Skip to main content

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးတွင်ဖွင့်လှစ်ထားသော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး ရေးသိပ္ပံမှတစ်ဆင့်ပေါက်ဖွားလာသော တက္ကသိုလ်တစ်ခုဖြစ်ပါကြောင်း၊ ယင်းဖွံ့ဖြိုးရေးကျောင်း သည် ၁၉၆၃ ခုနှစ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်ကျင်းပသော ပြည်ထောင်စုနေ့တွင် သန္ဓေတည်ခဲ့ပြီး ၁၉၆၄ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင်ပြုလုပ်သော ပြည်ထောင်စုနေ့တွင်မွေးဖွားလာခဲ့သည့် သိပ္ပံကျောင်းတစ်ခုဖြစ်ပါကြောင်း၊ ယခင်ဖွံ့ဖြိုးရေးသိပ္ပံ၊ ယခုဖွံ့ဖြိုးရေးတက္ကသိုလ်သည် အသွင်သဏ္ဌာန်အားဖြင့် တစ်နိုင်ငံလုံးရှိတိုင်းရင်းသားလူငယ် မောင်မယ်များကို တစ်နေရာတည်းတွင်စုစည်းပြီး ဘက်စုံပညာဘာသာရပ်များကို သင်ကြားပို့ချ        ပေးနေသောကျောင်းဟု ထင်မြင်ယူဆရသော်လည်း အနှစ်သာရမှာတိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပဲ ဖြစ်ပါကြောင်း၊

မတူညီကွဲပြားသော တိုင်းရင်းသားလူမျိုးများဖြင့်ဖွဲ့စည်းထားသော နိုင်ငံတစ်နိုင်ငံသည် ခေတ်များ၊ စနစ်များ မည်သို့ပင်ပြောင်းလဲသွားစေကာမူ ယင်းနိုင်ငံတွင်မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ၏စည်းလုံးညီညွတ်ရေးသည် အစဉ်အမြဲလိုအပ်နေမည် ဖြစ်ပါ ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ညီရင်းအစ်ကို၊ မောင်ရင်းနှမစိတ်ဓာတ်ကို အခြေခံပြီး ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူပြုပါကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုသည်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သည်မှာ အားလုံးအသိ ပဲဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလိုအပ်ဆုံးဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးကို ညီအစ်ကိုနှမစိတ်ဓာတ်ဖြင့်အခြေခံထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအားဖြင့် တည်ဆောက်သွားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်း သားလူမျိုးများ၏ ရင်နှစ်သည်းချာ သားငယ်သမီးငယ်များအား ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ဘူမိနတ်သံနေရာမြေအဖြစ်ခံယူကာ ညီရင်းအစ်ကို၊ မောင်ရင်းနှမကဲ့သို့ မရှိအတူ၊ ရှိအတူ အေးအတူပူအမျှ၊ ကောင်းတူဆိုးဖက် အတူတကွပူးပေါင်းနေထိုင်ကြကာ ပညာရှာမှီးကြရင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၏အခြေခံအုတ်မြစ်ကို ကိုယ်တိုင်ကိုယ်ကျတည်ဆောက် ကြပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုခိုင်မြဲလာစေရန်အတွက် ရည်ရွယ်ချက်ကောင်းများအဖြစ် ထူထောင်ထားသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အား အဆောက် အဦများတိုးချဲ့ခြင်း၊ ဆရာဆရာမဝန်ထမ်းအင်အားများ တိုးမြှင့်ဖွဲ့စည်းခြင်းနှင့်အတူ သင်တန်း သားသင်တန်းသူများကို ယခုလက်ရှိအရေအတွက်ထက် ပိုမိုတိုးမြှင့်ခေါ်ယူလေ့ကျင့်မွေးထုတ် ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် တွင် တိုင်းရင်းသားလူမျိုးများ စုံလင်စွာပညာသင်ကြားနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ကျောင်းသားကျောင်းသူများကိုရွေးချယ်ပြီး ကျောင်းတက်ရောက်နိုင်ရေး စုစည်းဆောင်ရွက်ရာတွင် တက္ကသိုလ်များရှိ ကျောင်းသားအိပ်ဆောင်နှင့် စာသင်ဆောင်များ၏ ဝင်ဆံ့နိုင်မှုကို မူတည်ပြီးလည်းကောင်း၊ တက်ရောက်ဆဲတိုင်းရင်းသားလူမျိုး စုံလင်စွာပါဝင်မှုကို မူတည်၍လည်းကောင်း လိုအပ်သောအင်အားအရေအတွက်ကို စုစည်းရွေးချယ်ပေးပါရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အင်အားခွဲဝေ ပေးပြီး ခေါ်ယူလျက်ရှိပါကြောင်း၊

လက်ရှိ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မဟာပညာရေးဘွဲ့(M.Ed) အမှတ်စဉ် (၁၈/၁၉)နှင့် ပညာရေးဘွဲ့(B.Ed) အမှတ်စဉ်(၃)မှ(၇)ထိ ကျောင်းသားကျောင်းသူ ၁၅၃၉ ဦး တက်ရောက် သင်ကြားနေပါကြောင်း၊ ထို့အတူ ဆရာအတတ်သင်ဒီပလိုမာတစ်နှစ်သင်တန်း သင်တန်း အမှတ်စဉ်(၁၀)တွင် ကျောင်းသားကျောင်းသူ ၇၄ ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၆၁၃ ဦးတို့ကို လက်ခံသင်ကြားပေးလျက်ရှိပြီး တက္ကသိုလ်ရှိကျောင်းသားကျောင်းသူအိပ်ဆောင်၊ စာသင်ခန်း၊ လက်တွေ့ခန်း၊ စားရိပ်သာအရေအတွက်များအရသော်လည်းကောင်း၊ ဆရာဆရာမ အင်အားနှင့် ကျောင်းသားကျောင်းသူအင်အားအချိုးအစားအရသော်လည်းကောင်း လက်ရှိ ပညာသင်နှစ်တွင် ကျောင်းသားဝင်ဆံ့မှုအများဆုံးဖြင့် မိမိတို့ဝန်ကြီးဌာနက လက်ခံသင်ကြား ပေးလျက် ရှိပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်မေးမြန်းထားသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်တွင် သင်တန်းသားသင်တန်းသူများကို ယခုလက်ရှိအရေအတွက်ထက်ပိုပြီး ခေါ်ယူ ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှစ်အလိုက် အဆောက်အဦများကိုဆောက်လုပ်ခြင်း၊ အဆောက်အဦဟောင်းများကို ပြုပြင်ခြင်း၊ စီမံသင်ကြားရေးဌာနများ ဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ ဆရာဆရာမများ ခန့်အပ်ရေးကိစ္စရပ်များကို လျာထားတင်ပြလျက်ရှိပါကြောင်းနှင့် ခွင့်ပြုမိန့် ရရှိမှုအပေါ်မူတည်၍ ကျောင်းသားကျောင်းသူများ တိုးမြှင့်ခေါ်ယူနိုင်ရေး ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်