Skip to main content

(ဂ)-ညောင်ရွှေမြို့နယ်တွင် ၂၀၁၃ ခုနှစ်က ဟိုတယ်ဇုန်စီမံကိန်းဟုဆိုကာ ဆောင်ရွက်လျက် ရှိသော စိုက်ပျိုး မြေ၊ ထင်းခြံမြေ ၆၂၂ ဧကတွင် ယနေ့တိုင် ဟိုတယ်နှစ်ခုသာ အကောင် အထည်ဖော်နိုင်ပြီး ယခင်က မည်သို့ဆောင်ရွက်ထားခဲ့သည်နှင့် နောက်နောင်မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ယခု ၆၂၂ ဧကကျယ်ဝန်းသည့် ဟိုတယ်ဇုန်ကြီးသည် ရေထဲတွင်ရှိသည့်ဘုန်းကြီး ကျေောင်း များ၊ ရွာသူရွာသားများ၏ မီးရေးထင်းရေးအတွက် ရှေးရှေးက အမြော်အမြင်ကြီးသည့် စော်ဘွားကြီး များက ခွဲဝေချထားပေးသည့် နေရာကြီး ဖြစ်ပါကြောင်းထိုအချိန်ကတာဝန်ရှိ သူများကမြေများကို သိမ်းဆည်းအကွက်ရိုက်ပြီး လုပ်ငန်းရှင်များကို ရောင်းစားပြီး ရရှိသည့် ငွေနှင့် ဒေသခံရွာသူ ရွာသား များ အတွက်မြေယာလျော်ကြေး လောက်သာ ပေးခဲ့ပါကြောင်း၊

ယခုဟိုတယ်ဇုန်ကြီးကို ဒေသခံပြည်သူများအနေဖြင့်လည်း အသုံးပြုနိုင်ခြင်းမရှိ  ဝယ်ယူ ထားသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း ဟိုတယ်ထပ်ဆောက်လျှင် ရှုံးမည်စိုးသည့် အတွက် လုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိပါကြောင်း၊ စက်မှုမြေငှားဂရန်အတွက် မြို့မြေ အခွန်များ သိန်းကျော်ဆောင်ရသည့် လုပ်ငန်းရှင်များသည်လည်း ပြည်သူထဲကပြည်သူများ ဖြစ်သည့်အတွက် ၎င်းတို့အကျိုးအတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုပါကြောင်း၊ ဟိုတယ် ဇုန်တွင် တည်ဆောက်ခဲ့သော စက်လှေဆိပ်၊ ကားပါကင်၊ နားနေခန်း၊ ဆိုင်ခန်းများ ပြီးစီးက တည်းကပင် ရေ၊ မီးမရှိ၊ ထိန်းသိမ်း မည့် သူမရှိပါကြောင်း၊ ဟိုတယ်ဇုန်တွင် ဖောက်ထား သည့် လမ်းများ၊ မီးများသည်လည်း မည်သည့် ကားမျှ ဖြတ်သန်းအသုံးပြုခြင်းမရှိပါကြောင်း၊

လျှပ်စစ်မီးများအတွက် အသုံးပြုထားသော ပစ္စည်းများ ခိုးဖြုတ်မည်ကို စိုးရိမ်သည့်အတွက် နေ့ရော ညရော လျှပ်စစ် မီးများ ထွန်းထားရသောကြောင့် တစ်လလျှင် မီတာခ ၃၆ သိန်း ခန့်ပေးဆောင်ခဲ့ရပြီး ယနေ့ခေတ် တွင် ချွေတာရေးအနေဖြင့် မီးဖြတ်ချ သည့်အခါမှာလည်း ဝါယာကြိုးများ ထရန် စဖော်မာများ အကုန်ဖြုတ်ယူကုန်ကြပါကြောင်း၊

ယခုအခါ ဒုစရိုက်နယ်မြေကြီး ဖြစ်ပြီး မူးယစ်ဆေးဝါးများ ရောင်းချခြင်း၊ ဖြန့်ဝေခြင်း၊ များ ပြုလုပ်သည့် နေရာကြီးဖြစ်နေပါကြောင်း၊ ထို့ကြောင့် ညောင်ရွှေမြို့နယ်တွင် ၂၀၁၃ ခုနှစ်က ဟိုတယ်ဇုန်စီမံကိန်းဟုဆိုကာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုး မြေ၊ ထင်းခြံမြေ ၆၂၂ ဧကတွင် ယနေ့တိုင် ဟိုတယ်နှစ်ခုသာအကောင်အထည်ဖော်နိုင်ပြီး ယခင်က မည်သို့ ဆောင်ရွက်ထားခဲ့သည်နှင့် နောက် နောင်မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို သိလိုခြင်း နှင့် အစိုးရနှင့်တွဲပြီး လက်တွေ့ အသုံးချနိုင်ရန် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များ မည်သို့စီစဉ် ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။  


      

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသ အတွင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ အဆိုပြုတင်ပြချက် အပါအဝင် ကုမ္ပဏီအဖွဲ့ အစည်း များမှ ဟိုတယ်တည်ဆောက်ခွင့်တောင်းခံခြင်းနှင့်ပတ်သက်ပြီး ၁၂-၂-၂၀၁၂ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန က နိုင်ငံတော်သမ္မတထံတင်ပြခဲ့ခြင်း အပေါ် နိုင်ငံတော်သမ္မတမှအောက်ပါအတိုင်း လမ်းညွှန် ခဲ့ပါကြောင်း၊

(က) အင်းလေးကန်သည် နောင်နှစ်ပေါင်းများစွာတည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရ မည်ဖြစ်၍ ကန်စပ်နေရာများတွင် ဟိုတယ်လုပ်ငန်းအပါအဝင် အခြားလုပ်ငန်းများ ထပ်မံ ခွင့်ပြုခြင်းမပြုရန်၊

 (ခ) ကန်ဧရိယာအပြင်ဘက်အပေါ်စီးမှ ကန်၏သဘာဝအလှကို မြင်နိုင်သောနေရာ၊ ကန်သို့ သွားရန် လည်းလွယ်ကူသောနေရာ၊ ကန်အတွင်းသို့ စီးဝင်သောသဘာဝရေထွက်များ၊ ချောင်း များ၊ စမ်းများကိုလည်း မထိခိုက်စေသောနေရာတွင် သဘာဝပတ်ဝန်းကျင်ကို တစ်ဖက် တစ်လှမ်းမှ ထိန်းသိမ်းရန် ခံဝန်ချက်ဖြင့် သတ်မှတ်ခွင့်ပြုရန်၊

(ဂ) နေရာအနှံ့မှမဟုတ်ဘဲ ဇုန်သဘောမျိုးခွင့်ပြုရန်၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ဟိုတယ် ဇုန်တည်ဆောက်ခွင့်များအတွက် အင်ကြင်းကုန်းကျေးရွာနှင့် ချောင်းပါး ကျေးရွာ များအကြား အင်းလေးကန်အရှေ့ဘက်ကြိုးဝိုင်းအတွင်းမှ မြေဧရိယာ ၆၂၂ ဧကကို ဟိုတယ် ဇုန်အဖြစ် သတ်မှတ် နိုင်ရန်အတွက် ၂၈-၃-၂၀၁၂  ရက်နေ့မှာ  ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဌာနမှ ကွင်းဆင်းတွေ့ရှိချက်များကို ဆက်လက် တင်ပြ ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ ၉-၅-၂၀၁၂ ရက်နေ့တွင် ခွင့်ပြုချက်ရရှိသည့်အတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါကြောင်း၊

ဖော်ပြပါမြေဧရိယာ၆၂၂ဧကအား ဟိုတယ်ဇုန်မြေ အဖြစ်လွှဲပြောင်းသတ်မှတ်နိုင်ရန် ပတ်ဝန်း ကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် ၁၃-၂-၂၀၁၄ ရက်စွဲပါ စာဖြင့် ကြိုးဝိုင်းတောမြေအဖြစ်မှ စွန့်လွှတ်ပယ်ဖျက်ပေးခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေဖြင့် သတ်မှတ်ခဲ့ပါကြောင်း၊ လယ်ယာမြေ သိမ်းဆည်း ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါကြောင်း၊ ဟိုတယ်ဇုန်မြေနေရာအတွက် တောင်သူ ၁၁၆ ဦးကို သီးနှံ‌ကြေးနှင့် ဂရုဏာကြေး ကျပ်သန်း ၇၇၅.၆၈ ကိုပေးချေခဲ့ပါကြောင်း၊ ဘုန်းကြီးကျောင်း ၁၀ ကျောင်းကို ထင်းခြံ လှူဒါန်းငွေ ကျပ်သန်း ၃၃.၄၇၈ ပေးအပ် လှူဒါန်းခဲ့ပါကြောင်း၊

ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဟိုတယ်ဇုန်စီမံကိန်းမြေနေရာအတွက် အကွက်ပေါင်း ၉၈ ကွက်ချပေးခဲ့ပြီး လုပ်ပိုင်ခွင့်ရရှိသူလုပ်ငန်းရှင် ၁၀၄ ဦးကစုစုပေါင်း ၃၇၂၅၆.၈၉၅ ကျပ်သန်း ပေးသွင်းခဲ့ပါကြောင်း၊ ဟိုတယ်ဇုန်တည်ဆောက်ရေးဦးစီးကော်မတီမှ မြေသားလမ်းလုပ်ငန်း၊ ကတ္တရာလမ်းလုပ်ငန်း၊ တံတား၊ လမ်းလယ်ကျွန်း၊ လူသွားစင်္ကြန်၊ ကျောက်စီရေမြောင်း လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ဓာတ်အားခွဲရုံထပ်တိုး ဖြည့်စွက်လုပ်ငန်းနှင့် ဓာတ်အားခွဲရုံ မြေသားလုပ်ငန်းစသည့် လုပ်ငန်းများအတွက် ကျပ်သန်း ၃၃၄၈၉.၂၅၂ ငွေကြေးသုံးစွဲပြီး အကောင်အထည် ဖော်ဆောင်ရွက် ထားရှိခဲ့ကြောင်း သိရှိရပါကြောင်း၊

အင်းလေးကန်ဒေသ ဟိုတယ်ဇုန်စီမံကိန်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများပါဝင်သည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ များဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း လုပ်ငန်းလုပ်ပိုင် ခွင့်ချထားပေးသည့်၊ မြေကွက်များ အနက် ဟိုတယ်တစ်လုံး ဆောက်လုပ်ပြီး ဖြစ်ကြောင်း၊ ဟိုတယ် နှစ်လုံး ဆောက်လုပ်ဆဲဖြစ်ပါကြောင်း၊ ဆောက်လုပ်ဆဲနှစ်လုံးမှာလည်း ၈၀ ရာခိုင်နှုန်းသာ ပြီးစီးကြောင်း သိရှိရပါကြောင်း၊

ဟိုတယ်ဇုန်တည်ဆောက်ခြင်းလုပ်ငန်းများကိုဆက်လက်ခွင့်ပြုပါကအောက်ပါအကျိုး ကျေးဇူးများ ရရှိနိုင်မည်ဟု သုံးသပ်ရပါကြောင်း၊

(က)ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာနိုင်ခြင်း၊

(ခ) လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်း၊

 (ဂ)ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းရှင်များ အနေဖြင့်လည်းလုပ်ငန်းကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်လျှင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီးဒေသဖွံ့ဖြိုးရေးကိုလည်း အထောက် အကူပြုနိုင်မှာ ဖြစ်ပါကြောင်း၊

အင်းလေးဟိုတယ်ဇုန်တည်ဆောက်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်းပြီးတော့မှ ၁၅-၃-၂၀၁၈ ရက် နေ့မှာ ဒုတိယသမ္မတ(၂)ခရီးစဉ်တွင်လည်း ဒုတိယသမ္မတမှ ဟိုတယ်ဇုန် တည်ဆောက်ခြင်း လုပ်ငန်းကို ပြည်နယ်အစိုးရ၊ ဒေသခံပြည်သူလူထုနှင့် ဟိုတယ်ဇုန်တည်ဆောက်ရေး လုပ်ငန်း ကော်မတီတို့ သုံးပွင့်ဆိုင်ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ ပါကြောင်း၊

အင်းလေးဟိုတယ်ဇုန်အနေနှင့်လက်တွေ့ဆောင်ရွက်ရာတွင်လည်းအောက်ပါအတိုင်း အားနည်းချက်များရှိနေသည်ကိုလည်းတွေ့ရှိရပါကြောင်း (က) အင်းလေး ဟိုတယ်ဇုန်စတင် အကောင်အထည် ဖော်စဉ်ကပင် ဒေသခံပြည်သူလူထုနှင့် ကျေလည်အောင် ညှိနှိုင်းမှု မရှိသဖြင့် သီးနှံကြေးနှင့် ဂရုဏာကြေးမယူသူနှစ်ဦးမှာ ယနေ့တိုင်ကျန်ရှိနေပြီး ဟိုတယ်ဇုန် အပေါ် ဒေသခံပြည်သူလူထုမှ ကန့်ကွက်မှုများရှိနေပါကြောင်း၊ (ခ) ဟိုတယ်ဇုန်နေရာသာ ရေရရှိမှုအခက်အခဲ ရှိနေကြောင်းလည်း တွေ့ရှိရပါကြောင်း (ဂ) အင်းလေးဒေသရှိ ခရီးသွား လုပ်ငန်းအခြေအနေအရ ၂၀၁၆ ခုနှစ်တွင် ဟိုတယ် ၈၈ လုံး၊ အခန်းပေါင်း ၂၇၃၁ ခန်းရှိပြီး ဧည့်သည်ဝင်ရောက်မှုအနေြဖင့် နိုင်ငံခြားသား ၁၇၈၇၈၇ ဦးဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဟိုတယ်အလုံးပေါင်း ၁၀၃ လုံး၊ အခန်းပေါင်း ၃၃၅၅ ခန်း၊ နိုင်ငံခြားသား ၁၆၆၂၅၁ ဦးသာ ဝင်ရောက်ခဲ့သည့်အတွက် ဟိုတယ်အရေအတွက်များ တိုးတက် လာသော်လည်း ဧည့်သည် ဝင်ရောက်မှု လျော့နည်းသွားသည့်အတွက်ဟိုတယ်ဇုန်မှာ ဟိုတယ် လုပ်ငန်းများဆက်လက် ဆောင်ရွက်နိုင်ရန်အတွက်စဉ်းစဉ်းစားစားဆောင်ရွက်သင့်ကြောင်း တွေ့ရှိရ ပါကြောင်း၊ အင်းလေးဟိုတယ်ဇုန် စတင်အကောင်အထည်ဖော်ဆောင်သည့် မြေယာ ချထား မှုဆိုင်ရာ စည်းကမ်းချက်များမှာ မြေယာချထားပြီး ခြောက်လအတွင်းတွင် အကောင်အထည်ဖော် ရန်ပါရှိပြီးမှ ဟိုတယ်လုပ်ငန်းရှင်သုံးဦးသာဆောက်လုပ်ပြီးတော့မှ ကျန်သည့် လုပ်ငန်းရှင်များ လိုက်နာ အကောင်အထည်ဖော်မှုအားနည်းနေကြောင်း တွေ့ရှိရပါကြောင်း၊ အထက်ပါ အားသာချက် အားနည်းချက်များအရ အင်းလေးဟိုတယ်ဇုန် ဆက်လက်ဆောင်ရွက်မည့် အစီအမံအား ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောထားခံယူပြီးတော့မှ လမ်းညွှန်မှုအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဖြေကြားလာ ပါကြောင်း၊

၁၇-၉-၂၀၁၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေအရ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီလည်း ဖွဲ့စည်းပေးထားပြီးဖြစ်သည့်အပြင် ဟိုတယ်တည်ဆောက်ရန် ကြိုတင်ခွင့်ပြုချက် လျှောက်ထားခြင်း၊ဟိုတယ်လိုင်စင်၊ တည်းခိုရိပ်သာ လိုင်စင်ထုတ်ပေးခြင်း များကိုလည်း ၎င်းကော်မတီသို့ လွှဲအပ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါကော်မတီမှ အင်းလေး ဟိုတယ်ဇုန် ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအပေါ်ဝန်ကြီး ဌာနမှလည်း ကူညီပံ့ပိုးဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။