Skip to main content

 

တောင်သူတွေအနေဖြင့် ဆန်စပါး စိုက်ပျိုးရသည်မှာ အကျိုးအမြတ်အလွန်နည်းပါးပြီး ဆောင်းသီး နှံဖြစ်သည့် မတ်ပဲစိုက်မှသာ တောင်သူများသည် လက်စိုရပါကြောင်း၊ မတ်ပဲဈေး မကောင်းလျှင်  တောင်သူတွေအခက်ကြုံရပြီး ထိုသို့ ဈေးကောင်းရရန်အတွက်လည်း ကုန်သည်များနှင့် နိုင်ငံ တကာဈေးကွက်ပေါ် မူတည်‌နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ ဈေးကောင်းရန် ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာတွင် ဈေးကောင်းရရန်အတွက် ပြင်ဆင်မည်ဆိုပါက မတ်ပဲအလုံး အရွယ်အစား အကြီး/အသေး၊ လုံးပိန်/ လုံးညှက်ပါခြင်း/မပါခြင်း၊ အရောက်ပျက် နေခြင်း၊ ဖုန်၊ သဲ၊ ခဲပါခြင်းများအပေါ် မူတည်ပြီး မူတည်ပြီး အဆင့်အတန်းတွေခွဲထားပါကြောင်း၊ Fair Average Quality(FAQ) ၊ First Quality(FQ)၊ Special Quality(SQ) စသည်ဖြင့် အမျိုးအစားပေါ် လိုက်ပြီး ဈေးနှုန်းများ ကွာခြားပါကြောင်း၊

မတ်ပဲဈေးကောင်းရရန် ဝယ်ယူသည့် နိုင်ငံများက မည်သည့်အမျိုးအစားများကို ဝယ်ယူသည်ကို လည်းကောင်း၊ ကမ္ဘာ့ဈေးကွက်၏ကန့်သတ်ချက်များဖြစ်သည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ များ ပါဝင်မှုများကိုလည်းကောင်း  တောင်သူများ သိထားမှသာ ထိန်းထိန်းသိမ်းသိမ်းဖြင့် သုံးစွဲနိုင် မည်ဖြစ်ပါကြောင်း၊ မတ်ပဲများ သိုလှောင်နည်းစနစ်ကို တောင်သူနှင့် ကုန်သည်များပါ သိထားရန် လည်း လိုအပ်ပါကြောင်း၊ တောင်သူတွေအနေဖြင့် စိုက်ပျိုးချိန်တွင် မျိုးကောင်းမျိုးသန့်ရရန် အင်မတန် ခက်ခဲပြီး ဈေးကြီးပေးကာ မျိုးဝယ်ကြရသော်လည်း ထွက်ရှိချိန်တွင် အကြွေးဆပ်ရန် ရရာဈေးဖြင့် အလျင်စလိုရောင်းကြရပါကြောင်း၊

ပဲကုန်သည်ကြီးများအသင်းအနေဖြင့် နိုင်ငံတော်နှင့်ချိတ်ဆက်ပြီးဈေးကွက်တွေရှာသင့်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း စိုက်စရိတ်တွေတိုးမြှင့်ပေးရန် သို့မဟုတ် ပဲကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းပြီး သီးနှံထွက်ရှိလာချိန်တွင် ငွေစိုက်ပြီးဝယ်ယူ ပေးထားရန် မည်သည့်နည်းလမ်းက တောင်သူတွေအတွက် ပိုအကျိုးရှိနိုင်မည်ကို စဉ်းစားရမှာဖြစ်ပါကြောင်း၊ မတ်ပဲဈေးကောင်းလာမှ မတ်ပဲကိုဈေးမြင့်မြင့်နှင့် ရောင်းရမှ တောင်သူများ စားဝတ်နေရေး အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မတ်ပဲစိုက်တောင်သူများ  အကျိုးအမြတ်ရရှိစေရန်အတွက် နိုင်ငံတကာတွင်  ခိုင်မာ သော ဈေးကွက် ရရှိအောင်မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

မြန်မာနိုင်ငံမှ ပြည်ပသို့ မတ်ပဲတင်ပို့မှုနှင့်ပတ်သက်၍ တင်ပြရလျှင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၆၁၇၆၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၇၂.၂၈၈ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၂၇၉၆၅၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၃၄၄.၀၄၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သြဂုတ်လ ၁၆ ရက်နေ့ထိ တန်ချိန် ၅၂၃၁၇၇၊ တန်ဖိုး အမေရိကန်ဒေါ်လာ၂၇၃.၉၁၂ သန်း တင်ပို့ နိုင်ခဲ့ပါကြောင်း  လက်ရှိပျမ်းမျှတစ်တန်ဈေးနှုန်းသည် ၇၈၅၃၃၂ ကျပ်ခန့်ဖြစ်သည့်အတွက် မတ်ပဲ စိုက်တောင်သူများအတွက် အကျိုးအမြတ်ရှိနိုင်သည့် ဈေးနှုန်းဖြစ်ပါကြောင်း၊

နိုင်ငံတကာဈေးကွက်တွင် အများဆုံးဝယ်ယူသည့် မတ်ပဲမျိုးစိတ်မှာ Black gram Vigna Mungo ဖြစ်ပါကြောင်းနှင့် မတ်ပဲအပါအဝင် ပဲမျိုးစုံနှင့်ပတ်သက်၍ အများဆုံးဝယ်ယူသောနိုင်ငံများမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ပါကစ္စတန်၊ ယူအေအီး၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဗီယက်နမ်၊ နီပေါ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှလည်း ဝယ်ယူလျက်ရှိပါကြောင်း၊ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ သော မတ်ပဲနှင့်ပတ်သက်၍ ပိုးမွှားကင်းရှင်းကြောင်းသက်သေခံလက်မှတ်ကို တင်သွင်းသော နိုင်ငံ၏ လိုအပ်ချက်များအတိုင်း စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ စိစစ်ထုတ်ပေး လျက် ရှိပါကြောင်း၊

၂၀၁၇ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုအရေအတွက်ကန့်သတ်သည့်မူဝါဒ ပြောင်းလဲမှု ကြောင့် မြန်မာနိုင်ငံမှ ပဲစိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ ပဲကုန်သည်လုပ်ငန်းရှင်များ ထိခိုက် နစ်နာဆုံးရှုံးမှုရှိခဲ့သည့်အတွက် ယင်းသို့ထပ်မံမဖြစ်ပေါ်စေရန် ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအထူးလုပ်ငန်းအဖွဲ့ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့်် နှမ်းကုန်သည်များအသင်းမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများဖြင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖွဲ့စည်းခဲ့ပြီး အိန္ဒိယနိုင်ငံသို့ မတ်ပဲဆက်လက် တင်ပို့ ရေးကို ညှိနှိုင်းရန် ပဲမျိုးစုံ ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ရေးနှင့် ပြည်တွင်းပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်တွင်း စားသုံးမှုတိုးတက်ရေးအတွက် နည်းလမ်းများကို လေ့လာဆောင်ရွက်လျက် ရှိပါကြောင်း၊

မတ်ပဲစိုက်တောင်သူများ အကျိုးအမြတ်ရရှိစေရန်အတွက် ခိုင်မာသော ဈေးကွက်ရရှိအောင် မြန်မာ နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် အစိုးရချင်းဆိုင်ရာနားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ရေးအတွက် လည်း ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းရောင်းဝယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား အိန္ဒိယနိုင်ငံဘက်သို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်း  ထပ်မံအဆိုပြုပေးပို့ခဲ့ပါကြောင်း၊

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းတို့ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း အိန္ဒိယ နိုင်ငံသို့သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးမီ ဆောင်ရွက်ပေးစေလိုသည့် အချက်သုံးချက်ကို တောင်းဆိုခဲ့ ပါကြောင်း၊ ယင်းအချက်များမှာ တင်သွင်းခွင့်ခွဲတမ်းထုတ်ပြန်ချက်အား မတ်လကုန်၌ ထုတ်ပြန် ပေးရန် မတ်ပဲကိုခွဲတမ်းပိုမိုသတ်မှတ်ပေးရန်နှင့် တတိယအချက် ခွဲတမ်းကို ၃ လသာ မဟုတ်ဘဲ တစ်နှစ်ပတ်လုံးတင်သွင်းခွင့်ပြုရန်တောင်းဆိုခဲ့ရာ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် အိန္ဒိယ နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပဲတီစိမ်းတန်ချိန် ၁.၅ သိန်း၊ မတ်ပဲ တန်ချိန် ၁.၅ သိန်း၊ ပဲစဉ်းငုံတန်ချိန် နှစ်သိန်း၊ ပဲလုံးတန်ချိန် ၁.၅ သိန်း တင်သွင်းခွင့်ပြုကြောင်းကို အသိပေးချက် ထုတ်ပြန်ခဲ့ပါကြောင်း၊

ထို့ပြင် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့်လည်း မြန်မာနိုင်ငံမှ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းတို့အား တရုတ်နိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြင့် တင်ပို့နိုင်ရေး လိုအပ် သည့် သီးနှံများ၏ ရောဂါပိုးမွှားဘေးကင်းလုံခြုံမှုဆိုင်ရာ စစ်ဆေးမှုလုပ်ငန်းဆောင်ရွက် လိုကြောင်း ပေကျင်းမြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် သက်ဆိုင်ရာဌာနများသို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း အကြောင်းကြားစာပေးပို့ခဲ့ပါကြောင်း၊ လယ်ယာထွက်ကုန်သီးနှံများ ဈေးကောင်းရရှိပြီး ပိုမိုတင်ပို့ နိုင်ရေးအတွက် အခွန်နှုန်းမြင့်မားမှုကို လျှော့ချပေးရေး၊ Quota တိုးမြှင့်သတ်မှတ်ပေးရေးတို့ကို တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများတွင် လည်းကောင်း၊ မြန်မာ-တရုတ် နှစ်နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်းအဝေးတွင်လည်းကောင်း ထည်‌့သွင်း ဆွေးနွေးလျက်ရှိပါကြောင်း၊ မတ်ပဲအပါအဝင်တင်ပို့မှုကို တိုးတက်နိုင်အောင် ဈေးကွက် ရရှိရေးအတွက် မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၁၅-၂၀၁၉ တွင် မတ်ပဲ အပါအဝင် ပဲမျိုးစုံကိုဦးစားပေး မြှင့်တင်ရမယ့်ကဏ္ဍတစ်ခုအဖြစ် ထည်‌့သွင်းထားရှိခဲ့ပါကြောင်းနှင့် လာမည့် အမျိုးသားပို့ကုန်မဟာဗျူဟာတွင်လည်း ပဲမျိုးစုံကဏ္ဍကိုဦးစားပေးမြှင့်တင်ရမည့် ကဏ္ဍအဖြစ် ဆက်လက်ထည့်သွင်း ထားရှိမည်ဖြစ်ပါကြောင်း၊

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနှင့် ပြည်ပသို့အများဆုံးတင်ပို့သော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများအပါအဝင် လယ်ယာထွက်ကုန်သီးနှံများ နိုင်ငံတကာဈေးကွက်သို့ ပိုမိုတင်ပို့ လာစေ‌ရေးအတွက် တာဝန်ရှိသူများ၏ နိုင်ငံတကာခရီးစဉ်များတွင်လည်းကောင်း၊ ပြည်တွင်း ဆွေးနွေးမှုများတွင်လည်းကောင်း၊ ညှိနှိုင်းဆွေးနွေးလျက် ရှိပါကြောင်းနှင့် လယ်ယာထုတ်ကုန် အသင်းအဖွဲ့များဖြစ်သော မြန်မာနိုင်ငံဆန်စပါးအသင်း၊ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်အသင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တို့နှင့် စဉ်ဆက်မပြတ် တွေ့ဆုံ၍ လိုအပ်သည့် အကူအညီများဖြည့်ဆည်းပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါက်တာသန်းအောင်စိုး(မင်းလှမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ကုန်သည်ကြီးများနှင့် ချိတ်ဆက်ဆောင်ရွက်မှုသည် နိုင်ငံတကာဈေးကွက်အနေဖြင့် အင်မတန် အားရစရာကောင်းသော်လည်း မတ်ပဲထွက်ရှိချိန်တွင် ဈေးကအလွန်အမင်းကျဆင်းနေပါကြောင်း၊ တောင်သူများကလည်း ဈေးကောင်းချိန်အထိစောင့်ပြီးမရောင်းနိုင်သည့်အတွက် မတ်ပဲပေါ်ချိန် များတွင် တောင်သူများ ထိုက်သင့်အားလျော်စွာဈေးရရှိအောင် ကုန်သည်ကြီးများအသင်းအနေဖြင့် ပူးပေါင်းပြီးချိတ်ဆက်ဆောင်ရွက်ပြီး ဝယ်ယူထားရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်း ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးအောင်ထူး

တောင်သူလယ်သမားများ ထုတ်လုပ်သည့် လယ်ယာထုတ်ကုန်များ သင့်တင့်မျှတသော ဈေးနှုန်း နှင့်ဈေးကွက်ရရှိရန် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းထားရှိပါကြောင်း၊ လယ်ယာ ထွက်ကုန်များကို နိုင်ငံတော်က ဝယ်ယူရန်လိုအပ်ပါက ဝယ်ယူနိုင်ရန်အတွက်လည်း ရန်ပုံငွေ တစ်ရပ်ကို Re-problem Fund (လှည့်လည်ရန်ပုံငွေ)မှထုတ်ယူ၍ သီးသန့်ထား ရှိပါကြောင်း၊ ထို့အပြင် ဈေးကွက်နှင့်ဈေးနှုန်း ဆိုင်ရာသုံးသပ်အကြံပြုတင်ပြရေးလုပ်ငန်း ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားရှိပြီး ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်သုံးသပ်လျက် ရှိပါကြောင်း၊ ‌ဈေးကွက်နှင့် ဈေးနှုန်းသုံးသပ် အကြံပြု တင်ပြ ရေးလုပ်ငန်းကော်မတီတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍက ကုန်သည်ကြီးများပါဝင်ပြီး ဈေးကွက် အခြေအနေကိုစောင့်ကြည့်ကာ လိုအပ်မည်ဆိုပါက ဝင်ရောက်ဝယ်ယူရန် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက်လည်း လှည့်ပတ်ရန်ပုံငွေက သီးသန့် ရန်ပုံငွေ တစ်ရပ်ကို ထုတ်ယူထားရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး