Skip to main content

 

ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေး စခန်းရုံးကို လက်ရှိထက်ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် လိုအပ်သော အခြေခံအဆောက် အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်း၊ ကုန်သိုလှောင်ရုံများ၊ ကတ္တားများ၊ စစ်ဆေးကိရိယာ (X-Ray) စသည်ဖြင့် အခြား လိုအပ်သည်များကို တိုးမြှင့် တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ဝိုင်းမော်မြို့နယ် ကန်ပိုင်တီရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှာ နှစ်ရှည်ချီကြာမြင့်ပြီးဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်ကြား ဖြတ်ကူးသွားလာနေသော မဟာလမ်းမကြီးလည်း ဖြစ်ပါကြောင်း၊ ဝိုင်းမော်မြို့နယ် ကန်ပိုင်တီရှိ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် အဆောင်တစ်ဆောင်သာ ရှိပါကြောင်း၊ စစ်ဆေးရေးဂိတ်ရှိ ကတ္တားချိန်သည့်နေရာ ရှိသော်လည်း လက်ရှိအခြေအနေမှာ ကတ္တားချိန်ခြင်း မရှိသည့်အပြင် မျက်မှန်းတန်းကောက်ခံနေသည်ကို တွေ့ရပါကြောင်း၊ တရုတ်ပြည်မှ မိမိတို့နိုင်ငံကို ဝင်ရောက်လာမည့် ငှက်ပျောသယ်ဆောင်ရန် ဝင်ရောက်လာမည့် တရုတ်ကုန်ကားကြီးများ ရှိပါကြောင်း၊ မိမိတို့နိုင်ငံနှင့် တရုတ်ပြည် ချိတ်ဆက်ထားသည့် အဝင်/အထွက်လမ်းတောင်ကို ဖောက်ထားသည့် ဥမင်လှိုင်ခေါင်း လမ်းဖြစ်ပါကြောင်း၊ တရုတ်ပြည်နယ်စပ်ရှိ ဟူရှောင်ဂိတ်၏အရှေ့တွင် ကူယုံးဂိတ် ရှိပါကြောင်း၊ ကူယုံးဂိတ်တွင် ကုန်တင်ကုန်ချများလုပ်ပြီး ကုန်ဖလှယ်ကြောင်း၊ ကုန်တင်ယာဉ်များ ရပ်နားနိုင်သော နေရာများ သေချာစီမံဆောင်ရွက် ထားရှိပါကြောင်း၊ ဟူရှောင်ဂိတ်မဝင်ခင် ညာဘက် မီတာ ၃၀၀ အလိုတွင် တရုတ်နိုင်ငံထဲက သွားသောကားများကို ပိုးသတ်ဆေးဖြန်းပါကြောင်း၊ ဟူရှောင်ဂိတ်၏ ညာဘက်တွင် တောင်များကိုဖြတ်ပြီး တရုတ်အစိုးရအနေဖြင့် ကုန်သွယ်ရေးဇုန် ကြီးကြီးမားမား စီမံကိန်းချ၍ ဆောင်ရွက်နေကြောင်း၊       

သို့ဖြစ်၍ နိုင်ငံ၏ နယ်စပ်ဂိတ်သည် အလွန်အားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ နယ်စပ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် နေထိုင်မည့်အိမ်ရာ ထိုင်ခင်းများလည်း အခက်အခဲ ရှိသလို ကားဝင်/ထွက်ဂိတ်တွင်လည်း စစ်ဆေးရန်အတွက် တိကျမှန်ကန်သော စစ်ဆေးမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ မည်သို့သောအဖိုးတန် ပစ္စည်းရတနာများ ကိုယ့်နယ်ထဲက ပါသွားမှန်းလည်းမသိ၊ သူ့နိုင်ငံထဲက မူးယစ်ဆေးဝါးကအစ တခြားသောမစားသုံးသင့်သည့် ကုန်ပစ္စည်းများ ဝင်လာမှန်းလည်းမသိ သေချာစစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ၎င်းနေရာတွင် သေချာစစ်ဆေးနိုင်မည့် X-Ray စက်မျိုးများ မှန်မှန်ကန်ကန် တိကျစွာစစ်ဆေးပေးနိုင်မည့် စက်ကိရိယာများ လိုအပ်နေပါကြောင်း၊ ထို့ပြင် ကုန်ဖလှယ်ရန်အတွက် ဆိုလျှင်လည်း မိမိတို့နိုင်ငံတွင် ကုန်ဖလှယ်မည့်နေရာများ၊ ကုန်သိုလှောင်ရုံ များလည်းမရှိပါကြောင်း၊ ကုန်ဖလှယ်မည့်နေရာများ၊ ကုန်သိုလှောင်ရုံ ရှိမှသာလျှင် ကိုယ့်ပြည်တွင်းထဲက ကားရော၊ ပြည်ပကကားရော ဖလှယ်ကြပြီးမှ ပြည်တွင်းထဲကကားများပါ၊ ပြည်တွင်းထဲက အလုပ်သမားများပါ အလုပ်အကိုင်အခွင့်အလမ်း ရရှိမည်ဖြစ်ပါကြောင်း၊

ကတ္တား၊ ကတ္တားလည်းမရှိပါကြောင်း၊ အခွန်ကောက်သောအခါမှာ ဒီတိုင်းမျက်မှန်းတန်းပြီး ကောက်နေကြသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် တိကျသေချာသည့် အခွန် ရရှိမှာမဟုတ်ပါကြောင်း၊ လူလာကြည့်ပြီးမှဖြတ်ကြကြောင်း၊ ၎င်းမှာ အဆင်မပြေပါကြောင်း၊ တိကျသေချာသောအခွန် ရရှိရန် လိုပါကြောင်း၊ ထို့ပြင် လက်ရှိအခြေအနေမှာ တရုတ်လူမျိုးများက မိမိတို့ ဝိုင်းမော်၊ မြစ်ကြီးနား၊ မန္တလေး၊ ရန်ကုန်ထိဆင်းပါကြောင်း၊ နောင်တွင် ဤပြဿနာလည်း ထို့ထက်မကြီးလာနိုင်ဟု မဆိုနိုင်ပါကြောင်း၊ ထို့ကြောင့် ၎င်းပြဿနာများကိုလည်း ကြိုတင်ကာကွယ်ရန် လိုပါကြောင်း၊ ပြီးလျှင် ကုန်တင်ကားများ ကိုလည်း ဝိုင်းမော်မြို့အထိ ဆင်းရန်မဖြစ်ဘဲ နယ်စပ်ဂိတ်မှာပင် Change ရန် လိုပါကြောင်း၊ ဂိတ်ကို ပြန်စစ်ရန်အတွက် ဝါးရှောင်လမ်းခွဲတွင် လမ်းခွရှိပါကြောင်း၊ လမ်းခွတွင် စစ်ဆေးရေးဂိတ် နောက်တစ်ခု ပြန်ထိုင်ပြီးမှ ပြန်စစ်ဆေးရန် လိုအပ်နေခြင်းဖြစ်ပါကြောင်း၊ ဤသို့ ပြည့်စုံအောင် လိုအပ်သော အရာများအားလုံး ပြည့်ပြည့်စုံစုံ တည်ဆောက်ပေးမည်ဆိုပါက မိမိတို့နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သလို ပြည်သူပြည်သားအားလုံးလည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်မည် ဖြစ်သည့်အတွက် ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုင်တီနယ်စပ် ကုန်သွယ်ရေးစခန်းရုံးကို လက်ရှိထက်ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် လိုအပ်သော အခြေခံအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်း၊ ကုန်သိုလှောင်ရုံများ၊ ကတ္တားများ၊ စစ်ဆေးကိရိယာ (X-Ray) စသည်ဖြင့် အခြားလိုအပ်သည်များကို တိုးမြှင့်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းအား ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး တစ်ဖက်တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အပြည့်အဝဝန်ဆောင်မှု ပေးနိုင်ရေးနှင့် ကုန်သွယ်မှုလျင်မြန် ချော့မွေ့စေရေးအတွက် ၂၀၁၅-၁၆  ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း မူလခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၁၀ ဖြင့် Weight Bridge နှင့် ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကချင်ပြည်နယ်အစိုးရ၏ ပြည်နယ်ရန်ပုံငွေမှ ကျပ်သန်း ၇၀ ဖြင့် Weight Bridge အဝင်/အထွက် ကွန်ကရစ်ချဉ်းကပ်လမ်း ၂၄ ပေအကျယ်အရှည် ၃၀၀ ပေ တည်ဆောက်မှုကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း၊

