Skip to main content

အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းလိုပါကြောင်း၊ အဆိုပါစီမံကိန်းကို MEC မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး သမ္မတကြီးဦးသိန်းစိန်အစိုးရတက်လာပြီးနောက် (၈-၂-၂၀၁၂)ရက် နေ့တွင် ယင်းစီမံကိန်းကြီးကို MEC မှ စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါကြောင်း၊ စီမံကိန်း တည်ဆောက် ရေးကို ဘတ်ဂျက်နှစ်အလိုက် ခွဲဝေရရှိသည့် ငွေကြေးများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကုန်အထိ စုစုပေါင်း ၉၈.၈၆ ရာခိုင်နှုန်း ပြီးစီးနေပြီ စြဖ်ပါကြောင်း၊ အဆိုပါစက်ရုံတွင် အလုပ်ရုံပေါင်း ၂၃ ခုပါရှိပြီး အလုပ်ရုံ ၁၄ ခုသည် ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည့် အတွက် ပျမ်းမျှအနေဖြင့် ၉၈.၈၆ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ခွဲဝေလျာထားပေးခြင်းမရှိသည့်အတွက် ၁ ရာခိုင်နှုန်းကျော်ကျော်သာကျန်ရှိနေသည့်  စီမံကိန်းကြီး သည် ဆင်ပြောင်ကြီး အမြီးကျမှတစ်ဆိုသကဲ့သို့ ဖြစ်နေပါကြောင်း၊ မိမိတို့နိုင်ငံက နှစ်စဉ် သံတန်ချိန်နှစ်သန်း တင်သွင်းနေရပြီး ပြည်တွင်းထုတ်လုပ်မှုက မရှိသ‌လောက်ဖြစ်ပါကြောင်း၊ အဆိုပါ စက်ရုံပြီးစီးပါက သံတန်ချိန် Pig Iron ဟုခေါ်သည့် သံစိမ်းတန်ချိန်နှစ်သိန်း ထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က စက်မှု နိုင်ငံဖြစ်ရန် ဦးတည်ပြီး စက်မှုနိုင်ငံဖြစ်ရန်အတွက် သံကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရန်သည် အဓိကကျပါကြောင်း၊ အာရှတွင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နိုင်ငံများ စက်မှုထွန်းကားသည်ဆိုမှာ သံကိုထုတ်လုပ်နိုင်၍ ဖြစ်ပါကြောင်း၊ ကိုရီးယားနှင့် တရုတ်တို့တွင် Iron Ore မထွက်ရှိသော်လည်း သြစတေးလျက ဝယ်ယူပြီး သံမဏိများ ထုတ်လုပ်နေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မိမိတို့တွင် Iron Ore Deposit များရှိရာ ဧရာဝတီမြစ်အထက်ပိုင်းတွင် Deposit တစ်ခုနှင့် တောင်ကြီးအနီး ပင်းပက်တွင် Deposit တစ်ခုရှိပါကြောင်း၊ ပင်းပက်သည် Iron Ore Deposit ကို ၁၉၅၄ ခုနှစ်ကတည်းကပင် German Company နှင့်  ပဏာမစမ်းသပ်ခဲ့ဖူးပြီး ကြီးမားသော သတ္တုသိုက်ဖြစ်သည်ဟု သိရှိရပါကြောင်း၊ သံတန်ချိန် စုစုပေါင်း သန်း ၇၀ ခန့် Deposit ရှိပြီးနှစ် ၁၁၀ သုံးနိုင်သည့် Deposit ကြီးတစ်ခုဖြစ်ပါကြောင်း၊ သံမဏိထုတ်လုပ်နိုင်သည့်ပမာဏဖြစ်သော်လည်း Iron Content သည် သြစတေးလျထက် နည်းပါကြောင်း၊ ဟေမတိုက်ဟုခေါ်သည့် Iron Content ၅၀ ရာခိုင်နှုန်းအထက်၊ အတိအကျဆိုပါက ၅၆.၄ ရာခိုင်နှုန်းပါဝင်ပြီး Limonite သည်  Iron Content (၄၀)ရာခိုင်နှုန်းအထက် အတိအကျဆိုပါက ၄၂.၆ ရာခိုင်နှုန်း ပါဝင်ပါ ကြောင်း၊ Blast Furnace နည်းဖြင့် ထုတ်လုပ်နိုင်ကြီးမရှိဘဲ ရုရှားနိုင်ငံက Professor P.Romelt တီထွင်ထား သည့် Romelt Process ဆိုသည်ကို ထုတ်လုပ်ရန် ယခင်အစိုးရများက ဆုံးဖြတ်ခဲ့ပြီး TPE Companyနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ စက်ရုံစီမံကိန်းကို နိုင်ငံတော်က ယူရို ၁၃၇ သန်းခွဲ၊ ရုရှားအစိုးရက ယူရို ၇၈ သန်းခွဲ စုစုပေါင်း ယူရို ၂၁၆ သန်းနှင့် တည်ဆောက်ဖို့ သဘောတူညီခဲ့ပြီး ရုရှားဘက်က စေတနာဖြင့် ကူညီခဲ့ခြင်း ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့များ ပြောင်းသွားခဲ့သော်လည်း မြန်မာဘက်က ကျခံပေးရမည့် ယူရိုငွေကို တပ်မတော်အစိုးရက ဘဏ်တွင် သီးခြားအပ်နှံထားခဲ့ပြီး ယူရို ၃၁.၁၇၅ သန်းက ပေးချေပြီး ဖြစ်သည့်အတွက် ဘဏ်တွင် ၃.၃၂၅ သန်းကျန်ရှိနေပါကြောင်း၊ စက်ရုံကို ဆက်လက်လုပ်ကိုင်မည်ဆိုပါက ပေးချေရမည့် နိုင်ငံခြားငွေကို အဆိုပါပိုက်ဆံနှင့် ပေးချေရန်လုံလောက်ပါ‌ကြောင်းနှင့် အေစိုးရက ထပ်မံ ကျခံရန် မရှိပါကြောင်း၊ ဦးသိန်းစိန်ဦးဆောင်ခဲ့သည့် အစိုးရနှင့် ယခု အစိုးရလက်ထက်တွင် ပေးချေရသည်မှာ စက်ရုံတည်ဆောက်ရေးစီမံ စရိတ်သာဖြစ်ပါကြောင်း၊ ထပ်မံ၍ ၁၈ ဘီလီယံကျပ်သာ ကျခံပါက စီမံကိန်းသည့် လုံးဝပြီးစီးသွားမည့် အခြေအနေရှိပါကြောင်း၊ အဆိုပါ စီမံကိန်းတွင် Waste Heat Boiler ဟုခေါ်သည့် လျှပ်စစ်မဂ္ဂါဝပ် ၄၀ ထုတ်လုပ်နိုင်သည့် စနစ်တစ်ခုပါရှိပြီး စက်ရုံက ၂၅ မဂ္ဂါဝပ်သာသုံးစွဲသွားမည် ဖြစ်ပါကြောင်း၊ ၁၅ မဂ္ဂါဝပ်ကို National Grid က တစ်ဆင်‌့ ရောင်းချနိုင်မည်ဖြစ်သည့်အတွက် နှစ်စဉ် ၁၅ ဘီလီယံကျပ် ဝင်ငွေရရှိနိုင်ပါကြောင်း၊ စီးပွားရေး တွက်ချေမကိုက်ဘူး ဆိုသည့် တစ်ဖက်သတ် တွက်ချက်မှု များနှင့် တွက်ချက်ပြီး စီမံကိန်းကို ရပ်ဆိုင်းထားခြင်းသည် ယခင်အစိုးရနှင့် တပ်မတော်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် စီမံကိန်းကို နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်သည်ဟု တွက်ဆရန်များလည်း ရှိပါကြောင်း၊ စက်ရုံလည်ပတ်ရန်လိုအပ်သည့် တခြားကုန်ကြမ်းများဖြစ်သော ထုံးကျောက်နှင့် ဒိုလိုမိုက်များကို နှစ်မိုင်နှင့် ခြောက်မိုင်ပတ်လည်တွင် ရရှိနိုင်ပြီး ကျောက်မီးသွေးကို  ကျေးသီးနှင့် နမ့်ဆန်ကရရှိနိုင်ပါကြောင်း၊ ထိုသို့ အဆင်ပြေသည့် ယခုအခါ ပစ်စလက်ခတ်ပစ်ထားသလိုဖြစ်နေသည့်အတွက် Equipment များ၊ Materials များ၊ Paint များ၊ Chemical များသည် သက်တမ်းရှိသောကြောင့် အနည်းနှင့် အများ ပျက်စီးနေပါကြောင်း၊ မီတာခများ မပေးနိုင်၍ လျှပ်စစ်ဓာတ်အားပါ ဖြတ်တောက်ထားရခြင်းကြောင့် Automation System များလည်း ပျက်စီးသလောက် ဖြစ်နေပါကြောင်း၊ Control System များလည်း ထိခိုက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်  (၁) ၁ ရာခိုင်နှုန်းကျော်သာကျန်ရှိသည့် စက်ရုံစီမံကိန်းကို အပြီးသတ်မဆောက်လုပ်ခြင်း မရှိဘဲ မခိုင်လုံတဲ့အကြောင်းပြချက်များနှင့် မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းထားသည့်ကိုလည်းကောင်း၊ (၂) ယင်းစီမံကိန်းကို ဆက်လက်မဆောင်ရွက်ပါက ရင်းနှီးမြှုပ်နှံ ထား သည့် ယူရို ၂၂၀ သန်းနှင့် မြန်မာငွေ ၂၂၀ ဘီလီယံကျပ်ကို လုံးဝ ဆုံးရှုံးနစ်နာမှုမရှိစေရန် မည်သို့ စီမံထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ပင်းပက်ဒေသသည် မြန်မာနိုင်ငံတွင် သက်တမ်းနု သတ္တုရိုင်းအများဆုံး ထွက်ရှိရာဒေသတစ်ခု ဖြစ်ပါကြောင်း၊ သံသတ္တုရိုင်းများမှ Pig Iron ဟုခေါ်သည့် သံစိမ်းများ ထုတ်လုပ်နိုင်ရန် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)ကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ ပါကြောင်း၊ သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်သည့် နည်းစဉ်များသည် Basic Oxygen Furnace ဟုခေါ်သော BOF Process၊ Smelting Reduction ခေါ်  COREX Process နှင့် ယခုတင်ပြပါ Romelt Process ဆိုပြီး သုံးမျိုးရှိပါကြောင်း၊ BOF Process နှင့် COREX Process တို့သည် သက်တမ်းရင့်သံသတ္တုရိုင်းတို့မှ သံစိမ်း ထုတ်လုပ်သည့် နည်းစဉ်များဖြစ်ပြီး Romelt Process သည် သက်တမ်းနု သံသတ္တုရိုင်းများမှ သံစိမ်း ထုတ်လုပ်သည့် နည်းစဉ်တွေဖြစ်ပါကြောင်း၊ သက်တမ်းရင့်သံသတ္တုရိုင်းများကို စီးပွားဖြစ် ထုတ်လုပ်နိုင်အောင် မြန်မာနိုင်ငံတွင် အမြောက်အမြားမတွေ့ရှိရသေး‌ကြောင်း၊ သက်တမ်းနု သံသတ္တုရိုင်း ကျောက်များကိုသာ တွေ့ရှိရကြောင်းကို ဘူမိဗေဒပညာရှင်များ၏ လေ့လာစူးစမ်းမှုအရ သိရှိရပါကြောင်း၊  

ပင်းပက်ဒေသမှ ထွက်ရှိလာသော သံသတ္တုရိုင်းများကို သက်တမ်းနု သံသတ္တုရိုင်းများဖြစ်ခြင်းကြောင့် ရုရှား နိုင်ငံ၏ နည်းပညာအသစ်ဖြစသည့်  Romelt Process ထုတ်လုပ်ရန် ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း၊ Pilot Project အဖြစ် ၂၀၀၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်း Romelt Processကို အသုံးပြုပြီး ကာဇက်စတန်နိုင်ငံတွင် သံနှင့် ကြေးနီများကို အောင်မြင်စွာထုတ်လုပ်နိုင်ပြီဖြစ်ပါကြောင်း၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)မှ တစ်နှစ်လျှင်သံစိမ်းတန်ချိန် နှစ်သိန်းထုတ်လုပ်နိုင်မည်ဖြစ်ပြီး Romelt Process နည်းစဉ်အရ သံသတ္တုရိုင်း၊ ကျောက်မီးသွေးနှင့် ထုံးကျောက်၊ ဒိုလိုမိုက်နှင့် သဲစသည့် ကုန်ကြမ်း များကို သတ်မှတ်အချိုးအစားအတိုင်းရောစပ်ပြီး Romelt Furnace တွင် ထည့်သွင်း အရည်ကြိုခြင်းဖြင့် သံစိမ်း(Pig iron)များကို ထုတ်လုပ်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ Pig iron ထုတ်လုပ်နိုင်ရန် အဓိက အသုံးပြုရ သည့် သံသတ္တုရိုင်းများကို ပင်းပက်ဒေသတွင် ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အခြားကုန်ကြမ်းများဖြစ်သည့် ကျောက်မီးသွေးကို ကျေးသီးမြို့နယ်၊ ထုံးကျောက်ကို ဟိုပုန်းမြို့နယ်၊ နောင်ကာကယ်ဒေသ၊ ဒိုလိုမိုက်ကို ထန်းဆာတောင်နှင့် သလင်းကြွယ်သည့်သဲကိုတော့ သာစည်မြို့နယ်၊ ယင်းမာပင်၊ ကျွဲတက်ဆုံဒေသမှ ထုတ်ယူအသုံးပြုသွားမည်ဖြစ်ပါကြောင်း၊

စက်ရုံမှထွက်ရှိလာမည့် စွန့်ပစ်အပူကိုအသုံးပြုပြီး 40 MW ရှိသည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်မည် ဖြစ်ပြီး စက်ရုံတွင် သုံးစွဲမှုမှပိုလျှံသည့်15 MW ကို National Grid သို့ ပို့လွှတ်သွားနိုင်မည်ဖြစ်ပါကြောင်း၊ သံရည်ကျိုရာမှထွက်ရှိလာသည့် ချော်ရည်ကိုလည်း ချော်လုံး၊ ချော်ခဲများပြုလုပ်ပြီး ဘိလပ်မြေစက်ရုံများသို့ ရောင်းချပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) စီမံကိန်းနှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းတို့ကို ၁-၁၀-၂၀၁၂ ရက်နေ့တွင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းထံမှ စက်မှုဝန်ကြီးဌာနက လွှဲပြောင်းလက်ခံယူခဲ့ရပါကြောင်း၊

အဆိုပါစီမံကိန်းနှစ်ခုအား ၁၅-၃-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ၂၀-၄-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ၏ (၇/၂၀၁၇)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ အရ  လတ်တလောရပ်ဆိုင်းခဲ့ရသည့်စက်ရုံများတွင် ပါဝင်ခဲ့ပါကြောင်း၊

ထိုသို့ရပ်ဆိုင်းခဲ့စဉ်ကတည်းကပင် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၏ စီမံကိန်းပြီးစီးမှု ရာခိုင်နှုန်းသည်  ၉၈.၈၆ ရာခိုင်နှုန်းဖြစ်ပါကြောင်းနှင့် တည်ဆောက်ရန်ကျန်ရှိသည့် အပိုင်းများသည် Waste Heat Boiler & Air Separation Plant အတွက် Piping လုပ်ငန်းများ၊ Heat Recovery Power Station နှင့် Turbine Installation လုပ်ငန်းများ၊ Romelt Furnace၊  Pig iron Melting Furnace နှင့် Slag Melting Furnace  များ၌ Refractory မီးခံအုတ်စီခြင်းလုပ်ငန်းများ Insulation လုပ်ငန်းများပါဝင်ပါကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၇၁.၀၂၀၈၆၇ ဘီလီယံခန့် ထပ်မံရင်းနှီးမြှုပ်နှံရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လတ်တလောရပ်ဆိုင်းထားခဲ့သည့် နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံများကို ဆက်လက်ဆောင်ရွက်ရန်သင့်/မသင့် စိစစ်နိုင်ရန် ၁၆-၇-၂၀၁၇ ရက်နေ့တွင် လေ့လာသုံးသပ်ရေးအဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အဖွဲ့(၁)၌ ပြည်ထောင်စုလွှတ‌်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအောင်မင်းနှင့် အဖွဲ့(၂)၌ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ခင်စန်းလှိုင်တို့ ဦးဆောင်၍ စက်ရုံ၊ အလုပ်ရုံများသို့ လာရောက်လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ကြပါ ကြောင်း၊

၎င်းအဖွဲ့နှစ်ဖွဲ့သည် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းသို့ (၉-၁၂-၂၀၁၇) ရက်နေ့တွင် ရောက်ရှိပြီး စီမံကိန်းရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ထုတ်လုပ်မှုဆောင်ရွက်ပါက အမြတ်အစွန်းရရှိနိုင်မှု အခြေအနေ၊ ကုန်ကြမ်းရရှိနိုင်မှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အားရရှိနိုင်မှုအခြေအနေတို့ကို ဆွေးနွေးခဲ့ကြပါကြောင်း၊ လေ့လာသုံးသပ်ရေးအဖွဲ့များအနေဖြင့် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)အား Romelt Process အောင်မြင် စွာ စမ်းသပ်လည်ပတ်နိုင်သည်အထိ လိုအပ်သည့်ရင်းနှီးမြှုပ်နှံမှုများကိုသာ နိုင်ငံတော်က လတ်တလော ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် ပါဝင်သင့်၊ ပါဝင်ထိုက်သူများ ပါဝင်သော Special Task Force Team ကိုအမြန်ဖွဲ့၍ ဆောင်ရွက်သင့်ကြောင်းကို အကြံပြုခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ အဖွဲ့ဝင်ခြောက်ဦးတို့ကလည်း အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းကို ၈-၂-၂၀၁၈ ရက်နေ့တွင် လာရောက်ပြီး အသေးစိတ်ရှင်းလင်းမှုများပြုလုပ်ကာ သဘောထား မှတ်ချက်များဖြင့် အကြံပြုပေးပို့ခဲ့ကြပါ ကြောင်း၊

နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(NECC)မှ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းတို့အပါအဝင် ရပ်ဆိုင်းစက်ရုံများအား ပြည်ပပညာရှင်များအဖွဲ့ဖြင့် လေ့လာဆန်းစစ်နိုင်မှုများပြုလုပ်နိုင်ရန်အတွက် United States Agency for International Development(USAID)၏ အထောက်အပံ့ဖြင့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ပပညာရှင်နှင်‌့အဖွဲ့သည် အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းသို့ (၁၆-၁၂-၂၀၁၈)ရက်နေ့မှ (၁၇-၁၂-၂၀၁၈) ရက်နေ့ အထိ လာရောက်၍ စက်ရုံ၏လက်ရှိပြီးစီးမှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံခဲ့သည့် ပမာဏ၊ စီမံကိန်းပြီးစီးရန် ထပ်မံ လိုအပ်မှု၊ ကုန်ကြမ်းရရှိနိုင်မှုနှင့် စွမ်းအင်ရရှိနိုင်မှုစသည့်အချက်များကို အဓိကထား ရှင်းလင်း ဆွေးနွေးခဲ့ ကြပါကြောင်း၊ သံမဏိစက်ရုံစီမံကိန်းများနှင့်ပတ်သက်၍ ပြည်ပပညာရှင်အဖွဲ့၏ လေ့လာသုံးသပ်ချက် အစီရင်ခံစာ(Evaluation Report)ကို နိုင်ငံတော်စီးပွားရေးအရ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(NECC)သို့ တင်ပြသွားမည်ဖြစ်ပြီး ၎င်းအစီရင်ခံစာအပေါ် NECC က စိစစ်သုံးသပ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း၊ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)စီမံကိန်းကို (၂၂-၆-၂၀၁၉) ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အပါအဝင် NECC မှတာဝန်ရှိသူများရောက်ရှိလာပြီး စက်ရုံ၏ ပကတိအခြေအနေများကို လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ကြပါကြောင်၊ ဆက်လက်၍ အမှတ်(၂)သံမဏိ စက်ရုံ(ပင်းပက်)သို့လည်းသွားရောက်ကာ လေ့လာသုံးသပ်မှုများပြုလုပ်မည်ဖြစ်ပြီး သံမဏိစက်ရုံစီမံကိန်း များအား နိုင်ငံတော်အတွက် ဆုံးရှုံးမှု မဖြစ်စေဘဲ အကျိုးရှိစေမည်‌့အစီအမံများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ယခုအချိန်တွင် စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးမှုစီမံကိန်း(MSDP)အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရှိ Project Bank သို့ အမှတ်(၂) သံမဏိ စက်ရုံ(ပင်းပက်)စီမံကိန်းအပါအဝင် လတ်တလောရပ်ဆိုင်းစက်ရုံများ၏ Proposal များကို ပေးပို့တင်ပြထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လတ်တလော ရပ်ဆိုင်း စက်ရုံများတွင်ပါဝင်သော အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းအား မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)အရ နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးရှိစေရေး အတွက် လေ့လာသုံးသပ်မှုများပြုလုပ်ကာ NECC ၏ ပေါင်းစပ်ညှိနှိုင်းမှုများဖြင့် တိုင်းပြည်အတွက် ဆုံးရှုံးမှု မဖြစ်စေရန် စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်သည့် မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးမောင်မြင့်(မင်းကင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

အစိုးရအဖွဲ့ တစ်ရပ်သည် ငါးနှစ်အတောအတွင်း မိမိဆောင်ရွက်ဖွယ်ရာကိစ္စရပ်များကို အပြီးအစီး ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်းနှင့် ပြီးစီးမှုမရှိခဲ့ပါကလည်း တန်းလန်းကြီးပစ်ထား၍  မဖြစ်သည်ကို ပြောလိုပါကြောင်း၊ ယခု အစိုးရအဖွဲ့တက်လာပြီးချိန်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကစပြီး ရပ်ဆိုင်းထား ခဲ့ပြီး ကော်မတီ ဖွဲ့ဖွဲ့ပြီးမှ ပင်းပက်နှင့် မြင်းခြံ သို့သွားရောက်ကြည့်ရှုကြပါကြောင်း၊  မိမိအနေဖြင့် ကော်မတီ များကို Denounce လုပ်ချင်၊ ရှုတ်ချချင်၍ ပြောခြင်းမဟုတ်ဘဲကြောင်း၊ သို့သော် Technically နားမလည်ပါက Evaluate မလုပ်နိုင်ဘူးဆိုသည့် တစ်ချက်သာ ပြောချင်ပါကြောင်း၊ အခုနောက်ဆုံးဖွဲ့လိုက်သည့် အဖွဲ့သည် USAID ကမှ အကူအညီပေးသည့် ပိုက်ဆံနှင့်သွားရောက်ပြီး သွားသည့် ပုဂ္ဂိုလ်က သြစတြေးလျက ပညာရှင်ဟု သိရှိရပါကြောင်း၊ အဆိုပါ ပညာရှင်အနေဖြင့် ယခုအချိန်တွင် ဒီဇင်ဘာလအတွင်း နှစ်ရက်၊ သုံးရက်ခန့်သွားပြီး နေပြည်တော်တွင် စက်ရုံက လူများကို နှစ်ကြိမ်၊ သုံးကြိမ်ခေါ်ယူ Discussion လုပ်ပါကြောင်း၊ မိမိအနေဖြင့် ပြောချင်သည်မှာ စက်ရုံကို ရုရှားနည်းပညာနှင့် လုပ်ပြီး တခြားနိုင်ငံက USA လို နိုင်ငံမျိုးက ပေးသည့် အကူအညီနှင့် ဆောင်ရွက်သည့် Evaluation Team သည် ကောင်းမွန်သည့် Positive ဖြစ်သော Consultancy များ လုပ်ရန် သံသယအများကြီးရှိသည်ဟု ပြောကြားလိုပါကြောင်း၊

Romelt Process ကို အမေရိကန် က MSICS Kaiser ကလည်းကောင်း၊ Nippon Steel ဟုခေါ်သည့် ဂျပန်ကလည်းကောင်း လိုင်စင်ယူထားပါကြောင်း၊  RSI၊ အိန္ဒိယက လိုင်စင်ယူထားပြီး Sub-License ကို ှ National Mineral Development  Corporation ကို ပေးထားပြီးဖြစ်သည့်အတွက် နည်းပညာနှင့် ပတ်သက်ပြီး သံသယရှိစရာအကြောင်းမရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် Economic Justification ကိုသွားရမည်ဖြစ်ပြီး ထိုသို့ သွားရာတွင်လည်း မိမိတို့ စနစ်ထဲကမှ မှားနေသည်ကို များကို အနည်းငယ် Adjustment လုပ်ရန်လိုအပ်ပါကြောင်း၊ တွင်းထွက်ပစ္စည်းတွေ အကုန်လုံးကို မိမိတို့ရယူရာတွင် London Metal Exchange Rateနှင့် မိမိတို့က တောင်းသော်လည်း ပစ္စည်းများ၏ Quality များက မကောင်းပါကြောင်း၊ တစ်ခါထပ်ပြီး ထွက်ရှိသည့် Pig Iron တွင် အခွန်ထပ်ကောက်သည်ဆိုသည့်အတွက် Double, Triple များ အကောက်ခံနေရသည့်အတွက် မကိုက်ခြင်းဖြစ်ပါကြောင်း၊ နောက်တစ်ခုက နည်းပညာနားမလည်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတင်ပြချင်သည်မှာ အဆိုပါစီမံကိန်းကို မည်သည့် အချိန်၊နေ့ရက်၊ ကာလများတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို         

သံမဏိစက်ရုံစီမံကိန်းဟာ ရင်းနှီးမြှုပ်နှံမှုအင်မတန်များပြားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုမရှိရအောင်၊ အကောင်ဆုံးဖြစ်အောင် စီမံဆောင်ရွက်ရာတွင် ကိုယ်စားလှယ်တော် ကြီး ဆွေးနွေးသွားခဲ့သည့်အတိုင်း သင့်တင့်သောပညာရှင်များ အသီးသီးပါဝင်သောအဖွဲ့များနှင့် အကြိမ်ကြိမ် စိစစ်ခဲ့ပါကြောင်း၊ နောက်ဆုံးအကြိမ်တွင် သြစတေးလျနိုင်ငံမှ Mr. Warton Phillis တို့ ပါဝင်သောအဖွဲ့မှ စစ်ဆေးခဲ့ပြီး အဓိကနေဖြင့် ကုန်ကြမ်းရရှိမှု အခြေအနေ၊ ‌ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိ/မရှိ၊ နိုင်ငံတော်အတွက် ထပ်မံရင်းနှီးမြှုပ်နှံရန် မည်မျှ ထပ်လိုမည်ဆိုသည်ကို အသေးစိတ် စိစစ်ပါကြောင်း၊ ယခုအချိန်တွင် အားလုံးက စစ်ဆေးပြီးစီး၍ သုံးသပ်ချက်များကို တင်ပြထားပြီးဖြစ်လိမ့်မည်ဖြစ်ပါကြောင်း၊ အဆိုပါ သုံးသပ်ချက်များ အရ နိုင်ငံတော်အတွက် ဆုံးရှုံးမှုမရှိစေရန် နိုင်ငံတော်တွင် အမှန်တကယ်လိုအပ်နေသော သံရိုင်းကျောက်များ၊ Pig iron များ ထုတ်လုပ်ရန် မဖြစ်နိုင်သည့်အတွက် အမြန်ဆုံးထုတ်လုပ်နိုင်ရန် ပြန်လည်သုံးသပ်ပြီး အသေးစိတ် Action Plan  များလည်း ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ On Going Process ဖြစ်နေသည့်အတွက် စိုးရိမ်ပူပန်စရာမလိုဘဲ နိုင်ငံတော်အတွက် အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် USH အဖွဲ့အပါအဝင် အခြားအခြားသော အဖွဲ့များ၏ သုံးသပ်ချက်များအပါ အားလုံးကို Technical ၊ Financial များ အားလုံး တွက်ချက်ပါကြောင်း၊ Investment Plan များချပြီး မကြာမီ နိုင်ငံတော်အတွက် အကျိုးရှိမည့် လုပ်ငန်းများဖြစ်ကြောင်းနှင့် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထပ်မံလိုအပ်မည့် Investment များကလည်း မရှိမဖြစ်ပေးရမည့် ကိစ္စများကို ပေးကိုပေးရန်ရှိပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်ရှိသည့် Waste Heat Recovery Station များ၊ Turbine Station များ မပါဘဲ Pig Iron ကထုတ်၍ မရပါကြောင်း၊ ယင်းအတွက် အနည်းငယ်သော ဘဏ္ဍာငွေက အသုံးမပြု၍ မရသည့်အတွက် ယင်းကိစ္စများကို နိုင်ငံတော်ကသုံးသပ်ပြီး မကြာမီရှင်းလင်းထုတ်ပြန်ပေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်အကျိုးရှိသည့် သံမဏိများ ထုတ်မည်ဆိုပါက နိုင်ငံတော်တွင် သံမဏိစက်ရုံများက မြင်းခြံတစ်ခုတည်းတင်မဟုတ်ဘဲ မြန်မာနိုင်ငံတွင် ထပ်ပြီးထုတ်မည့် ကုမ္ပဏီလေးခုခန့် ရှိပါကြောင်း၊ မြောင်းတကာတွင် သံရိုင်းများကို သွင်းပြီး သံလုံးများ၊ Deformed Bar များ ထုတ်လုပ်လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်ဘက်တွင်လည်း တန်တစ်သိန်းခွဲခန့်ထုတ်မည့် စက်ရုံဆောက်ရန် အစီအစဉ် ရှိပါကြောင်း၊ ပုသိမ်အနားတွင် China မှ ထပ်ပြီး တန်ချိန်ပေါင်းများစွာထုတ်မည့် သံမဏိစက်ရုံတည်ထောင် နေပါကြောင်း၊ အလားတူ သီလဝါတွင် JFE ကလည်း ကုန်ကြမ်းများကို တင်သွင်းပြီး ကုန်ချောထုတ်မည့် စက်ရုံတည်ဆောက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါကြောင်း၊

နိုင်ငံတော်မှ မြင်းခြံတွင် သံမဏိစက်ရုံကြီးရှိပြီး ယင်းအတွက် လိုအပ်သော ကုန်ကြမ်းများကို ပင်းပက်ကထုတ်ပေးနိုင်သကဲ့သို့ အလားတူ အခြားအခြားသော စက်ရုံငယ်လေးများ၊ ပြည်တွင်း လုပ်ငန်း လေးများ၊ SME လုပ်ငန်းများ အပါအဝင် အားလုံးကို သံမဏိစက်ရုံကထွက်သည့် Pig iron များ ထုတ်လုပ် နိုင်မည်ဖြစ်ပါကြောင်း၊ သံမဏိစက်ရုံကနေထွက်လာသည့် Pig iron များအပြင် ထွက်လာမည့် ချော်များကိုလည်း ဘိလပ်မြေစက်ရုံတွင် သုံးစွဲနိုင်သည်ဖြစ်သည့်အတွက် ယင်းစက်ရုံကို အကောင်းဆုံး၊ နိုင်ငံတော်အတွက် အကျိုးရှိဆုံးဖြစ်အောင် အမြန်ဆုံးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းပြန်လည် ဖြေကြားပါသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို