Skip to main content

နိုင်ငံခြားခရီးသွားလာမှု ကန့်သတ်ထားသည့်ဒေသများတွင် ‌ဖြေလျှော့မှုများပြုလုပ်ခြင်း၊ အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ဖြေလျှော့ပေးလျက်ရှိသည်များကို ဌာနဆိုင်ရာများသို့ တရားဝင်ညွှန်ကြားချက် ထုတ်ပြန်ခြင်း၊ သတင်းမီဒီယာများတွင် ကြေညာမှုများ ဆောင်ရွက်ပေးခြင်းဖြင့် ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသည့် ဒေသများ၏ ခရီးသွားစီးပွားရေးကဏ္ဍ မြှင့််တင်ပေးရန် အစီအစဉ် ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးကိုအဓိက မောင်းနှင်တွန်းအားပေးမည့် ကဏ္ဍကြီးဖြစ်လာ မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာအရ ခန့်မှန်းထားပါကြောင်း၊ မြန်မာနိုင်ငံကို နိုင်ငံခြား ခရီးသွားများဝင်ရောက်မှုနှုန်းသည် ၂၀၁၅ ခုနှစ်တွင် ၄.၆ သန်း၊ ၂၀၁၆ ခုနှစ်တွင်၂.၉ သန်း၊ ၂၀၁၇ ခုနှစ်တွင် ၃.၅၅ သန်းနှင်‌့ ၂၀၁၈ ခုနှစ်တွင် ၃.၅၅ သန်းအထိ ဝင်ရောက်လာသည်ဖြစ်သည့်အတွက် ၂၀၁၆ ခုနှစ်မှ ကျဆင်းထားသည် ခရီးသွားမှုနှုန်းသည် နှစ်စဉ် ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ်ပြန်လည် တိုးတက်လာသည်ကို ကိန်းကဏန်းတွေအရ သိရှိရပါကြောင်း၊ သို့သော် အိမ်နီးချင်းအာဆီယံနိုင်ငံများနှင်‌့ နှိုင်းယှဉ်မည်ဆိုပါက မိမိတို့အနေဖြင့် အများကြီး နောက်ကျနေပါသေးကြောင်း၊ ခရီးသွား ဝင်ရောက်မှုနှုန်းသည် အာဆီယံနိုင်ငံတွင် ထိုင်းနိုင်ငံ ၃၈.၁၅ သန်း၊ မလေးရှားနိုင်ငံ ၂၃.၄၇ သန်း၊ ကမ္ဘောဒီးယားနိုင်ငံ ၆.၄၃ သန်း စသဖြင့် ရှိကြသည့်အတွက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုအဆင်‌့ မြှင်‌့တင်ပေးရန် Promotion လုပ်ပေးရန်အတွက် များစွာလိုအပ်နေသေးသည်မှာ ထင်ရှားပါကြောင်း၊

မြန်မာနိုင်ငံသည် သမိုင်းဝင်သည်နှင့်အမျှ သဘာဝရေမြေတောတောင် အလှအပများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည့်အတွက် အဆိုပါ အရာများဖြင့် ခရီးသွားလုပ်ငန်း လုပ်ဆောင်ပြီး နိုင်ငံခြားဝင်ငွေရရှိစေနိုင်မည့် အခွင့်အလမ်းကောင်းများ ဆောင်ရွက်နိုင်ပါကြောင်း၊ ရွှေကျင် မြို့နယ်၊ ကျောက်ကြီးမြို့နယ်တို့ကဲ့သို့ ယခင်က လက်နက်ကိုင်ပဋိပက္ခများ ခံစားခဲ့ရသည့်ဒေသ များတွင် ခရီးသွားလုပ်ငန်းမဖော်ဆောင်နိုင်သေးသည့်အတွက် သဘာဝအလှများ၊ သမိုင်းအမွေ အနှစ်များသည် အလဟဿဖြစ်နေ ရသည်များရှိပါကြောင်း၊ အဆိုပါ ဒေသများတွင် နိုင်ငံခြားသား ခရီးသွားလာမှုကို ကန့်သတ်ထားခြင်းကလည်း အတားအဆီးတစ်ခုဖြစ်နေပါကြောင်း၊  