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည့် ငါးနှစ်စီမံကိန်း လျာထားချက် တွင်လည်း ကန်ပိုက်တီကုန်သွယ်ရေးစခန်း ခြံစည်းရိုးကာရံခြင်း လုပ်ငန်းအရှည် ပေ ၄၀၀၀၊ အမြင့်ပေ ၆ ပေကို ဆောင်ရွက်ရန်အတွက် တန်ဖိုးငွေကျပ် ၈၄ သန်းအားထည့်သွင်း လျာထားပေးပါကြောင်း၊ လက်ရှိမှာ ကုန်ပိုက်တီကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုပမာဏမှာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွက် အမေရိကန်ဒေါ်လာ ၁၉၆.၄၉၄ သန်းမျှရှိပြီး စုစုပေါင်း နယ်စပ်ကုန်သွယ်မှု တန်ဖိုး၏ ၃.၂၇ ရာခိုင်နှုန်းမျှ ရှိပါကြောင်း၊ ကန်ပိုက်တီကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှု တိုးတက်များပြား လာသည်နှင့်အမျှ လက်ရှိကာလထက် ပိုမိုဝန်ဆောင်မှုပေးနိုင်ရန် လိုအပ်သော အခြေခံ အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ ပို့ကုန်သွင်းကုန် ယာဉ်ရပ်နားစခန်းများ၊ သိုလှောင်ရုံများ၊ ကုန်ပစ္စည်းစစ်ဆေးသည့် (X-Ray) စက်တို့အား လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ ဖြည့်ဆည်း ဆောင်ရွက်သွားနိုင်ရန် စီမံထားရှိပါကြောင်း၊

ထို့အပြင် ကန်ပိုက်တီတွင် တရုတ်နိုင်ငံဘက် ပေါင်ရှန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲနှင့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်အကောင်အထည်ဖော်ရန် စီစဉ်ထားရှိ ပါကြောင်း၊ မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက် အကောင်အထည် ဖော်ရေးနှင့်ပတ်သက်ပြီး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ညှိနှိုင်းမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ဇုန်များ ဖော်ထုတ်တည်ထောင်ရာတွင် စိတ်ပါဝင်စားသည့် ကုမ္ပဏီလုပ်ငန်းရှင်များအား စိတ်ဝင်စားမှု ဖော်ပြလွှာ EOI ခေါ်ယူခြင်းနှင့် အဆိုပြုတင်ပြလာသည့် အပေါ် စိစစ်ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ရန် နယ်စပ်စီးပွားရေးဇုန် တည်ထောင် အကောင်အထည် ဖော်ရေးဆိုင်ရာ EOI ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် မေလအတွင်း EOI ခေါ်ယူရေးနှင့်ပတ်သက်၍ စိတ်ဝင်စားသည့် ကုမ္ပဏီများကို ဖိတ်ခေါ်၍ နယ်စပ်စီးပွားရေးဇုန်များ ထူထောင်ရန်ကိစ္စ အကြမ်းဖျင်းပုံစံ (Concept Plan) ကို ရှင်းလင်းပြောကြားပြီး ကနဦးအလွတ်သဘော ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ်၊ ကန်ပိုက်တီတွင် မကြာမီကာလအတွင်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တစ်ခု စနစ်တကျ ပေါ်ထွန်းလာမည်ဖြစ်၍ ဦးလဂန်ဇယ်ဂျုံး၏ မေးခွန်းပါ လက်ရှိထက်ဝန်ဆောင်မှု ပေးနိုင်ရန် လိုအပ်သည့် အခြေခံအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်း၊ ကုန်သိုလှောင်ရုံများ၊ ကတ္တားများ၊ စစ်ဆေးရေးကိရိယာ (X-Ray) စသဖြင့် အခြားလိုအပ်သည် များကို တိုးမြှင့်တည်ဆောက်မည့် အစီအစဉ်များ ပါဝင်လာမည် ဖြစ်ပါကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းတွင် လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး