Skip to main content

 

ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်ခြေရင်းတွင် အမှတ်(၃၇၇) အမြောက်တပ်ရင်း တစ်ခုရှိကြောင်း။ ၎င်းအမြောက်တပ်ရင်း စတင်တည်ဆောက်သည့် ၂၀၀၈-၂၀၀၉ ခုနှစ်ဝန်းကျင်ခန့်တွင် တပ်ပိုင်မြေအဖြစ်ဖြင့် နိုင်ငံတော်ကို လျှောက်ထားခဲ့သည်ဟု မိမိတို့ သိရှိရကြောင်း၊ လျှောက်ထားသည့်အချိန်တွင် စုစုပေါင်းမြေဧက ၃၄၈.၇၉ ဧက လျှောက်ထားခဲ့သည်ကို သိရှိရကြောင်း၊ နိုင်ငံတော်မှ ပြန်လည်ချပေးသည့်အချိန်တွင် မြေရိုင်းဧက ၃၀၀.၈၄ ဧကကို ခွင့်ပြုမိန့်ချပေးခဲ့ကြောင်း၊ ၄၇.၉၅ ဧကအား ဒေသခံများ လုပ်စားနေသည့် လယ်ယာ၊ ဥယျာဉ်မြေဖြစ်သည့် အတွက် ၎င်းခွင့်ပြုမိန့်တွင် ပါဝင်ခြင်း မရှိသည်ကို တွေ့ရကြောင်း၊ သို့သော် လျှောက်ထားချက်တွင် ပါဝင်သည့် ၄၇.၉၅ ဧကကို တပ် စတင်တည်ဆောက်သည့် နှစ်တွင်စတင်ပြီး တပ်မှ လယ်မြေ အဖြစ်ဖြင့် လုပ်နေသည်ကို မိမိတို့ သိရကြောင်း၊ ထို့အတွက် မိမိတို့ဒေသတွင် စိုက်ပျိုးရေးကို အခြေခံပြီး လုပ်စားနေကြသည့် လူများ ဖြစ်သည့်အတွက် ၎င်းဒေသ၏ မိသားစုများ ရှင်သန်ရေး၊ ရပ်တည်ရေးအတွက် လယ်ယာများသည် ကြီးမားသည့် အစိတ်အပိုင်းများ ဖြစ်ကြောင်း၊ ထို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြန်လည်စိစစ်ပြီး နိုင်ငံတော်၏ ခွင့်ပြုမိန့်တွင် မပါဝင်သည့် လက်ရှိ တပ်မှ လယ်ယာမြေအဖြစ်ဖြင့် လုပ်နေသည့် ၄၇.၉၅ ဧကကို ပြန်လည် စိစစ်ပြီး မူလလုပ်ကိုင်စားသောက်ခဲ့ကြသည့် ပြည်သူများ လက်ထဲကို ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းလိုကြောင်း၊

ပြည်ထဲရေးမှ ခွင့်ပြုမိန့်ထုတ်ပေးထားသည့် အမိန့်ကြော်ငြာစာနှင့် ကွင်းအမှတ်များ၊ မိမိကို မြေစာရင်းမှ ထုတ်ပေးထားသည့် စာရင်းဇယားများ ဖြစ်ကြောင်း၊ ၎င်းအချက်များကို မိမိ မေးခွန်းမေးသည့်အချိန်တွင် ပူးတွဲပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကို ထည့်ပေးသည့် အချိန်တွင် တစ်ပါတည်း ပါဝင်ပါကြောင်း၊ မိမိ Google Map မှ ကြည့်မည်ဆိုပါက တပ်ချထားသည့် နေရာနှင့် အဝါရောင်လိုင်းသည် ရန်ကုန်-စစ်တွေ လမ်းမကြီးဖြစ်ကြောင်း။ အပေါ်တွင် အပေါက်ဝ ကျေးရွာနှင့် အမှတ်(၃၇၇) အမြောက်တပ်ရင်းကြားရှိ လယ်မြေများ ဖြစ်ကြောင်း တပ်ပိုင်မြေ ဧရိယာ မဟုတ်သည့် မြေတချို့အား တပ်မတော်မှ လယ်ယာစိုက်ပျိုးမြေအဖြစ် အသုံးပြုနေမှုအား ပြန်လည်စိစစ်ပြီး ပြည်သူလက်ထဲ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းပါသည်။


ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်

မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမည် ဖြစ်ကြောင်း၊ မေးခွန်းပါ မြေဧရိယာ ၄၇.၉၅ ဧကတွင် အမှတ်(၃၇၇) အမြောက်တပ်ရင်း အဖြစ် စတင်သိမ်းဆည်းရန် လျာထားသည့်မြေ ၃၄၈.၇၇ ဧကအတွင်း ပါဝင်ခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲပါ စာအမှတ် (၃၀၀/၂၅/ဦး-၁)ဖြင့် အမှန်တကယ် အသုံးပြု၍ သိမ်းဆည်းရေး ဆောင်ရွက်ရာ၌ ၎င်းမြေဧရိယာ၏ ၄၇.၉၅ ဧကအား ချန်လှပ်၍ အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့် ရှိသည့် မြေလွတ်မြေဧရိယာ ၃၀၀.၈၄ ဧကကို သိမ်းဆည်းရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မေးခွန်း တွင် ဖော်ပြခဲ့သည့် အမိန့်အတိုင်း ဖြစ်ကြောင်း၊ တင်ပြပြီးဖြစ်ကြောင်း၊ အဆိုပါမြေ ၄၇.၉၅ ဧကတွင် တပ်ပိုင်မြေ နှင့် နယ်နိမိတ် ထိစပ်လျက် ရှိသော်လည်း တပ်ပိုင်မြေအတွင်းတွင် ပါဝင်ခြင်း မရှိကြောင်း ဒေသခံ တောင်သူ လယ်သမားများကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် မိမိတို့ ကွင်းဆင်းစစ်ဆေးပြီး ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့ လုပ်ကိုင်ခြင်း မရှိကြောင်း၊ ဒေသခံ တောင်သူလယ်သမားများ ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မြေများ ဖြစ်သည့် အတွက် တပ်ရင်းမှ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိပါကြောင်း ဖြေကြားပါသည်။ 


 

ဦးဦးထွန်းဝင်း (ကျောက်တော် မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။


 

မိမိကို အကူအညီတောင်းသည့် မူလလယ်ပိုင်ရှင်များဖြစ်သည့် တောင်သူ လယ်သမားများနှင့် ယနေ့ နံနက်ပိုင်းတွင် မိမိ အဆက်အသွယ် ရကြောင်း၊ ဝန်ကြီးပြောသည့်အတိုင်း မေးခွန်းမေးထားသည့် အချိန်တွင် မြို့နယ်မှ သက်ဆိုင်ရာ မြေစာရင်းက ပုဂ္ဂိုလ်များနှင့် ဒေသခံများနှင့် အမြောက်တပ်မှ တာဝန်ရှိသူများနှင့် တွေ့ပြီး တိုင်းတာမှုများ လုပ်ကြသည်ကို မိမိတို့ သိရကြောင်း၊ တပ်မြေဖြစ်ကြောင်း၊ တပ်မြေနှင့် မဆိုင်ဘူး ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့ကြတယ်ကို မိမိတို့ သိရကြောင်း၊ ထို့အတွက် ယနေ့ နံနက်တွင် မိမိတို့ ဆက်သွယ်မေးမြန်းကြည်‌့သည့်အချိန်တွင် ၎င်းမြေများကို မိမိတို့ လက်ထဲကို မရောက်သေးကြောင်း၊ မူလအရင်က တပ်မှ လယ်မြေအဖြစ် လုပ်ခဲ့ကြောင်း၊ ယခုနှစ်တွင် တပ်မှ ထွန်ထားသည်ကို တွေ့ရကြောင်း၊ မထွန်ရသေးပါဘူး ဟု ယနေ့နံနက် တွင် ဆက်သွယ်ပြီး မေးမြန်းကြည့်သည့်အချိန်တွင် ယခုလို ဖြေထားချက်ရှိကြောင်း၊ ထို့ကြောင့် နည်းနည်း အောက်ခြေနှင့် ကွာနေသည့်၊ ဆီလျော်မှု မရှိသည့် အခြေအနေ များကို မိမိတို့ တွေ့ရသည့်အတွက် ထိုအချက်များကို ပြန်လည်စိစစ်ပြီး ဒေသခံများ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းပြီး သေသေချာချာ ပြန်လည် ဖြေရှင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိကို သိလိုသည့်အတွက် ထပ်ဆင့်မေးမြန်းပါသည်။

ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် 

ဆက်စပ်မေးခွန်းကို ပြန်လည်ဖြေရှင်း တင်ပြမည်ဖြစ်ကြောင်း၊ ယခုမေးခွန်းများကို မိမိတို့က ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုလို တိုင်ကြားစာ မေးခွန်းများ၊ ကြယ်ပွင့်ပြ မေးခွန်းများ ရောက်သည့်အချိန်တွင် မိမိတို့မှ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ကို တာဝန်ပေးသည့်အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးရှိ မြို့နယ်မြေစာရင်းများကို ပေးပြီး စစ်ကြောင်း၊ စစ်သည့်အချိန်တွင် သက်ဆိုင်ရာ မြို့နယ်စာရင်းတွင် တာဝန်ရှိသည့် လူများ၊ တပ်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ထွေ/အုပ် အုပ်ချုပ်ရေးမှူးများ ပါကြောင်း၊ ထို့အပြင် ရပ်မိရပ်ဖများလည်း ပါကြောင်း၊ ယခုလို့ သွားရောက်စစ်ဆေးသည့်အချိန်တွင် ဖြစ်နိုင်ပါက တိုင်ကြားစာတွင်ပါသည့် ကိုယ်စားလှယ်တော်များကို မိမိတို့က ဖိတ်ကြားကြောင်း၊ မိမိတို့ ဖိတ်ကြားခြင်း မဟုတ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်မြေစာရင်းမှ ဖိတ်ကြားပြီး တိုင်ကြားစာတွင်ပါသည့် နေရာကို သွားရောက်စစ်ဆေးလေ့ ရှိကြောင်း၊ လုပ်ရိုးလုပ်စဉ် ဖြစ်ကြောင်း၊

သွားစစ်သည့်အချိန်တွင် မိမိတို့ တပ်ကိုယ်စားလှယ် ပါကြောင်း၊ သက်ဆိုင်ရာ နယ်မြေခံတပ်က ကိုယ်စားလှယ်း ပါပြီး စစ်ဆေးခဲ့ကြောင်း၊ လက်ရှိ ကိစ္စနှင့် ပတ်သက်ပြီး မိမိ တင်ပြသွားသည့်အတိုင်း တပ်ပိုင်မြေ ၃၀၀၀.၈၄ ဧကတွင် မိမိတို့ မပါသည့်၊ မိမိတို့နှင့် မဆိုင်သည့် မြေဧကနှင့် ပတ်သက်ပြီး ပါဝင်ခြင် းမရှိကြောင်းကို ၃-၄-၂၀၁၉ ရက်နေ့ နံနက်(၉)နာရီအချိန်မှ ၁၁း၃၀ အချိန်အထိ ပိန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ် လယ်/ဆည် စာရင်းအင်းဦးစီးဌာနမှူး၊ အမှတ်(၃၇၇) အမြောက်တပ်ရင်းမှ တာဝန်ခံ တပ်/ထောက် ဗိုလ်ကြီးနဲ့ ဒေသခံတောင်သူများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက် ရှိရာတွက် တပ်ပိုင်မြေဧရိယာ ၃၀၀၀.၈၄ ဧကအတွင်းတွင် ဒေသခံတောင်သူများ၏ လယ်ယာ စိုက်ပျိုးမြေ၊ ဥယျာဉ်မြေ ၄၇.၉၅ ဧက ပါဝင်ခြင်း မရှိကြောင်းကို တောင်သူများ ကိုယ်တိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်းကို မိမိတို့ ရှင်းလင်းပြောကြားပြီး ဖြစ်ကြောင်း၊ ထို့နောက် မိမိတို့ မြေပုံရာဇဝင်ဖြင့် သွားပြီးစစ်သည့်အချိန်တွင် ၎င်းမြေပုံတွင် ပါဝင်သည့်၊ ဘေးပတ်ဝန်းကျင်တွင် ပါဝင်သည့် တောင်သူ ၁၈ ဦး၏ နာမည်စာရင်း ရှိကြောင်း၊ ဦးမောင်စံသိန်း၊ ဦးလူကြီး၊ ဒေါ်ဦးခိုင်ရည်၊ ဦးကျော်သိန်း၊ ဦးကျော်အေး၊ ဦးထွန်းဦးကျော်၊ ဦးဖိုးစိန်၊ ဦးရွှေထွန်းမောင်၊ ဦးမောင်မောင်၊ ဦးကျော်စံလှ၊ ဦးအောင်ကျော်ဖြူ၊ ဦးစိန်ထွန်းမောင်၊ ဒေါ်ခိုင်ခိုင်ဦး၊ ဦးကျော်လှမောင်၊ ဦးစံလှထွန်း၊ ဦးလှမောင်၊ ဦးထွန်းမောင်၊ ဦးဘစော၊ ဒီ ၁၈ ဦးဖြင့် အတူသွားခြင်းဖြစ်ကြောင်း၊ သွားပြီး တောက်လျောက် ရှင်းလင်းပြီး ပြောကြားသည့်အတွက် မိမိတို့ဘက်က အဖြေသည် ဒီဟာနှင့်ပတ်သက်ပြီး မိမိတို့တပ်နှင့် ပတ်သက်ခြင်း မရှိကြောင်း၊ မိမိတို့ လုပ်ကိုင်ခြင်း မရှိကြောင်း၊ ပထမတင်ပြသည့် အချိန်တွင် သွားသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး ပါသည်ကို လက်ရှိစာရင်းတွင် မတွေ့ရကြောင်း၊ ထို့အတွက် နယ်မြေတွင် တကယ်တမ်း မှန်ကန်ပါက နောက်ထပ် မိမိတို့မှ သက်ဆိုင်ရာ မြေစာရင်းဦးစီး၊ ထွေ/အုပ်၏ တာဝန်သာ ဖြစ်ကြောင်း၊ မိမိတို့ တပ်ပိုင်းဆိုင်ရာမှ လုပ်ကိုင်ခြင်း မရှိပါကြောင်း ထပ်မံရှင်းလင်းဖြေကြားခဲ့ပါသည်။