Skip to main content

 

ယနေ့မြန်မာနိုင်ငံတွင် သံနှင်‌့သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းများ ရေးဆွဲပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပါ ကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံတွင် Japanese Industrial Standard (JIS)ကို ကိုးကား၍ Thai Industrial Standards Institute(TISI)ကို ၁၉၇၅ ခုနှစ်ဝန်းကျင်ကတည်းက ရေးဆွဲပြဋ္ဌာန်းကျင်‌့သုံးနေပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနကရေးဆွဲနေသည် Myanmar National Building Code ပါ စံသတ်မှတ်ချက် များသည် ASTM ကို ကိုးကားထားကြောင်းသိရပြီး JIS ပါ စံသတ်မှတ်ချက်များမှာ ISO ကို အခြေခံထားပြီး ဂျပန်နိုင်ငံ၏ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်တို့နှင်‌့ ကိုက်ညီအောင် ရေးဆွဲထားသည်ဟု သိရှိရပါကြောင်း၊ ASTM ကို ကျင်‌့သုံးသောနိုင်ငံများမှာ အမေရိကန်နိုင်ငံနှင်‌့ အခြားနိုင်ငံအနည်းငယ်သာရှိပြီး မိမိတို့ဒေသတွင်း နိုင်ငံများ၊ အာရှနိုင်ငံများနှင်‌့ အခြားနိုင်ငံအများစုတွင် ISO နှင်‌့ JIS ကိုအခြေခံ၍ သက်ဆိုင်ရာနိုင်ငံများ၏ ရာသီဥတု၊ သဘာဝဘေးန္တရာယ်တို့နှင်‌့ကိုက်ညီအောင် ရေးဆွဲကျင်‌့သုံးကြသည်ဟု သိရှိရပါကြောင်း၊  မိမိတို့ နိုင်ငံတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ များစွာဝင်ရောက်လျက်ရှိပြီး ထပ်မံဝင်ရောက်မည်‌့ အလားအလာ ကောင်းများ လည်းရှိနေပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံရင်းနှီးမြှုပ်နှံမှုဖြင်‌့ ဆောင်ရွက် နေသည့် သံမဏိစက်ရုံစီမံကိန်းရှိနေပြီး အဆိုပါစက်ရုံ၏ ထွက်ကုန်များအတွက် အဓိကဈေးကွက်မှာ မြန်မာ နိုင်ငံ ပြည်တွင်းနှင်‌့ JIS မှ စံချိန်စံညွှန်းများကို ကျင်‌့သုံးနေသော ဒေသတွင်းနိုင်ငံများဖြစ်နိုင်ပါကြောင်း၊ မိမိတို့ နိုင်ငံအတွင်းသို့ စံချိန်စံညွှန်းမမီသော အရည်အသွေးနှင်‌့ တန်ဖိုးနိမ့်သံနှင်‌့သံမဏိပစ္စည်းများ ဝင်ရောက် လာ ပါက ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်နှင်‌့ ပြည်ပမှဝင်ရောက်ရင်းနှီးမြှုပ်နှံ ထုတ်လုပ်ဆောင်ရွက်နေသော သံမဏိစက်ရုံများမှ ထုတ်ကုန်များယှဉ်ပြိုင်ရောင်းချရာတွင် အခက်အခဲ ရှိမည်ဖြစ်သည့်အတွက် မှန်ကန် မျှတစွာ ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန်အတွက် သံနှင်‌့သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ် ပြဋ္ဌာန်းပေးရန် လိုအပ်ပါကြောင်း၊

မြန်မာနိုင်ငံကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှစ်လတ်စီမံကိန်း၏ Action Plan တွင် စံချိန်စံနှုန်းများ၊ နည်းပညာဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင်‌့ အရည်အသွေးဆန်းစစ်မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင်‌့ ပတ်သက်သည့် လက်ရှိဆောင်ရွက်နေမှုကို ပြန်လှန်သုံးသပ်ရန်နှင်‌့ မြန်မာနိုင်ငံ၏ စံချိန်စံညွှန်းများအား ဒေသတွင်းနှင်‌့ နိုင်ငံတကာစံချိန်စံညွှန်းများနှင်‌့ ကိုက်ညီရန်အတွက် ဒေသတွင်းနှင်‌့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင်‌့ရန်ဟု ဖော်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ သံနှင်‌့သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းများအဖြစ် JIS ကို ကိုးကား၍ မြန်မာနိုင်ငံ၏ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်တို့နှင်‌့ ကိုက်ညီအောင် ရေးဆွဲပြဋ္ဌာန်းကျင်‌့သုံးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ပြည်သူတို့၏ ကျန်းမာရေး၊ စားသောက်ရေး၊ နေထိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍအသီးသီး၌ ဘေးအန္တရာယ် ကင်းရှင်းပြီး နိုင်ငံတော်၏ပို့ကုန်၊ သွင်းကုန်ကဏ္ဍများကို အထောက်အကူပြုစေရေးအတွက် မြန်မာနိုင်ငံ၏ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်များနှင့် လိုက်လျောညီထွေဖြစ်စေမယ့် မြန်မာစံချိန်စံညွှန်း များကို ပညာရေးဝန်ကြီးဌာနမှ အတည်ပြုသတ်မှတ်ပေးနိုင်ရန် အမျိုးသားစံချိန်စံညွှန်းကောင်စီကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသားစံချိန်စံညွှန်းကောင်စီအနေဖြင့် စံချိန်စံညွှန်းများရေးဆွဲ သတ်မှတ်နိုင်ရေးအတွက် နည်းပညာဆပ်ကော်မတီ ၂၃ ခုကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ နည်းပညာဆပ်ကော်မတီ ၂၃ ခုအနက် စက်မှုဝန်ကြီးဌာနအနေဖြင့် ကော်မတီခုနစ်ခုတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊

အမျိုးသားစံချိန်စံညွှန်းကောင်စီသည် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ဒေသဆိုင်ရာ စံချိန်စံညွှန်းများကို မှီငြမ်းကိုးကားပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် စံချိန်စံညွှန်းများကို စနစ်တကျ သတ်မှတ်အတည်ပြုပေးလျက် ရှိပါကြောင်း၊ ယနေ့အထိ နယ်ပယ်အသီးသီးအတွက်လိုအပ်သော မြန်မာ့စံချိန်စံညွှန်း ၉၃ ခုကို အတည်ပြု သတ်မှတ်ပေးနိုင်ခဲ့ပြီး မြန်မာ့စံချိန်စံညွှန်း ၉၃ ခုအနက် ၃၂ ခုသည် စက်မှုဝန်ကြီးဌာနက တာဝန်ယူ ရေးဆွဲ ထားသည့်  စံချိန်စံညွှန်းများ ဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာတွင် သံနှင့်သံမဏိများကို ဆောက်လုပ်ရေး ကဏ္ဍများတွင်သာမက လူ့အသုံးအဆောင်ပစ္စည်းများ၌ အသုံးများလာကြပြီ ဖြစ်ပါကြောင်း၊ အဆောက် အဦငယ်များမှ ခိုင်မာတောင့်တင်းသည့် အဆောက်အဦကြီးများအထိ အဆောက်အဦမျိုးစုံကို Steel Structure များနှင့် အများအပြားတည်ဆောက်လာကြသည်ကို သိသာစွာ တွေ့မြင်နေကြရပြီဖြစ်ပါကြောင်း၊

ထို့ကြောင့် ကမ္ဘာ့နိုင်ငံအများစုသည် သဘာဝဘေးအန္တရာယ်တွေရှောင်ရှားနိုင်ရန် သံနှင်‌့သံမဏိများကို ၎င်းတို့ ဒေသနှင့် ကိုက်ညီသည့် သံနှင်‌့သံမဏိစံချိန်စံညွှန်းများသတ်မှတ်ပြီး အသုံးပြုနေကြသကဲ့သို့ အာဆီယံနိုင်ငံ များတွင်လည်း JIS ကိုအခြေခံသည့် သံနှင်‌့သံမဏိစံချိန်စံညွှန်းများကို အများစုမှ လက်ခံသတ်မှတ်သုံးစွဲ လာကြပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်လည်း ဒေသတွင်းနိုင်ငံများနည်းတူ စံချိန်စံညွှန်းများသတ်မှတ်ရန် လိုအပ်လျက်ရှိနေပြီဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၌လိုအပ်နေသော သံနှင်‌့သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို ၁၉-၁၁-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းထားရှိခဲ့ပြီးဖြစ်သည့် ကော်မတီမှတစ်ဆင်‌့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းဆပ်ကော်မတီကို မြန်မာနိုင်ငံသံနှင်‌့ သံမဏိအသင်း (MISA)နှင်‌့ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များ အသင်း(MSA)၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း(MEC)၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တက္ကသိုလ်များနှင်‌့ နယ်ပယ်စုံမှကျွမ်းကျင်ပညာရှင်များဖြင်‌့ ပေါင်းစပ်ဖွဲ့စည်းထား ခြင်းလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေမည့် မြန်မာနိုင်ငံ စက်မှုဆိုင်ရာစံချိန်စံညွှန်း(MIS)ကို အမြန်ဆုံးပေါ်ပေါက်လာစေရေးအတွက် သံနှင်‌့သံမဏိပစ္စည်းဆိုင်ရာ နည်းပညာဆပ်ကော်မတီနှင်‌့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင်‌့ ပူးပေါင်းဆောင်ရွက်လျက် ရှိနေပါကြောင်း၊

