Skip to main content

(ဃ)-ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေသော လယ်ယာထွက်ကုန်သီးနှံများကို ဝယ်ယူနေကျ ပြည်ပနိုင်ငံ များမှ ဝယ်ယူခြင်းမရှိသည့်အချိန်တွင် ဈေးကွက်မပျက်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဈေးကွက်ခိုင်မာရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအသက်မွေးဝမ်းကျောင်းပြုနေရသည့် စိုက်ပျိုးရေးနိုင်ငံဖြစ်ပါ ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးဖြင့် လုပ်ကိုင်အသက်မွေးဝမ်းကျောင်းပြုနေသည့် တောင်သူ လယ်သမားများ သည် နိုင်ငံ၏ စီးပွားရေးအတွက်သာမက ပြည်သူများ၏စားနပ်ရိက္ခာဖူလုံရေးအတွက် အင်မတန်အရေးကြီးပါကြောင်း၊ သို့သော် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေကြသည့် တောင်သူများသည် ရာသီဥတုဖောက်ပြန်မှုနှင့် ပိုးမွှားဖျက်ဆီးမှုတို့ကြောင့် သီးနှံအထွက်တိုးလျော့နည်းကျ သလို သီးနှံများစုပြုံထွက်ရှိလာသည့် အချိန်မှာလည်း သီးနှံများ၏ဈေးနှုန်း မကောင်းခြင်းကြောင့် နှစ်စဉ် လိုလိုအရှုံးပေါ်နေကြပါကြောင်း၊ မိမိအနေဖြင့် ယခုမေးခွန်းကို နွေစပါးပေါ်ချိန်ကတည်းက မေးမြန်းထားတာ ဖြစ်ပါကြောင်း၊

စပါးတစ်ဧကအတွက် တောင်သူများ၏ အမှန်တကယ် ကုန်ကျသည့်စိုက်ပျိုးရေးစရိတ်မှ လုပ်ငန်းစတင် သည် အချိန် မှ ထယ်ခ၊ ရိတ်သိမ်းခြွေလှေ့ခအထိ ကုန်ကျသည့် သွင်းအားစုစရိတ်ဖြစ်ပြီး တစ်ဧကကို လေးသိန်းကျပ် ကုန်ကျပါကြောင်း၊  စပါးအထွက်နှုန်းအများဆုံးမှာ တစ်ဧကလျှင် တင်း ၁၀၀ မှ တင်း ၁၂၀ အထိ ထွက်ရှိပြီး ပုံမှန် အားဖြင့် ပျမ်းမျှအထွက်နှုန်းမှာ တစ်ဧကကို တင်း ၇၀ သာ ရှိပါကြောင်း၊  ကြမ်းခင်းဈေး ငါးသိန်း သတ်မှတ်ထားပြီး အဆိုပါကြမ်းခင်းဈေးဖြင့် ရောင်းချရလျှင် ကုန်ကျသည့် စိုက်ပျိုးစရိတ်ကို မကာမိပါကြောင်း၊ ယခုနှစ်နွေစပါးထွက်ချိန်တွင် ဝယ်သူမရှိသည့်အတွက် ယခင်နှစ်က သတ်မှတ်ထားသည့် ကြမ်းခင်းဈေးငါးသိန်းမှ လေးသိန်းအောက်အထိ ကျဆင်းသွားသည့် အတွက် ကြောင့် စိုက်ပျိုးသူတောင်သူများမှာ များစွာအထိနာ အရှုံးပေါ်ခဲ့ကြရပါကြောင်း၊ မတ်ပဲ တစ်ဧကလျှင် ကုန်ကျသည့် စရိတ်မှာ ၃၂၀၀၀၀ ကျပ်ရှိပြီး တစ်ဧကလျှင် ၁၀ တင်းခန့်သာ ထွက်ရှိသည့် အတွက် ပဲပေါ် ချိန်တွင် မတ်ပဲတစ်တင်းကို နှစ်သောင်းကျပ်ခန့်နှင့် နှစ်သောင်းကျပ်အောက် ရောက်သွားသည့် အတွက် ကုန်ကျသည့်စိုက်ပျိုးစရိတ်ကို မည်သို့မှမကာမိတော့ဘဲ အရှုံးပေါ်ကြရခြင်းဖြစ်ပါကြောင်း၊

တောင်သူများအနေဖြင့် မိမိတို့၏သီးနှံပေါ်ချိန်တွင် သိုလှောင် ထားခြင်းမပြုနိုင်ဘဲ ကုန်ကျထားသည့် စရိတ်များကို ပေးရန်အတွက် ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချရာတွင် ဈေးကွက်ပျက်မှု၊ ဈေးနှုန်း မတည်ငြိမ်မှုများနှင့်အတူ ရောင်းသူဈေးကွက်မဖြစ်ဘဲ ဝယ်သူဈေးကွက်ဖြစ်နေရသည့်အတွက် သီးနှံများ၏ ရောင်းရသည့် ဈေးများသည် ကုန်ကျသည့်စိုက်ပျိုးစရိတ်ကို မကာမိခြင်းဖြစ်ပါကြောင်း၊ ဈေးကွက်စီးပွားရေး အရ ဈေးနှုန်းကို ဝင်ရောက်စွက်ဖက်ခွင့်မရှိသော်လည်း ဈေးနှုန်းများသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် နည်းသွားသည့်အတွက် အစိုးရအနေဖြင့် သင့်တင့်သည့်ဈေးနှုန်းတစ်ခုကို သတ်မှတ်ပေး ရသည့် ဖြစ်စဉ်ရှိပါကြောင်း၊ ထို့အတွက်ကြောင့် ရောင်းသူ တောင်သူများမှ နစ်နာမှုမရှိရအောင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် သီးနှံပေါ်ချိန်တွင် ဝယ်ယူမည့်ဈေးနှုန်းကို မျှခြေဈေးနှုန်း တစ်ခု အဖြစ် သတ်မှတ်ဆောင်ရွက်ပေးနိုင်ရန် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေသော လယ်ယာ ထွက်ကုန် သီးနှံများကို ဝယ်ယူနေကျ ပြည်ပနိုင်ငံများမှ ဝယ်ယူခြင်းမရှိသည့်အချိန်တွင် ဈေးကွက်မပျက်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဈေးကွက်ခိုင်မာရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန်/သွင်းကုန်များ တင်သွင်းခြင်း၊ တင်ပို့ခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့ စေရေးအတွက် ဖြေလျော့မှုများအဖြစ် ပဲမျိုးစုံနှင့် ပြောင်းစသည့် ကုန်စည်များကို လိုင်စင်မလိုဘဲ တင်ပို့ ခွင့်ပြုထားပြီး ပို့ကုန်နှင့်သွင်းကုန်များကို နိုင်ငံတကာဈေးကွက်များနှင့် ချိတ်ဆက်နိုင်ရန် ကုန်သွယ်မှု ကွန်ရက်(Trade Net 2.0)ကို ထူထောင်ထားရှိပါကြောင်း၊  ထို့အပြင် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၁၅-၁၉)ကို ချမှတ်၍ ပို့ကုန်မြှင့်တင်ရေးကို ဆောင်ရွက်ခဲ့ရာ တိုးတက်မှုများရရှိခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် သြဂုတ်လ ၁၆ ရက်နေ့အထိ အဓိကပို့ကုန်များအဖြစ် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂.၀၅ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၂၂ သန်း၊ ပဲမျိုးစုံတန်ချိန် ၁.၄ သန်း အမေရိကန်ဒေါ်လာ ၈၉၀ သန်း၊ ပြောင်းတန်ချိန် ၁.၄ သန်း အမေရိကန်ဒေါ်လာ ၂၅၅ သန်း၊ ကျွဲနွားအရှင် ၂.၇ သိန်း အမေရိကန်ဒေါ်လာ ၃၂၆ သန်း၊ ဖရဲ၊ သခွား၊ သရက်သီးတန်ချိန် တစ်သန်း အမေရိကန်ဒေါ်လာ ၁၁၇.၉ သန်း၊ ချုပ်ပြီးအထည် အမေရိကန်ဒေါ်လာ ၄၁၁၄ သန်းတို့ကို တင်ပို့နိုင်ခဲ့ပါကြောင်း၊ အမျိုးသား ပို့ကုန် မဟာဗျူဟာကို နောက်ထပ်ငါးနှစ်အတွက် ဆက်လက်ချမှတ်ဆောင်ရွက်မှာဖြစ်ပြီး လက်ရှိ ဦးစားပေးကဏ္ဍ ၁၁ ခုအပြင် ကဏ္ဍငါးခုကိုလည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချသော လယ်ယာထုတ်ကုန်သီးနှံများ ဈေးကွက် မပျက်စေရေး ဆောင်ရွက်ထားရှိမှုအနေဖြင့် ဆန်နှင့်ပတ်သက်၍ ဈေးကွက်အသစ်များအဖြစ် ဖိလစ်ပိုင်၊ မိုဇမ်ဘစ် နှင့် တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်ပို့မှုကို ထပ်မံရရှိထားပါကြောင်း၊ ပဲတီစိမ်းနှင့်ပတ်သက်ပြီး တရုတ်၊ ဗီယက်နမ်ဈေးကွက်ကို ထပ်မံရရှိခဲ့ပါကြောင်း၊  မြန်မာနိုင်ငံ၏ ပဲတီစိမ်းတင်ပို့မှုသည် ဥရောပသမဂ္ဂ တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းမျှအထိ ရှိနေပါကြောင်း၊  ပြောင်းတင်ပို့မှုမှာ ဈေးကွက်အသစ်အဖြစ် ထိုင်းနိုင်ငံ သို့ တန်ချိန် ငါးသိန်းခွဲတင်ပို့နိုင်ခဲ့ပါကြောင်း၊ အထည်ချုပ်လုပ်ငန်းနှင့်ပတ်သက်၍ ဥရောပ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန်ဈေးကွက်များကို ရရှိထားပါကြောင်း၊ ပြည်ပဈေးကွက်ခိုင်မာရေးအတွက် မိမိတို့ ထွက်ကုန်များသည် တင်သွင်းသူများ၏သတ်မှတ်ထားသော အရည်အသွေးစံံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ ကောင်းမွန်သော လယ်ယာစိုက်ပျိုးမှု နည်းလမ်းကောင်းများ အသုံးပြုရေး၊ နောက်ကြောင်းပြန်ခြေရာခံနိုင်ရေး၊ မိမိနှင့်ယှဉ်ပြိုင်ရောင်းချသည့် နိုင်ငံများ၏ ပို့ကုန် အရည် အသွေး၊ စံချိန်စံညွှန်းများနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိမှသာ ဈေးကွက်သည် ခိုင်မာပြီး ဈေးကွက်သစ်များကို ပိုမို ထိုးဖောက်နိုင်မည် ဖြစ်ပါကြောင်း၊

ဈေးကွက်သစ်များ ထိုးဖောက်နိုင်ရေးအတွက် နိုင်ငံတကာကုန်စည်ပြပွဲများကို လက်ခံကျင်းပခြင်း၊ ပြည်ပ ကုန်စည်ပြပွဲများသို့ ဝင်ရောက်ပြသခြင်း၊ ကုန်သွယ်ရေးမစ်ရှင်များ သွားရောက်ခြင်း၊ စီးပွားရေးသံမှူးများ ထားရှိခြင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းအချင်းချင်း ထိတွေ့ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်အသင်းများအား ထူထောင်ခွင့်ပြုခြင်းနှင့် နှစ်နိုင်ငံကုန်သွယ်မှုဆွေးနွေးပွဲများ ကျင်းပခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးကောင်းပြီး တန်ဖိုးမြှင့်ပို့ကုန်များ ထုတ်လုပ်နိုင်ရေး အတွက် မျိုးသန့်ခြံများ၊ တောင်သူအစုအဖွဲ့အလိုက် မျိုးစေ့ထုတ်အသင်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ဒေသရေမြေနှင့်ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များ၊ သီးနှံပုံစံ(Cropping Pattern)များ ဖြစ်ပေါ်စေရန် တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် သီးနှံလေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရေး အတွက် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ကျေးလက်ဒေသများသို့ သွားရောက်၍ တောင်သူများကို နည်းပညာပြန့်ပွားရေးသင်တန်များပေးခြင်း၊ တောင်သူအချင်းချင်း နည်းပညာဖလှယ်ခြင်း၊ မြေဆီလွှာတိုးတက်ကောင်းမွန်စေရေးနှင့် မြေဆီလွှာ ပြဿနာ ဆိုင်ရာများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သီးနှံများ၏အရည်အသွေး ကောင်းမွန် စေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ပြည်ပသို့တင်ပို့ရန် အလားအလာကောင်းသော သီးနှံ ၁၅ မျိုးကို GAP စနစ်အသုံးပြုစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် GAP Guideline ကို ထုတ်ပြန် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဈေးကွက်ရရှိရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ရရှိရေးကို ဆောင်ရွက် ခဲ့သည့်အပြင် ဆန်ကွဲကိုပါ တင်ပို့ရောင်းချနိုင်ရေး၊ မြန်မာနိုင်ငံမှ ဆန်စက်များကို ဝယ်ယူ သည့်နိုင်ငံများမှ လက်ခံနိုင်မည့် အရည်အသွေး စစ်ဆေးပေးခြင်း၊ ကျွဲ၊ နွားတင်ပို့ရေး နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ခြင်း၊ တစ်သျူးငှက်ပျောနှင့် ပိုးအိမ်များ တင်ပို့နိုင်ရေး အတွက် ပိုးမွှားကျရောက်နိုင်မှု ဆန်းစစ် ချက်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာ ကဏ္ဍဆိုင်ရာ ဈေးကွက် သတင်းများ၊ ပညာပေးအစီအစဉ်များ ပါဝင်သည့် တောင်သူလယ်သမား ရုပ်သံလိုင်းကိုလည်း ထုတ်လွှင့်ပေးလျက် ရှိပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်း၍ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကောင်းရရှိရေး၊ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်ရေးနှင့် ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန် အသင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့နှင့် စဉ်ဆက်မပြတ် ထိတွေ့၍ လိုအပ်သည့်အကူအညီများကို ဖြည့်ဆည်းပေးခြင်း၊ အခက်အခဲများကို ပေါင်းစပ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသလို ဈေးကွက်စီးပွားရေးစနစ် မှာ အစိုးရအနေဖြင့် ဈေးကွက် အတွင်း ဝင်ရောက်စွက်ဖက်သည့် လုပ်ငန်းမျိုးကို ဆောင်ရွက်ခြင်းမပြုဘဲ ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုကိုသာ အားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတင်ပြခဲ့သလို တောင်သူလယ်သမား အကျိုးကာကွယ်ရေးဥပဒေအရ တောင်သူများ၏ ထုတ်လုပ်သည့် လယ်ယာထွက်ကုန်များ သင့်တင့်မျှတသည့် ဈေးနှုန်းနှင့်ဈေးကွက်ရရှိရန် လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး လယ်ယာထွက်ကုန်များကို ဈေးနှုန်းအလွန်အမင်းကျဆင်း သည့်အခါ နိုင်ငံတော်က ဝယ်ယူရန် လိုအပ်ပါ က ဝယ်ယူနိုင်ရန် ရန်ပုံငွေတစ်ရပ်ကို လှည့်လည် ရန်ပုံငွေမှ ထုတ်ယူပြီးမှ သီးသန့်ထားရှိပါကြောင်း၊  ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုရေးလုပ်ငန်းကော်မတီကို အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ပူးပေါင်းဖွဲ့စည်းပြီး ဈေးကွက်ကို စောင့်ကြည့်ပြီး တောင်သူလယ်သမားများအတွက် သင့်တင် မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိရေးအတွက်ကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာသုံးသပ် လျက်ရှိပါကြောင်း ဖြေကြားပါသည်။

ဒေါ်ချိုချို(အုတ်တွင်းမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။      

ဒုတိယဝန်ကြီး၏ဖြေကြားချက်တွင် ကုန်သွယ်မှုဗျူဟာများကို ချမှတ်ပြီး ပို့ကုန်မြှင့်တင် ရေးအတွက် ဆောင်ရွက်၍ ပို့ကုန်များကို တင်ပို့နိုင်ခဲ့သော်လည်း မိမိ၏မေးခွန်းသည် တောင်သူများရရှိသည့် ဈေးနှုန်း များ တည်ငြိမ်ခိုင်မာရေးအတွက်၊ ဈေးကွက်များကို မပျက်စေရန်အတွက် မေးမြန်းထားခြင်း ဖြစ်ပါကြောင်း၊ ဈေးနှုန်းများကို တည်ငြိမ်ရန်အတွက် နိုင်ငံတော်က ပံ့ပိုးကူညီမှုအတွက် ဘတ်ဂျက်များလျာထားသည် ကိုတေ့ွရှိရပါကြောင်း၊ ၂၈.၆.၂၀၁၉ ရက်နေ့တွင် ဓနုဖြူမြို့မှာ တောင်သူလယ်သမားများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆန်စပါးအပါအဝင် အရေးကြီးပြီး တောင်သူအများစု စိုက်ပျိုးသည့် သီးနှံများကို အခြေခံဈေးနှုန်းသတ်မှတ်ကြေညာပေးရန် အကယ်၍ အခြေခံဈေးအောက်သို့ ဈေးကွက်ပေါက်ဈေး ဖြစ်ပေါ်လာပါက နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဝယ်ယူရေး အစီအစဉ်များ၊ သိုလှောင်ရေးအစီအစဉ်များ၊ စနစ်တကျလုပ်ဆောင်သွားရန်၊ ထိုသို့ဈေးကျမှု သည် တောင်သူများ ရောင်းချသည့်အချိန်အခိုက်အတန့်လေးသာဖြစ်၍ ၎င်းကို အချိန်ကိုက်ဝင်ရောက် ကူညီပေးရန် လိုကြောင်း ယခုလိုလုပ်ငန်းစဉ်များသည် တစ်ရာသီတည်းအတွက်၊တစ်နှစ်တည်းအတွက် မဟုတ်ဘဲ တစ်ရာသီပြီးတစ်ရာသီ၊ တစ်နှစ်ပြီးတစ်နှစ် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် ဈေးကွက်အခြေအနေ၊ ထုတ်လုပ်မှုအနေအထားစသည့် အခြေခံအကြောင်းရင်းများကို အခြေပြုပြီး စဉ်ဆက်မပြတ် ပြောင်းလဲပြင်ဆင်သွားရမည့် လုပ်ငန်း တစ်ရပ် အနေဖြင့် အခြေခံဈေးနှုန်းကို သတ်မှတ်ပြီး အခြေခံဈေးနှင့်ဝယ်ပေးရန် လမ်းညွှန်ထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့်အညီ အခြေခံဈေးနှုန်း ကြေညာပေးခြင်းစနစ်ကို မည်ကဲ့သို့စီစဉ်၍ ဦးဆောင်အဖွဲ့ အစည်းခေါ်ယူကျင်းပခြင်း ရှိ/မရှိ၊ အခြေခံဈေးအောက်ရောက်ရင် ဝယ်ယူရေးအစီအစဉ်ကို မည်ကဲ့သို့ဆောင်ရွက်သွားရန် ပြင်ဆင် ထားသည်တို့ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးအောင်ထူး

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်၍ မိမိ၏ဖြေကြားမှုနောက်ဆုံး အပိုဒ်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားအကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့်တင်ရေး ဥပဒေအရ ဆိုပါက လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းထားရှိရပါကြောင်း၊  လယ်ယာထွက်ကုန် စီမံခန့်ခွဲ ရေးအဖွဲ့အနေဖြင့် လယ်ယာထွက်ကုန်များ မည်မျှထွက်ရှိသည် တစ်ဧကထုတ်လုပ်မှု ကုန်ကျ စရိတ် မည်မျှရှိသည်ကို အမြဲတမ်းလေ့လာသုံးသပ်နေပါကြောင်း၊ လေ့လာသုံးသပ်ပြီးသည့်အချိန်တွင် အခြေခံ ဈေးနှုန်းသတ်မှတ်ထားသည့် ဈေးနှုန်းဘက်ကို ကျဆင်းမည်ဆိုပါက မိမိတို့အနေဖြင့် မည်ကဲ့သို့ ဝင်ရောက်ပြီး ဈေးကွက်တွင် အထောက်အကူပြုရမလဲဆိုသည့် အစီအစဉ်များကိုလည်း ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ ၎င်းနေရာတွင် အခြေခံဈေးနှုန်း နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ဖြစ်ပါကြောင်း၊ လက်ရှိ တောင်သူလယ်သမားအကျိုးစီးပွားကာကွယ်ရေးဥပဒေအရ ကောက်ပဲသီးနှံများ၏ ဈေးနှုန်းသည် ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ကျဆင်းမှသာလျှင် နိုင်ငံတော်မှဝင်ရောက်ပြီးစွက်ဖက်၍ ရခြင်းဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ယခုလိုဝင်ရောက်ပြီး စွက်ဖက်နိုင်အောင်အတွက် နှစ်စဉ် မိမိတို့အနေဖြင့် လှည့်လည် ရန်ပုံငွေမှ ရန်ပုံငွေလျာထားပြီး အသင့်အတင့်ကိုင်ဆောင်ထားခြင်းဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည့် အတွက်ကြောင့် ယခုနှစ်တွင် ကျပ်ဘီလီယံ ၁၅ သန်းကို လျာထားပြီး ထုတ်လုပ်မှုကုန်ကျစရိတ်ထက် ကျဆင်းမည်ဆိုပါက ဝင်ရောက်ဝယ်ယူနိုင်အောင်အတွက် ဆောင်ရွက် ထားခြင်း ဖြစ်ပါကြောင်း၊  မကြာခင်ကသည့် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေးလုပ်ငန်း ကော်မတီ အနေဖြင့် မိမိယခုတင်ပြခဲ့သည့်အတိုင်း အစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဖွဲ့စည်းထားဖြင်း ဖြစ်သည့် အတွက် ၎င်းအဖွဲ့မှနေပြီး ဈေးနှုန်းအခြေအနေ၊ ထုတ်လုပ်မှုအခြေအနေများကို စဉ်ဆက် မပြတ်လေ့လာ၍ ဦးဆောင်ကော်မတီကို အခြေခံဈေးနှုန်းမည်မျှ ဖြစ်သင့်သည် ဆိုသည်ကို အကြံပြုပြီး တင်ပြရမည် ဖြစ်ပါကြောင်း၊ ဒီနှစ်အတွက် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းသုံးသပ် အကြံပြုရေး ဆိုင်ရာ လုပ်ငန်းကော်မတီ၏ အစည်းအဝေးကို ယခုလ ၃၀ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပါကြောင်း၊  ၎င်းအစည်းအဝေးမှ  လေ့လာသုံးသပ်ပြီး  ဦးဆောင်ကော်မတီကို အခြေခံဈေးနှုန်းနှင့် ထုတ်လုပ်မှုကုန်ကျ စရိတ်မည်မျှဖြစ်သင့်သည် ဆိုသည်ကို အကြံပြုပြီးတင်ပြသွားမည် ဖြစ်ပါကြောင်း၊ ၎င်းအကြံပြုချက် အပေါ် အခြေခံပြီး တောင်သူလယ်သမားအကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့်တင် ရေးဦးဆောင်ကော်မတီအနေဖြင့် လိုအပ်သည့်လမ်းညွှန်မှုများကို ပြုလုပ်ပေးသွားရန်ရှိပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား ပြန်လည် ဖြေကြားခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးအောင်ထူး