Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်တွင်ရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ် သင်တန်းကျောင်းများနှင့်ပတ်သက်ပြီး မေးခွန်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်‌တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များသည် ၂၄-၈-၂၀၁၉ ရက်နေ့တွင် မန္တလေးလူငယ် သင်တန်းကျောင်းကိုလည်းကောင်း၊ ၂၁-၉-၂၀၁၉ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင်ရှိသည့်  ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းနှင့် ၂၂-၉-၂၀၁၉ ရက်နေ့တွင် သန်လျင်လူငယ်သင်တန်းကျောင်းတို့ကို ကော်မတီတာဝန်အရ ကွင်းဆင်း လေ့လာခဲ့ကြကြောင်း၊ ကွင်းဆင်းလေ့လာမှုတွေ့ရှိချက်အရ တင်ပြရပါလျှင် လူငယ်သင်တန်းကျောင်း သုံးခုစလုံးတွင် ကျောင်းဆောင်တည်ရှိမှုနှင့် စီမံအုပ်ချုပ်ရသည့် ဝန်ထမ်းအင်အားအရ လက်ခံ ထားနိုင်တဲ့ သင်တန်းသားဦးရေသည် အများဆုံး ၂၀၀ သာ ဖြစ်ကြောင်း၊ သို့သော် ယခုအချိန် မန္တလေး လူငယ်သင်တန်းကျောင်းတွင် မိမိတို့ လေ့လာသည့်အချိန်တွင် သင်တန်းသားဦးရေ ၄၂၄ ဦး၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင် လက်ခံထားသည့် သင်တန်းသားဦးရေသည် ၅၂၄ ဦးနှင့် သန်လျင် လူငယ်သင်တန်းကျောင်းတွင် ၅၂၀ ဦး ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ ရုတ်တရက် သင်တန်းသားဦးရေ တိုးလာသည်ကို ကျောင်းက ကျောင်းအုပ်ကြီးတို့၏ တင်ပြချက်အရ မိမိတို့ ပြင်ဆင်အတည်ပြုလိုက်သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် အတည်ပြုလိုက်သည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ အခန်း(၁) ပုဒ်မ ၃ တွင် ကလေးသူငယ် ဆိုသည်မှာ အသက် ၁၈ နှစ်မပြည့်သေးသောသူကို ဆိုလိုသည်ဟု ပါရှိသည့်အတိုင်း ထို့အတွက်ကြောင့်  ရုတ်တရက်သင်တန်းသားဦးရေ နှစ်ဆကျော်ခန့် တိုးလာသည်ဟု သိရှိရကြောင်း၊ ထိုကဲ့သို့ တိုးလာသည့်အတွက် သင်တန်းသားများ၏ နေထိုင်ရမှု၊ စားသောက်ရမှု၊ အိပ်စက်ရမှုများသည် နေရာအလွန်ကျဉ်းမြောင်းနေပြီး လူတစ်ဦး တစ်ယောက်၊ ကလေးသူငယ် တစ်ဦးတစ်ယောက် ရရှိမည့် အခွင့်အရေးများမရရှိနိုင်သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့် ညီညွတ်မှု မရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ ကျန်းမာရေးအတွက်ဆိုပါက ၎င်းသင်တန်းကျောင်းများသည် နီးစပ်ရာ ကျန်းမာရေးဌာနများကို သွားရောက်ပြီး ပြသနေကြရသည်ကို တွေ့ရှိရကြောင်း၊

ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသည် ကျောင်းမြေဧရိယာ ၃၆.၀၂ ဧကရှိသည့်အတွက် အတော်အတန် အဆင်ပြေလျက်ရှိသေးကြောင်း၊ ထို့ပြင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောင်းဆောင်တစ်ထပ်ဆောင် လေးဆောင် ဆောက်လုပ်လျက်ရှိသည်ကို မိမိတို့တွေ့ရှိခဲ့ရကြောင်း။ သို့သော် ငှက်အော်စမ်း သင်တန်းကျောင်းတွင် အဓိကလိုအပ်နေသည်က ကျောင်းလုံခြုံရေးအတွက် ခြံစည်းရိုးဖြစ်ဖြစ်ကို တွေ့ရှိရကြောင်း၊ မန္တလေး လူငယ်သင်တန်းကျောင်း၏ မြေအကျယ်အဝန်းသည် ၈.၃၃ ဧကရှိသည့်အတွက် အဆင်ပြေကြောင်း၊ အလှူရှင်က သုံးထပ်ကျောင်းဆောင် တစ်ခုကို စတင် ဆောက်လုပ်လှူဒါန်းနေသည်ဖြစ်သည့်အတွက် အဆင်ပြေနိုင်သည်ကိုလည်း တွေ့ရှိရကြောင်း၊ သို့သော် အဓိကအားဖြင့် ၎င်းတို့၏ ထမင်းစားဆောင်သည် အလွန်ကျဉ်းကြောင်း၊ အခု လူ ၄၀၀ ကျော် ဖြစ်သည့်အတွက် နှစ်သုတ်၊ သုံးသုတ်ခွဲပြီး ထမင်းကျွေးနေရသည်ကို မိမိတို့ တွေ့ရှိရကြောင်း၊ ထို့ပြင် ဧည့်ဆောင်လိုမျိုး ဘက်စုံသုံးအဆောင်မရှိသည့်အတွက် ဧည့်သည်ကိုလည်း ကြုံသလို တွေ့နေရသည်ကို မိမိတို့ တွေ့ရှိရကြောင်း၊ သို့ကြောင့် သင်တန်းသားများ စုဝေးရန်၊ ဟောပြောပွဲ လုပ်ရန်၊ ဧည့်သည်တွေ့ရန်အတွက် အဆောင်လိုအပ်ကြောင်းကိုလည်း မိမိတို့ သုံးသပ် တွေ့ရှိရကြောင်း၊ အဆိုးဆုံးသည် သန်လျင်လူငယ်သင်တန်းကျောင်း ဖြစ်ကြောင်း၊ ကျောင်းဧရိယာ သည် ၁.၂၇၃ ဧရိယာသာ ရှိပြီး မြို့၏အလယ်တွင် ရှိကြောင်း၊ အဆောင်များသည်လည်း ကျောင်းသား ၇၀ ဆံ့သည့် အဆောင်သုံးဆောင်သာရှိသည့်အတွက် ယခုအခါ ကျောင်းသား ၅၀၀ ကျော်သည် အဆောင်တစ်ဆောင်မှာ ၂၀၀ ခန့်ထားနေရကြောင်း၊ စီမံအုပ်ချုပ်ရေးရသည့် ဝန်ထမ်းအင်အား နည်းသည့်အတွက် ၎င်း၏အချိန်ဇယားအတိုင်း အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှု ဆောင်ရွက်ခိုင်း ရန် အဆင်မပြေသည်ကို မိမိတို့ သိရှိရကြောင်း၊ ယခုလက်ရှိ ဆောက်လုပ်လျက်ရှိသည့် လေးထပ် အဆောက်အအုံ အပြီးသတ်နိုင်ရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ပါဝင်ပြီး ဖြစ်ကြောင်း၊ သို့သော်၎င်းအဆောက်အဦပြီးရန် ခြောက်လခန့်ကြာမြင့်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ တွေ့ကြုံရသည့် အခက်အခဲကို ဖြေရှင်းပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ အခန်း(၁) ပုဒ်မ ၃(ဃ)နှင့်အညီ ကလေးများ၏ အကျိုးကျေးဇူးကို အဓိက ရှေးရှုဆောင်ရွက်နိုင်ရန် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း -

မေးခွန်း(၁) လူငယ် သင်တန်းကျောင်းတွင် လက်ရှိကျောင်းသားဦးရေကို လျော့ချနိုင်ရန် သို့မဟုတ် ထပ်မံပြီး တိုးလာခြင်းကို နည်းစေရန်တွက် တရားရေးဌာန၊ အကျဉ်းဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့အနေဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်ရန် အစီအစဉ် ရှိပါသနည်း သို့မဟုတ် အခန်း(၁) ပုဒ်မ ၃ အပိုဒ်ခွဲ(ဌ)အရ ယာယီစောင့်ရှောက်ရေး ဂေဟာများကို မည်ကဲ့သို့ စီမံဆောင်ရွက်တိုး ချဲ့ဖွင့်လှစ်ရန် အစီအစဉ် ရှိပါသနည်း။

မေးခွန်း(၂) လူငယ်သင်တန်းကျောင်းများတွင် လူငယ်များကို တကယ်စီမံပြီး စောင့်ရှောက် နိုင်ရန်အတွက် ဝန်ထမ်းဦးရေ အပြည့်ခန့်ထားနိုင်ခြင်း ရှိ/မရှိကိုလည်း သိလိုပါကြောင်း၊

မေးခွန်း(၃) မန္တလေး လူငယ်သင်တန်းကျောင်းနှင့် သန်လျင် လူငယ်သင်တန်းကျောင်းတို့တွင် အဓိက လိုအပ်လျက်ရှိသည့် ထမင်းစားဆောင်နှင့် အများဘက်စုံသုံးခန်းမတို့ကို မည်သည့် ဘတ်ဂျက်တွင် တည်ဆောက် ပေးနိုင်နည်း။

မေးခွန်း(၄) ကျန်းမာရေး စောင့်ရှောက်မှုအတွက် အပြင်ကိုသွားရောက်ပြသရသည့်အချိန်တွင် လုံခြုံရေးနှင့် Transport သည် အခက်အခဲဖြစ်နေသည့်အတွက် ၎င်းသင်တန်းကျောင်းများတွင် ကျန်းမာရေးမှူး၊ သူနာပြုဆရာမများနှင့် ဆေးခန်းဖွင့်လှစ်ပေးပြီး တစ်ပတ်တွင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဆရာဝန်မှ လာရောက်ကုသစစ်ဆေးပေးနိုင်ခြင်း ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။


 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်မှုပေးရန် လိုအပ်သည့် ကလေးသူငယ်များ၊ ကလေးသူငယ် တရားရုံးများတွင် အမှုရင်ဆိုင်နေဆဲ ကလေးသူငယ်များ၊ ကလေးသူငယ် တရားရုံးများမှ အမိန့်ချမှတ်ပြီး အကျင့်စာရိတ္တ ပြုပြင်ရန် ပို့အပ်လာသည့် ကလေးသူငယ်များအတွက် လူငယ်သင်တန်းကျောင်းများကို ရန်ကုန် တိုင်းဒေသကြီးတွင် ငါးကျောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် နှစ်ကျောင်း၊ ဧရာဝတီတိုင်း ဒေသကြီးတွင် တစ်ကျောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တစ်ကျောင်း၊ မွန်ပြည်နယ်တွင် တစ်ကျောင်း စုစုပေါင်း ၁၀ ကျောင်းဖွင့်လှစ်၍ လက်ခံစောင့်ရှောက်ပေးလျက် ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၂၂/၂၀၁၉)ဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၃(ခ)တွင် ကလေးသူငယ်၏ အသက်ကို အသက် ၁၈ နှစ် မပြည့်သေးသောသူဟု သတ်မှတ်ထားသဖြင့် လူမှုဝန်ထမ်းဦးစီးဌာနရှိ လူငယ်သင်တန်းကျောင်းများတွင် ကလေးသူငယ်ဦးရေကို ယခင်ကထက် ပိုမိုလက်ခံစောင့်ရှောက် ပေးနေခြင်း ရှိနေကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနရှိ လူငယ်သင်တန်းကျောင်း ၁၀ ကျောင်းအနက် ငှက်အော်စမ်း၊ သန်လျင်နှင့် မန္တလေး လူငယ်သင်တန်းကျောင်းအပြင် မော်လမြိုင် လူငယ် သင်တန်းတို့တွင်လည်း ခွင့်ပြုကလေးဦးရေထက် ပိုမိုလက်ခံစောင့်ရှောက်ပေးနေရလျက် ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနရှိ လူငယ်သင်တန်းကျောင်းများတွင် ကလေးသူငယ်ဦးရေ တိုးတက်များပြား လာမှုကြောင့် လူငယ်သင်တန်းကျောင်း အသစ်တစ်ကျောင်းကိုလည်း ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် နေပြည်တော် စည်ပင် သာယာရေးကော်မတီသို့ မြေနေရာရရှိရေးအတွက် လျှောက်ထားနိုင်ရေး မိမိတို့ စီမံဆောင်ရွက်လျက် ရှိကြောင်း၊ မြေနေရာရရှိလာပါက ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခွင့်ရရှိရေးအတွက်ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အတူ သင်တန်းကျောင်းများ ဖွင့်လှစ်ခြင်း မရှိသေး သော တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း သင်တန်းကျောင်း အသစ်များကို တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ငှက်အော်စမ်း လူငယ် သင်တန်းကျောင်းတွင် တစ်ထပ်ကျောင်းဆောင် အသစ်လေးဆောင် ဆောက်လုပ်ခဲ့ကြောင်း၊ ကျောင်းသစ် တစ်ဆောင်တွင် သင်တန်းသားကလေး ၆၀ ဦး ဝင်ဆံ့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ လူငယ်သင်တန်းကျောင်းတွင် ရှိသည့် ကလေး ၅၆၀ ဦး အနက် ကလေး ၂၄၀ ဦးကို ကျောင်းဆောင်အသစ် လေးဆောင်တွင် သီးသန့်ခွဲပြီး ထိရောက်စွာ စောင့်ရှောက်သွားနိုင်မည် ဖြစ်ကြောင်း၊ လတ်တလောဆောင်ရွက်မှုအနေဖြင့်လည်း ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းဝင်း အတွင်းတွင် ရှိသည့် လူငယ်သင်တန်းသားများတက်ရောက်နေသည့် အ.မ.က(၂၁) လေးထပ်ဆောင် တွင် ရှိသည့် လစ်လပ်နေသည့် ဒုတိယထပ်နှင့် တတိယထပ်တို့တွင် ဦးစီးဌာနဘတ်ဂျက် ရန်ပုံငွေကျပ် ၁၁.၁၈၄ သန်းဖြင့် ကလေးများလုံခြုံမှုရှိစေရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ဆောင်ရွက် ပြီးဖြစ်သည့်အတွက် သန်လျင်လူငယ်သင်တန်းကျောင်းမှ အမှုရင်ဆိုင်နေရဆဲ ကလေးသူငယ် ၉၂ ဦး ပြောင်းရွှေ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် သန်လျင် လူငယ်သင်တန်းကျောင်းမှ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် လမ်းပေါ်နေ ကလေးသူငယ် ၅၅ ဦးကို ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့  ပြောင်းရွှေ့ စောင့်ရှောက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊

လူမှုဝန်ထမ်းဦးစီးဌာနရှိ လူငယ်သင်တန်းကျောင်းများတွင် လက်ရှိဝန်ထမ်း ဦးရေခန့်အပ်ထားမှု အနေဖြင့် တင်ပြပါအတိုင်း ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင် ၃၃ ဦး၊ မန္တလေးနှင့် သန်လျင် လူငယ်သင်တန်းကျောင်းတို့တွင် ၂၃ ဦးစီ ဖြစ်ကြောင်း၊ လူငယ်သင်တန်းကျောင်းများတွင် လက်ခံ စောင့်ရှောက်သည့် ကလေးသူငယ်ဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ လက်ခံစောင့်ရှောက် သည့် ကလေးဦးရေနှင့် ပြုစုစောင့်ရှောက်သည့် ဝန်ထမ်းဦးရေအချိုးမျှတစွာ ခန့်ထားနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိအခြေအနေအရ သင်တန်း ကျောင်းများတွင်လက်ခံနိုင်သည့် ကလေးဦးရေထက် ပိုမို၍လက်ခံစောင့်ရှောက်ပေးနေရသည့် အတွက် ဝန်ထမ်းဖွဲ့စည်းပုံအသစ်ကိုလည်း ဝန်ထမ်းအင်အားတိုးမြှင့်တောင်းခံနိုင်ရေးအတွက်ကို လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လတ်တလော အားဖြင့် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိအခြားဌာနငယ်များမှ ငှက်အော်စမ်း သင်တန်း ကျောင်း၊ သန်လျင် သင်တန်းကျောင်းနှင့် မန္တလေး သင်တန်းကျောင်းတို့ကို တွဲဖက်ဝန်ထမ်းစုစုပေါင်း ၁၁ ဦးကို တာဝန် ချထားပေးသည့်အပြင် လုပ်အားဝန်ထမ်း စုစုပေါင်း ၁၄ ဦးတို့ကိုလည်း အသီးသီး ခန့်အပ်ပေးခဲ့ကြောင်း၊ ထို့ပြင် သန်လျင်လူငယ်သင်တန်းကျောင်းဝင်း အတွင်း၌ ယခင်နှစ်များက ဆောက်လုပ်ခဲ့သည့် ဆောက်လုပ်ဆဲဖြစ်နေသည့် လေးထပ် RC ကျောင်းဆောင်သစ်ကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံးပြီးစီးစေရန် ဆောက်လုပ်ပြီး အမှုရင်ဆိုင်ဆဲကလေးသူငယ်များကို လက်ခံစောင့်ရှောက်သွားရန် စီစဉ်လျက်ရှိရာ မကြာမီလက်ရှိ ကလေးဦးရေ ၅၁၁ ဦးအနက်မှ ကလေးအင်အား ၂၄၀ ဦးခန့်ကို သီးသန့်ထားရှိစောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ၎င်းလေးထပ် အဆောက်အဦသည် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောက်လုပ်နေခြင်းဖြစ်သည့်အတွက် မိမိတို့ဆောက်လုပ်ရသည့် အပိုင်းများကပြီးပြီး ဆေးသုတ်သည့် အပိုင်း၊ ပြတင်းတံခါးအပိုင်းများသာ ကျန်သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုလည်း ၎င်းအဆောက်အဦနှင့်ပတ်သက်ပြီး အမြန်ဆုံးပြီးစီးစေရန် ဆောင်ရွက်ပေးနိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မန္တလေး လူငယ်သင်တန်းကျောင်းတွင် အလှူရှင်၏ ဆောက်လုပ်လှူဒါန်းမှုဖြင့် သုံးထပ်ကျောင်း ဆောင်သစ်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် စတင်ဆောက်လုပ်လျက်ရှိရာ အဆောက်အဦ ပြီးစီးပါက လက်ရှိကလေးဦးရေ ၄၇၈ ဦးအနက်မှ ကလေးအင်အား ၃၀၀ ခန့်ကို သီးသန့်ထားရှိ စောင့်ရှောက်သွားနိုင်မည် ဖြစ်ကြောင်း၊

လူငယ်သင်တန်းကျောင်းများရှိ ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့်  ဦးစီးဌာန ၏ ဘတ်ဂျက်ရန်ပုံငွေနှင့် သက်ဆိုင်ရာကျောင်းများ၏ အလှူရန်ပုံငွေများမှ သုံးစွဲလျက်ရှိပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေမှ ကျန်းမာရေး စရိတ်ငွေထက် ၄.၈ သန်းကျပ် ခွဲဝေရရှိပြီး ဖြစ်သည့်အတွက် ကျန်းမာရေးစရိတ်များကို လူငယ်သင်တန်းကျောင်းများသို့ ခွဲဝေချ ထားခြင်းအပြင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ လက်ရှိတွင် သင်တန်းကျောင်းများ၏ ကလေးသူငယ်များ ကျန်းမာရေးစောင့်ရှောက်မှုအတွက် နီးစပ်ရာ ဆေးရုံဆေးခန်းများတွင် အချိန်မီဆေးဝါးကုသမှု ခံယူစေလျက်ရှိသည့်အပြင် သင်တန်းကျောင်းများ အလိုက် ဆေးခန်းဖွင့်လှစ်ပြီး ဆရာဝန်မှ လာရောက်ဆေးဝါးကုသပေးနိုင်ရေး ကူညီဆောင်ရွက် ပေးနိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ညှိနှိုင်းဆောင်ရွက်ထားရှိကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော် ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့်စပ်လျဉ်း၍ မိမိတို့ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မန္တလေး လူငယ်သင်တန်းကျောင်းတွင် ထမင်းစားဆောင် တစ်ဆောင်၊ ဧည့်တွေ့ဆောင် တစ်ဆောင်၊ ဘက်စုံသုံးခန်းမ တစ်ဆောင်တို့ကို ဆောက်လုပ်ရေးအတွက် လည်းကောင်း၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင် ကျောင်းသားအိပ်ဆောင်သစ် လေးဆောင်ကို ချိန်းလင့်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း၊ ထမင်းစားဆောင် တစ်ဆောင်၊ ဧည့်တွေ့ဆောင် တစ်ဆောင်တို့ကို ဆောက်လုပ်နိုင်ရေး အတွက်လည်းကောင်း၊ သန်လျင် လူငယ်သင်တန်းကျောင်းတွင် လေးထပ် အဆောက်အဦ ဆောက်လုပ်ပြီးစီးပါက လစ်လပ်လာမည့် လက်ရှိအိပ်ဆောင် တစ်ဆောင်ကို အားကစားခန်းမအဖြစ် ပြုပြင်သုံးစွဲနိုင်ရန်အတွက်လည်းကောင်း၊ မွန်ပြည်နယ် လူငယ်သင်တန်း ကျောင်းတွင် ကလေးဦးရေ ၁၅၀ ဆံ့ နှစ်ထပ်ဆောင် တစ်ဆောင် ထပ်မံဆောက်လုပ်နိုင်ရေးအတွက် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)တွင် မြေနေရာရရှိပါက လူငယ်သင်တန်းကျောင်း တစ်ကျောင်းတို့ကို လာမည့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှု အပေါ်တွင် မူတည်ပြီး ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ အခန်း(၂၀) အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း အပိုင်းရှိ ပုဒ်မ ၇၁ မှ ၇၇ အရ လည်းကောင်း၊ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ တရားရုံးများနှင့် ရဲတပ်ဖွဲ့တို့က လိုက်နာဆောင်ရွက်ခြင်းဖြင့်လည်းကောင်း အမှုများကို ပိတ်သိမ်းနိုင်ပြီး ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေသည်အထိ လုပ်ပိုင်ခွင့်ရရှိထားသည့် မြို့နယ်ညှိနှိုင်းဖြေရှင်းရေးအဖွဲ့များကို အမြန် ဖွဲ့စည်းပြီး ဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အမြန်အကောင်အထည်ဖော်ပြီး သင်တန်းသား ဦးရေများပြားနေမှုကို အမြန်ဆုံး ဖြေရှင်းပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်