ရွှေကျင်မြို့နယ်တွင် သီတင်းကျွတ်မီးထွန်းပွဲကိုကျင်းပလာသည်မှာ ၁၆၇ ကြိမ် မြောက်ရှိပြီး အဆိုပါပွဲတော်သို့ သီတင်းကျွတ်မီးထွန်းပွဲကို နိုင်ငံခြားသားများနှင့် ပြည်တွင်းကပါ စိတ်ပါဝင်စားစွာ လာရောက်အားပေးကြသော်လည်း နိုင်ငံခြားခရီးသွားလာမှုကို ကန့်သတ်ထားသည့်အတွက် တွင်ကျယ်သင်‌့သလောက် မတွင်ကျယ်ပါကြောင်း၊ ကျောက်မှော်မြို့ဟောင်းသည် ပဲခူး တိုင်းဒေသကြီး၊ ရွှေကျင်မြို့၏ မြောက်ဘက် ၂၄ မိုင်အကွာတွင် တည်ရှိပြီးတော့ ဟံသာဝတီ ၃၂ မြို့အဝင်မြို့ဖြစ်ပါကြောင်း၊ ကုန်းဘောင်ခေတ်က မြို့သူကြီး အဆက်ဆက်ထားရှိကာ ကျောက်မှော်မြို့စားဟူရှိပါကြောင်း၊ ကျောက်မှော် မြို့စားမိဖုရားသည်  သာယာဝတီမင်း၏ မိဖုရား၊ မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့၏ မိခင်ဖြစ်ပါကြောင်း၊ ကျောက်မှော်မြို့ဟောင်း ပြုပြင်ထိန်သိမ်းခြင်းကို ဒေသခံများ၏ ကိုယ်ပိုင်အစီအစဉ်နှင့်လုပ်ဆောင်နေရသည့် အနေအထားဖြစ်ပါကြောင်း၊

ပညာရှင်များခန့်မှန်းချက်အရ ဘန်းမြို့ဟောင်း(ပျူခေတ်)သည် ရွှေကျင်မြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာ အရှေ့ရိုးမတောင်ပေါ်တွင်တည်ရှိပြီး ကွင်းဆက်ကျေးရွာမှာရှိပါကြောင်း၊ ရှေးအခါက ဘန်းမြို့ဟောင်းဟု ခေါ်တွင်ပြီး မြို့ရိုးပျက်များလည်း ယခုထိရှိပါကြောင်း၊  ဘန်းမြို့ဟောင်းသည် ပျူလူမျိုးများနေထိုင်ခဲ့ရာ မြို့ဖြစ်ကြောင်းနှင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ကျော်ကဟု ခန့်မှန်းကြပြီး ပျူလူမျိုးများကိုင်‌ဆောင်ခဲ့သည့်  ကျောက်လက်နက်များ ရှေ့ဟောင်းပစ္စည်းများကိုလည်း တူးဖော်တွေ့ရှိထားပါကြောင်း၊

ပဲခူးကမ္ဘောဇသာဒီနန်းတော်ကြီးတွင် ထိန်းသိမ်းထားသည့် ပျူခေတ်ကျောက်စာ၊ ကွင်းစိတ် ကျောက်စာ၊ အုတ်ခွက်ဘုရားများနှင့် ကိုလိုနီခေတ်တုန်းက အစိုးရရုံးစိုက်ခဲ့သည့်မြို့ဖြစ်ခဲ့ သည့်အတွက် အစိုးရအရာရှိကြီးများ သြင်္ဂိုဟ်ခဲ့သော  ဂူသင်္ချိုင်းနေရာများ အစရှိသည်များသည် အနောက်နိုင်ငံခရီးသွား တွေအတွက် ဖွံ့ဖြိုးမှုတစ်ရပ်ဖြစ်လာမည်ဟု ခန့်မှန်းထားပြီး အဆိုပါအရာ များကို ထိန်းသိမ်းရန် များစွာလိုအပ်နေသေးပါကြောင်း၊ ရွှေကျင်နှင့် ကျောက်ကြီးလို ဒေသများသည် အပြစ်အခတ်ရပ်စဲထားပြီး အေးချမ်းနေပြီဖြစ်သော်လည်း ခရီးသွားလာမှုက များစွာအဆင်‌့မြှင့်ရန် လိုအပ်နေသေးသည့်အတွက် နိုင်ငံခြားခရီးသွားလာမှု ကန့်သတ်ထားသည့် ဒေသများတွင် ‌ဖြေလျှော့မှုများပြုလုပ်ခြင်း၊ အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ဖြေလျှော့ ပေးလျက်ရှိသည်များကို ဌာနဆိုင်ရာများသို့ တရားဝင်ညွှန်ကြားချက် ထုတ်ပြန်ခြင်း၊ သတင်း မီဒီယာများတွင် ကြေညာမှုများ ဆောင်ရွက်ပေးခြင်းဖြင့် ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသည့် ဒေသများ၏ ခရီးသွားစီးပွားရေးကဏ္ဍ မြှင့််တင်ပေးရန် အစီအစဉ် ရှိ/မရှိနှင်‌့ စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်

ပြည်တွင်း/ပြည်ပအခြေစိုက်နိုင်ငံခြားသံအမတ်များ၊ သံရုံးအရာထမ်း/အမှုထမ်းများ၊ မိသားစု ဝင်များ၊ ဒေသန္တရ ခန့်ဝန်ထမ်းများနှင့် နိုင်ငံခြားသားများ၏ ပြည်တွင်းခရီးစဉ်သွားလာလိုမှုများနှင့် စပ်လျဉ်းပြီး စိစစ်ခွင့်ပြုနိုင်ရေးအတွက် လုံခြုံရေးကန့်သတ်ချက်ရှိသည့် နယ်မြေစာရင်းများကို ပြည်ထဲရေးဝန်ကြီးဌာနက လည်းကောင်း၊ ထပ်မံကန့်သတ်သင့်သည့် နယ်မြေဒေသများ၏ စာရင်းအားလည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က လည်းကောင်း သတ်မှတ်ထုတ်ပြန် ထားချက်များနှင့်အညီ ခရီးသည်များကို စိစစ်ခွင့်ပြုလျက်ရှိပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနသည် နိုင်ငံခြားဧည့်သည်များ သွားရောက်လည်ပတ်နိုင်ရန်အတွက် လိုင်စင်ရ ခရီးသွားကုမ္ပဏီများက တင်ပြလာသည့် ခရီးစဉ်များတွင် နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက် အဖြစ် သတ်မှတ်ခွင့်ပြုထားခြင်းမရှိသည့် နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့် ပါရှိပါက အဆိုပါ ခရီးစဉ်များလည်ပတ်ခွင့်ရရှိနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက်များမှ ဝင်ရောက်လည်ပတ်မည့်ခရီးစဉ်များအတွက် ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနများသို့ အကြောင်းကြားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

 အချို့သော တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေများအနေဖြင့်  မိမိတို့တိုင်းဒေသကြီး /ပြည်နယ်များ အတွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း၊ ပြည်ပဧည့်သည်များ လွတ်လပ်စွာ အလွယ်တကူ သွားရောက်လည်ပတ်နိုင်ရေးအတွက် လုံခြုံရေးအရ ခွင့်ပြုချက် တောင်းခံရန် သတ်မှတ်ထားရှိသည့် နယ်မြေများအား ကန့်သတ်နယ်မြေအဖြစ်မှ ဖြေလျော့ပေး နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၏ သဘောထားကိုတောင်းခံပြီး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြတောင်းခံကာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဖြေလျော့ဆောင်ရွက်ပေးခဲ့ခြင်းများလည်း ရှိပါကြောင်း၊

အဆိုပါကန့်သတ်နယ်မြေဖြေလျော့ပေးမှုများအတွက် သက်ဆိုင်ရာဌာနများမှ ဆုံးဖြတ်ချက်၊ ခွင့်ပြုချက်များ ထွက်ရှိလာပါက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှတစ်ဆင့် ခရီးသွားကုမ္ပဏီ များသို့ ဆက်လက်အသိပေး အကြောင်းကြားလျက်ရှိပြီး ဝန်ကြီးဌာန၏ Website ဖြစ်သည့် www.tourism.gov.mm နှင့် Facebook များတွင်လည်း အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ပေးလျက် ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ကနေပေးပို့လာသော တားမြစ်ကန့်သတ်ထား သည့်နေရာဒေသများကို ခွင့်ပြုချက်နှင်‌့ သွားရောက်နိုင်ရေး၊ သွားရောက်နိုင်သည့် နေရာများတွင် သတ်မှတ်ချက်များနှင့်အညီ ပြန်ကြားရေးဆိုင်ရာလုပ်ငန်းများ၊ (ပြည်တွင်း/ပြည်ပမှ မှတ်တမ်း တင်ရုပ်ရှင်၊ Video ရိုက်ကူးမှုများ၊ ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးမှုများ၊ ခရီးသွားလာမှုမြှင့်တင်ရေး မှတ်တမ်း ဆိုင်ရာရိုက်ကူးမှုများ) စသည်တို့အတွက် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ အဆင်ပြေ ချောမွေ့စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသည့် ဒေသများအပါအဝင် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးအတွက် နိုင်ငံပိုင်မီဒီယာများဖြစ်သည့်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် နိုင်ငံပိုင်သတင်းစာများ၊ Website များတွင်လည်း ခရီးသွားလာမှုဆိုင်ရာ အချက်အလက်များကို သက်ဆိုင်ရာဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ပုဂ္ဂလိက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအပါအဝင် အခြားသောဆက်စပ်အဖွဲ့အစည်းများမှ ရရှိသော သတင်းအချက်အလက်များကို ဖော်ပြပေးလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်းလုံး သွားလာ သင့်သည့် နေရာများကိုလည်း ခရီးသွားအစီအစဉ်တစ်ခုအဖြစ် စီစဉ်တင်ဆင်ပေးလျက် ရှိပါကြောင်းနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် အစဉ်အမြဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

နိုင်ငံတော်အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ၎င်းတို့ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအလားအလာကောင်းမွန်ပြီး ခရီးသည် များအတွက် လုံခြုံရေးအာမခံနိုင်သည့်ဒေသများသို့ လည်ပတ်ခွင့်ပြုနိုင်ရေးအတွက် တင်ပြလာ သောကြောင့်စိစစ်ပြီး ဖြေလျှော့ပေးလျက်ရှိသည်များကို မိမိတို့၏ဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့မှလည်း အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် အသိပေးလျက် ရှိပါကြောင်း၊ ယခုအခါမှာ အသစ်ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေ(၂၀၁၈)အရ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများ ဖွဲ့စည်းပေးပြီး အဆိုပါကော်မတီအနေဖြင့် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ် အတွင်း ဖွံ့ဖြိုးမှုနောက်ကျလျက်ရသည့် ဒေသများအတွင်းမှာ ခရီးသွားစီးပွားရေးကဏ္ဍ မြှင့်တင်ပေးရန် အတွက် ခရီးသည်များလုံခြုံစိတ်ချစွာဖြင့် လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသများကို ညှိနှိုင်းဖော်ထုတ်တင်ပြသင့်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးစောသလေးစော(ရွှေကျင်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိ၏ မေးခွန်းကို ပြည့်ပြည့်စုံစုံလည်း ပြန်လည်ဖြေကြားပေးသည့်အတွက် ကျေးဇူးတင် ရှိပါကြောင်း၊ မိမိအနေဖြင့် ပိုပြီးရှင်းလင်းစွာ သိရှိလိုသည့်အတွက် ဆက်စပ်မေးခွန်း မေးမြန်လို ပါကြောင်း၊ နံပါတ် (၁) ရွှေကျင်၊ ကျောက်ကြီး ဒေသများသည် ယခင်က တိုင်းရင်းသားလက်နက် ကိုင် ပဋိပက္ခဖြစ်ခဲ့သည့်ဒေသဖြစ်သည့်အတွက် နိုင်ငံခြားသားခရီးသွားလာမှုကို ကန့်သတ်ထား သည့် ဒေသများဖြစ်သော်လည်း ယခုအချိန်တွင် NCA လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် ဒေသလည်းဖြစ်နေပြီဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင် ခရီးသွားလာမှု ကန့်သတ်ထားသည့် နိုင်ငံခြားသား ခရီးသွားလာမှုများကို ဖြေလျှော့ပေးထား ခြင်းရှိ/မရှိ၊ ဖြေလျှော့ထားပြီးဆိုပါက ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ရွှေကျင်၊ ကျောက်ကြီး ဒေသများတွင် နိုင်ငံခြားခရီးသွားလာမှုတွေကို ဖြေလျှော့ပေးခဲ့ခြင်း ရှိ/မရှိ ကို ရှင်းလင်းစွာ သိရှိလိုပါကြောင်း၊

ဖြေလျှော့လိုက်ပြီးပြီဆိုပါက ယေဘုယျအားဖြင့်ထုတ်ပြန်လိုက်ပြီဆိုတာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ်သို့ သက်ဆိုင်ရာမြို့နယ်ကို ထိထိရောက်ရောက်ညွှန်ကြားပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်

ပထမ ပြည်တွင်းခရီးစဉ်သွားလာလိုမှုများနှင့်စပ်လျဉ်းပြီးမှ စိစစ်ခွင့်ပြုနိုင်ရန် လုံခြုံရေး ကန့်သတ်ချက်ရှိသည့် နယ်မြေစာရင်းများကို ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ထားပါကြောင်း ထပ်မံကန့်သတ်သင့်သည့် နယ်မြေဒေသများ၏ စာရင်းကိုလည်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတ်မှတ်ထုတ်ပြန်ချက်များနှင့်အညီ ခရီးစဉ်များကို စိစစ်ခွင့်ပြုလျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေအရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်ဒေသအားလုံးများတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများကို ဖွဲ့စည်းပေးပြီး ဖြစ်သည့်အတွက် အဆိုပါဒေသများတွင် ခရီးစဉ်ဒေသသစ်များကို ဖော်‌ဆောင်လိုပါက ကော်မတီက သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရကို တင်ပြပြီး တိုင်းဒေသကြီးအစိုးရမှတစ်ဆင့် မိမိတို့က သက်ဆိုင်ရာဝန်ကြီးဌာနများကို တင်ပြညှိနှိုင်းပေးနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုအချိန်တွင် ခွင့်ပြုထားသည့် နေရာများကို သွားရောက်ခွင့်ပြုထားပြီး ခွင့်မပြုထားသည့် နေရာများအတွက် ချို့ယွင်းချက်အနေဖြင့် တင်ပြလာပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး သွားလာခွင့်ရရှိရေးအတွက် စီစဉ်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။