နှစ်စဉ်ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်မှ သံနှင်‌့သံမဏိပစ္စည်းမျိုးစုံကို မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် တင်သွင်းအသုံးပြုလျက်ရှိနေကြပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း သံနှင်‌့သံမဏိဆောက်လုပ်ရေးတန်ချိန် ၁.၃၂၅ သန်း၊ တန်ဖိုးအားဖြင်‌့ US ဒေါ်လာ ၆၄၆.၄၇ သန်းသုံးစွဲခဲ့သည်ဟု သိရှိရပါကြောင်း၊ တန်ချိန်အများဆုံးဝယ်ယူအသုံးပြုခဲ့သည့် ပစ္စည်းများသည် Deformed Bar၊ Steel Sheet နှင့် Section Steel များဖြစ်ပြီး Pipeနှင့် Tube လည်းပါဝင်ပါကြောင်း၊ လက်ရှိ ပြည်တွင်း တည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ အသုံးပြုနေကြသည့် ဆောက်လုပ်ရေးပစ္စည်းများသည် မြန်မာနိုင်ငံ အဆောက်အဦများဆိုင်ရာ စည်းမျဉ်းဖြစ်သည့် (Myanmar National Building Code-MNBC)ပါ သတ်မှတ် ချက်များဖြင်‌့ အသုံးပြုနေကြခြင်းလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ကဏ္ဍ အလိုက် ပညာရှင်များမှ လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုနေသော ACI ၊ ASTM တို့ကိုအခြေခံပြီး MNBC ကို ပြုစုခဲ့ ခြင်းဖြစ်ပါကြောင်း၊ ၎င်း MNBC သည် မြန်မာစံချိန်စံညွှန်းများ မပေါ်ပေါက်သေးမီကာလအတွင်း ဆောက်လုပ် ရေးလုပ်ငန်းတွေကို စနစ် တကျလုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီးပြုစုထားခဲ့ခြင်းဖြစ်ပါကြောင်း၊

သံနှင်‌့သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီသည် မြန်မာနိုင်ငံ သံနှင်‌့သံမဏိအသင်းနှင့် ပူးပေါင်းပြီး ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် သံနှင်‌့ သံမဏိ များ၏ စံချိန်စံညွှန်းများကို တိကျစွာသတ်မှတ်နိုင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ယခုအခါ Deformed Bar နှင့် သက်ဆိုင်သည်‌့ စံချိန်စံညွှန်းမူကြမ်းကို Japanese Industrial Standard(JIS)ကို အခြေခံကာ Myanmar Industrial Standard(MIS)ဖြင်‌့ ရေးဆွဲလျက်ရှိသည်‌့အပြင် အခြားသံမဏိထုတ်ကုန်လေးမျိုးကိုပါ စံချိန်စံညွှန်းသတ်မှတ်နိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိနေပြီဖြစ် ပါကြောင်း၊ ထိုသို့ သံနှင်‌့သံမဏိပစ္စည်းများ၏ စံချိန်စံညွှန်းများကို သတ်မှတ်ရာတွင် စက်မှုဆိုင်ရာ ဂုဏ် သတ္တိ(Mechanical Properties)နှင်‌့ ဓာတုပေါင်းစပ်ပါဝင်မှု (Chemical Composition)တို့ကို အခြေခံပြီးတော့ စဉ်းစားရန် လိုအပ်ပါကြောင်း၊ ၄-၂-၂၀၁၉ ရက်နေ့တွင် သံနှင်‌့သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီက ဦးဆောင်ပြီး နိုင်ငံတကာသံနှင်‌့သံမဏိပစ္စည်းဆိုင်ရာ စံချိန်စံညွှန်း အကြောင်း အရာများ ဆွေးနွေးပွဲကို စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်၌ ကျင်းပပြီးစီးခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ို Japan Iron and Steel Federation(JISF)မှ ပညာရှင်များ၊ Thailand Iron and Steel Institute(TISI)မှ ပညာရှင်များ၊ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သံနှင်‌့သံမဏိအသင်း၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင်‌့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ကြီးများပါ တက်ရောက်ခဲ့ကြပါကြောင်း၊

 ဆွေးနွေးပွဲ၏ ရလဒ်အဖြစ် သံနှင်‌့သံမဏိကဏ္ဍတွင် မြန်မာနိုင်ငံစက်မှုဆိုင်ရာ စံချိန်စံညွှန်း(MIS) အမြန်ဆုံးပေါ်ထွက်လာရန် JISF မှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်(Cooperation Program)ကိုလည်း ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သုံးနှစ်သတ်မှတ်ပြီး အကူအညီ များပေးသွားမည် ဖြစ်ပါကြောင်း၊ ၎င်းအစီအစဉ်အရ သံနှင့်သံမဏိ စံချိန်စံညွှန်းမူကြမ်းများ ရေးဆွဲခြင်း၊ JIS ၏ လုပ်နည်းလုပ်ဟန်များအား မျှဝေပေးခြင်းနှင့် သံနှင်‌့သံမဏိ ထုတ်ကုန်များ၏ အရည်အသွေး စစ်ဆေးခြင်း တို့ကို လေ့ကျင်‌့သင်ကြားပေးရန် ညှိနှိုင်းထားရှိပြီးလည်း ဖြစ်ပါကြောင်း၊

၁၁-၆-၂၀၁၉ ရက်နေ့နှင့် ၁၂-၆-၂၀၁၉ ရက်နေ့များတွင် Cooperation Program အား ရှင်းလင်းခြင်းနှင့် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများ၌ လက်ရှိကျင့်သုံးနေသည့် Industrial Standard များနှင်‌့စပ်လျဉ်းသည့် ဆွေးနွေးပွဲကိုလည်း ထပ်မံကျင်းပပြီးဖြစ်ပါကြောင်း၊

အာဆီယံဒေသတွင်းနိုင်ငံများ၏ Steel Standard များကို သတ်မှတ်အသုံးပြုခဲ့သည့် ဖြစ်စဉ်များကို နမူနာယူ၍ မြန်မာနိုင်ငံ၌ သံနှင်‌့သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းများရေးဆွဲနေဆဲကာလ၌ တည်ဆောက် ဆဲ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လက်ရှိအသုံးပြုနေသည့် ASTM Standards ကို အချိန်ကာလ တစ်ခုအထိသာ ဆက်လက်အသုံးပြုရန် လိုအပ်မည်ဖြစ်ပြီး မိမိဒေသသဘာဝနှင်‌့ အနီးစပ်ဆုံးဖြစ်သည့် JIS စနစ်သို့ တစ်ဆင်‌့ချင်းကူးပြောင်းသွားကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ JIS ကိုအခြေခံတဲ့ မြန်မာ သံမဏိ ဆိုင်ရာ စံချိန်စံညွှန်း MIS ကို အတည်ပြုသည့် အချိန်တွင် ကြုံတွေ့လာနိုင်မည့် အခက်အခဲများကို ရှောင်ရှား နိုင်မှာဖြစ်ပါကြောင်း၊ လက်ရှိအချိန်၌ Deformed Bar ၏ စံချိန်စံညွှန်းမူကြမ်းမှာ သဘောထား မှတ်ချက်များ ရယူခြင်းအဆင်‌့(Enquiry Stage)သို့ရောက်ရှိနေပြီး အခြားသံမဏိထုတ်ကုန် လေးမျိုး၏ စံချိန်စံညွှန်းမူကြမ်း များမှာလည်း ပြင်ဆင်ခြင်းအဆင်‌့ကို ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ အဆိုပါသံမဏိ ထုတ်ကုန်ပစ္စည်းများ၏ စံချိန်စံညွှန်း အတည်ပြုသတ်မှတ်ခြင်းအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအကုန်တွင် ပြီးစီးအောင်ဆောင်ရွက်သွား နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ အမျိုးသားစံချိန်စံညွှန်းကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ သံနှင့်သံမဏိဆိုင်ရာ ကုန်သွယ်မှုကဏ္ဍ၌ ဒေသတွင်းနိုင်ငံများနှင်‌့ ဆက်သွယ် ဆောင်ရွက်ရာတွင် စံသတ်မှတ်ချက်များနှင်‌့ အနီးစပ်ဆုံးတူညီမှုရှိစေရေးနှင်‌့ သဘာဝ ဘေးအန္တရာယ် ကင်းဝေးစေရေး၊ သံနှင်‌့သံမဏိပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာ ဆပ်ကော်မတီအနေဖြင်‌့ မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊ ရာသီဥတုနှင်‌့ကိုက်ညီမှုရှိသော မြန်မာ့စက်မှုဆိုင်ရာစံချိန်စံညွှန်း MIS ကို သတ်မှတ်အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေရှည် ပြည့်စုံကောင်းမွန်သော စံချိန်စံညွှန်းများ ဖြစ်စေရေးအတွက်လည်း JISF ၏အကူအညီဖြင်‌့ အထောက်အပံ့များကိုယူကာ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သံနှင်‌့သံမဏိပစ္စည်းများ ဆိုင်ရာစံချိန်စံညွှန်းအမြန်ဆုံးပေါ်ထွက်လာစေရေး အတွက်လည်း အမျိုးသားစံချိန်စံညွှန်းကောင်စီနှင်‌့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို