည်း တွေ့ရှိရပါ ကြောင်း၊

အထက်ဖော်ပြပါအခြေအနေများကြောင့် နံပါတ်(၁) ပျိုးပင်များရေလောင်းရန်အတွက် ရေသယ် ယာဉ်တစ်စီးထောက်ပံ့ပေးရန်အစီအစဉ်ရှိ/မရှိ၊ နံပါတ်(၂) ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများအတွက် လိုအပ်လျက်ရှိသော ပေ ၁၇၀၀၀ ရှိ လမ်းပိုင်းအား ဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိတို့ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့သစ်တော မူဝါဒနှင့် အမျိုးသားသစ်တော ပင်မနှစ် ၃၀ စီမံကိန်းတို့ကို ရေးဆွဲပြဋ္ဌာန်းထားပြီး ထာဝစဉ်တည်တံ့စေသော သစ်တောအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်းစဉ်များကို အခြေခံပြီး မြန်မာရွေးချယ်ခြင်းနည်းစနစ်ဖြင့် မြန်မာ့သစ်တောများကို စီမံအုပ်ချုပ်လုပ်ကိုင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကြောင့် သစ်တောသယံဇာတများသည် လျှော့နည်း ကျဆင်းလာပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း နှစ်စဉ်ပျမ်းမျှ သစ်တောပြုန်းတီးမှုသည် နိုင်ငံ ဧရိယာ၏ ၁.၇ ရာခိုင်နှုန်းရှိခဲ့ပြီး လက်ရှိအခြေအနေတွင် မြန်မာသစ်တောများ၏ FAO နှင့့် FRA ၂၀၁၅ ခုနှစ် စာရင်းများအရ သစ်တောဖုံးလွှမ်းမှုသည် ၄၂.၉၂ ရာခိုင်နှုန်းရှိပြီး ရွက်အုပ်ပိတ်တော ၂၁.၅၆ ရာခိုင်နှုန်းနှင့် ရွက်အုပ်ပွင့်တော ၂၁.၃၆ ရာခိုင်နှုန်း ရှိပါကြောင်း၊

ထို့အပြင် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းများကို ကာကွယ် ရန်၊ သစ်တောစိုက်ခင်းများတည်ထောင်ခြင်းအပါအဝင် သစ်တောပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန် လာစေရေး၊ ရာသီဥတု ပြောင်းလဲမှုလျော့ချရေးဆိုင်ရာ နိုင်ငံတကာကတိကဝတ်များကို ဖြည့်တင်းနိုင်ရန် မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း ၂၀၁၇-၂၀၁၈ ခုနှစ်မှစပြီး ၁၀ နှစ် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ စီမံကိန်းအရ ဟင်္သာတခရိုင်အတွင်း မြို့နယ်လေးမြို့နယ်တွင် မြန်မာသစ်တောများ ပြန်လည်တည်ထောင်ရေး ဆောင်ရွက်လျက်ရှိပြီး ကြံခင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၁၈ ခုနှစ်မိုးရာသီတွင် မြောက်မြန်အောင်ကြိုးဝိုင်း၊ အကွက်အမှတ် ၂၅ တွင် စီးပွားရေး ကျွန်း စိုက်ခင်း ၃၀၀ ဧကနှင့် ၂၀၁၉ ခုနှစ် မိုးရာသီတွင် ကွင်းအမှတ် ၂၆ တွင် စီးပွားရေး ကျွန်းစိုက်ခင်း ၃၀၀ ဧကကို တည်ထောင်စိုက်ပျိုးခဲ့ပြီး ပျိုးဥယျာဉ်လုပ်ငန်းများကို စိုက်ခင်းနှင့် အနီးဆုံးဖြစ်သော ရေသရာချောင်းကိုအမှီပြုပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါချောင်းဘေးရှိ ဒေသအခေါ် သိုက်ဝါးခုံဒေသတွင် ပျိုးထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သော်လည်း မေလဆန်းတွင် ရေပြတ်တောက်မှုရှိသည့်အတွက် အငှားရေသယ် ယာဉ်ဖြင့် ပျိုးပင်များကိုရေလောင်း ဆောင်ရွက်ခဲ့ရသည့်အပြင် ၂၀၂၀ ခုနှစ် မိုးရာသီ တွင်လည်း မြောက် မြန်အောင်ကြိုးဝိုင်း အကွက်အမှတ်(၂၆)နှင့် (၂၇)တွင် စီးပွားရေး ကျွန်းစိုက်ခင်း ဧက ၃၀၀ ကို ထပ်မံစိုက်ပျိုးမည်ဖြစ်ပြီး ပျိုးပင်များပျိုးထောင်ရန်နှင့် စိုက်ခင်းဟောင်းများ ဖာထေးခြင်းအတွက် ပျိုးဥယျာဉ်လုပ်ငန်းများကို သိုက်ဝါးခုံဒေသတွင် သာ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

၂၀၁၉ ခုနှစ် စိုက်ခင်းတည်ထောင်ခဲ့သော အတွေ့အကြုံများအရ မေလဆန်းတွင် ရေပြတ်လပ်မှုများ ကြုံရနိုင်သည့်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်း သော ကြံခင်းမြို့နယ် မြောက် မြန်အောင်ကြိုးဝိုင်း ကွင်းအမှတ်(၂၅)၊ (၂၆) ပျိုးပင်များ ရေလောင်းရန် ရေသယ်ယာဉ်တစ်စီး ထောက်ပံ့ပေးရန်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၏အစီအစဉ်ဖြင့့်် ထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကြံခင်းမြို့နယ် မြောက် မြန်အောင် ကြိုးဝိုင်း ကွင်း အမှတ်(၃၀) တွင် သစ်လုပ်ငန်းသည် ဆင်အကောင်ရေ ၃၆ ကောင်ကို ထိန်းသိမ်းသော သရက်စမ်းဆင်စခန်းရှိပြီး သရက်စမ်းရွာတွင် ဆင်ထိန်းသိမ်းသည့် ဝန်ထမ်းများ၏ အိမ်ထောင်စု ၅၁ စု၊ ကျဗန်းလုပ်ကိုင်သောအိမ်ထောင်စု ၂၉ စု စုစု‌ပေါင်းအိမ်ထောင်စု ၈၀ စု၊ စုစုပေါင်းလူဦးရေ ၂၆၀ ဦးနေထိုင်လျက်ရှိပါကြောင်း၊ အဆိုပါရွာတွင် မူလတန်း ကျောင်းရှိပြီး ကျောင်းသူကျောင်းသား ၃၃ ဦးရှိပါကြောင်း၊ သရက်စမ်းရွာမှ အနီးဆုံး လယ်မကျေးရွာသို့ မိုးရာသီ တွင် တောင်ပေါ်လမ်းအတိုင်း ပေ ၁၇၀၀၀ သုံးမိုင်ခန့်သွား ရောက်ရသည်ဟု သိရှိရပါကြောင်း၊

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်ပြီး ကျေးလက် လမ်းများ ဖောက်လုပ်ခြင်းအတွက် တာဝန်ယူဆောင်ရွက်နေသော ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ညှိနှိုင်းမေးမြန်းချက်အရ အဆိုပါလမ်းပိုင်းသည် Class-C အဆင့်တတိယဦးစားပေးအဆင့်သာရှိ၍ လတ်တလော ဖောက်လုပ်ရန် အစီအစဉ်မရှိသေးပါကြောင်း နှင့် သစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်လျက်ရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါလမ်းအား ဖောက်လုပ် ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