Skip to main content

မိမိတို့ တမူးမြို့နယ်သည် မြန်မာနိုင်ငံ၏အနောက်မြောက်ဒေသ အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် တည်ရှိပြီး လူဦးရေ ၁၂၇၀၀၀ ကျော်ရှိပါကြောင်း၊ မိမိတို့ မြို့နယ်အတွင်းနေထိုင်သောလူများက စိုက်ပျိုးရေးနှင့် နယ်စပ်ကုန်သွယ်ရေးကို အဓိကအားထားလုပ်ကိုင်နေကြပါကြောင်း၊ လူငယ်များ၊ အမျိုးသမီးများ၊ ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ကိုယ်ပိုင်ရပ်တည် နိုင်သည့် အသက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် မိမိတို့မြို့နယ်ရှိအမျိုးသမီးများအတွက် ဘဝအာမခံချက်ရှိသော ခိုင်မာသည့် အလုပ်အကိုင်အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးလိုပါကြောင်း၊ သို့ဖြစ်ပါသော ကြောင့် တမူးမြို့နယ်အတွက်လိုအပ်နေသော အိမ်တွင်းမှုသင်တန်းကျောင်းတစ် ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကသာမြို့၊ ခန္တီးမြို့၊ ယင်းမာပင်မြို့၊ ပုလဲမြို့၊ ဆားလင်းကြီးမြို့တို့တွင် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ခြောက်ကျောင်းဖွင့်လှစ်၍ ဒေသရှိအမျိုးသမီးငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးလျက်ရှိပြီး ဟုမ္မလင်းမြို့နယ်တွင်လည်း အိမ်တွင်းမှုသင်တန်းကျောင်း တစ်ကျောင်း ထပ်မံဖွင့်လှစ်ရန် လျာထားစီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသော တမူးမြို့နယ်တွင် အိမ်တွင်းမှု သင်တန်းကျောင်းဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်း၍ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမှုစီမံကိန်း ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ လျာထားပါဝင်မှုမရှိခြင်းကြောင့် တမူးမြို့နယ်တွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ဖွင့်လှစ်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် တမူးမြို့နယ်အတွင်းရှိ အိမ်တွင်း မှုသင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသည့်အမျိုးသမီးငယ်များအနေဖြင့် တမူးမြို့နယ်မှ ၈၁ မိုင်ခန့်ကွာဝေးသော အိမ်တွင်းမှုသင်တန်းကျောင်း ကလေးမြို့နယ်တွင် ကျောင်းအိပ် ကျောင်းစားအဖြစ် တက်ရောက်သင်ကြားနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်