Skip to main content

မင်းဘူး-စလင်းလမ်းမကြီးနှင့် စက်မှု(၁) အမှတ်(၄)အထည်စက်ရုံ တပ်မတော်စိုက်ပျိုးရေးဝါတပ်သို့ ဆက်သွယ်ဖောက်လုပ်ထားသောလမ်းသည် ကတ္တရာလမ်းဖြစ်ပြီး အရှည် ၅.၄ မိုင်ခန့်ရှိပါကြောင်း၊  ဒေသခံ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အားကိုးအားထားပြုနေသော လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ အက်ကွဲပျက်စီးပြီး အချို့နေရာ များတွင် ချိုင့်ခွက်များဖြစ်နေပါ ကြောင်း၊ ၎င်းလမ်းကို ဝန်ကြီးဌာနတစ်ခုခုက တာဝန်ယူထိန်းသိမ်းရန်လိုအပ်နေပါကြောင်း၊ လမ်း ဧရိယာ၊ လမ်းနယ်နိမိတ်များကို စနစ်တကျသတ်သတ်မှတ်မှတ်ထားရန်လည်း လိုအပ်ပါကြောင်း၊ လမ်းမိုင်တိုင်၊ လမ်းညွှန်များလည်း မရှိပါကြောင်း၊ ဝန်ကြီးဌာနတစ်ခုမှ သတ်သတ်မှတ်မှတ် တာဝန်ယူ ဆောင်ရွက်မည်ဆိုပါက အချိန်မီပြုပြင်ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး လမ်းလည်း ပိုမိုဆိုးရွား စွာ ပျက်စီးတော့မည်မဟုတ်ပါကြောင်း၊ ထို့အပြင် တိုင်းပြည်ဘဏ္ဍာများလည်း ပိုမိုသုံးစွဲရန်မလိုသလို လမ်းဧရိယာ၊ လမ်းနယ်နိမိတ်များ၊ မိုင်တိုင်လမ်းညွှန်များ စိုက်ထူထားမည်ဆိုပါက ကျူးကျော် ဝင်ရောက်နေထိုင်လုပ်ကိုင်ကြမည် မဟုတ်ပါကြောင်း  သို့ဖြစ်ပါ၍ မင်းဘူး-စလင်းလမ်းမကြီးနှင့် အမှတ်(၄)အထည်စက်ရုံ၊ စိုက်ပျိုးရေးဝါတပ်သို့ ဖောက်လုပ်ထားသော ကတ္တရာလမ်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်မည်ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ မင်းဘူး-စလင်းလမ်းမကြီးသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ လမ်းဦးစီးဌာနမှ ယခင်ဖောက်လုပ်ခဲ့သည့် အလျား ၃၈ မိုင်ရှိ ကတ္တရာလမ်းအမျိုးအစားဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၀ ပြည့်နှစ် မှစ၍ မကွေးမြို့ရှိ ကောင်းမွန်ကုမ္ပဏီသို့ B.O.T စနစ်ဖြင့် ငှားရမ်းထားသော လမ်းပိုင်း ဖြစ်ပါကြောင်း၊ မင်းဘူး-စလင်းလမ်းမကြီးမှ စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ်(၄)အထည်စက်ရုံနှင့် တပ်မတော်ဝါစိုက်ပျိုးရေးတပ်သို့ ဖောက်လုပ်ထားသော တပ်အဝင်လမ်း အလျား ၃၁၆၈၀ ပေ၊ အကျယ် ၁၈ ပေအား ကတ္တရာလမ်းအဖြစ် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် တပ်မတော်မှ တာဝန်ယူ ဖောက်လုပ်ခဲ့ပါကြောင်း၊  တပ်မတော်ဝါစိုက်ပျိုးရေးတပ် အဝင်လမ်းပိုင်းတွင် ၂၄.၈.၂၀၁၆  ရက်နေ့ တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်၊ မုန်းချောင်းတံတားဆောက်လုပ်ခဲ့စဉ် ဆောက်လုပ်ရေး လုပ်ငန်းသုံး ဝန်တင်ယာဉ်ကြီးများ ဖြတ်သန်းမှု နှင့် ဒေသဖွံ့ဖြိုးရေးလမ်းများဖောက်လုပ်စဉ် လုပ်ငန်း သုံးယာဉ်များ ဖြတ်သန်းသွားလာမှုတို့ကြောင့် အဆိုပါ တပ်အဝင်လမ်းတစ်လျှောက် နေရာများသည် လမ်း၏ခံနိုင်ဝန်အားအရ ပျက်စီးမှုများနေသည့်အတွက် အလျား ၁၅၀၀ ပေ၊ အကျယ် ၁၈ ပေအား ကတ္တရာထပ်ပိုးလွှာခင်းရန်နှင့် အလျား ၂၄၅၀ ပေ၊ အကျယ် ၁၈ ပေအား အပေါက်ဖာထေး ပြုပြင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ်(၄)အထည်စက်ရုံနှင့် တပ်မတော်ဝါစိုက်ပျိုးရေးတပ်သို့ ဖောက်လုပ်ထားသော ကတ္တရာလမ်း အရှည် ၃၁၆၈၀ ပေ၊ အကျယ် ၁၈ ပေမှာ ပျက်စီးလျက်ရှိသည့် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း၊ အလျား ၁၅၀၀ ပေ၊ အကျယ် ၁၈ ပေ၊ အပေါက်ဖာထေးပြုပြင်ခြင်း အလျား ၂၄၅၀ ပေ၊ အကျယ် ၁၈ ပေ စုစုပေါင်း အလျား ၃၉၅၀ ပေ၊ အကျယ် ၁၈ ပေအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

ကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်