Skip to main content

 

ပိုင်ဆိုင်မှုကိစ္စဖြင့် တရားရင်ဆိုင်ချိပ်ပိတ်ခံထားရသော သန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ကျောင်းအတွင်းရှိ အများပြည်သူ လှူဒါန်းသမှု အစုစုတို့ကို အမှုကိစ္စမပြီးပြတ်ခင်ကာလအတွင်း ရန်သူမျိုးငါးပါးအန္တရာယ်မှ ကင်းဝေးစေရန် မည်သည်‌့အဖွဲ့အစည်းမှ တာဝန်ယူ၍ မည်ကဲ့သို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ကျောင်းတော်ကြီးသည် ကမ္ဘာ့ဗုဒ္ဓသာသနာပြု Center အဖြစ် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု ပီနံဆရာတော်ကြီးမှ ဦးဆောင်၍ တပည်‌့ဒါယိကာ၊ ဒါယိကာမများ လှူဒါန်းမှုအစုစုနှင့် တည်ထောင်တော်မူခဲ့သော စင်္ကာပူနိုင်ငံ၏ လက်ရာများ၊ မြန်မာ၏ ဗိသုကာအနုပညာများ ထုံမွမ်းထားသည့် အင်မတန် အံ့မခန်းကျောင်းတော်ကြီး ဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းတော်ကြီးသည် အင်မတန်ခန့်ညားသော သာသနိကအဆောက် အဦကြီးဖြစ်ပြီး ၁၁ ထပ်ရှိပါကြောင်း၊ အပေါ်ဆုံးဆူးလေမော် ကျွန်းများနှင့်အထက်တွင် ဗုဒ္ဓသာသနာတော်၏ အမြင့်မြတ်ဆုံးသော သိမ်ကျောင်းတော်ကြီး၊ Library များနှင့် ရဟန်းသံဃာတော်များ နေထိုင် သတင်းသုံးရာ အထပ်များလည်း ရှိပါကြောင်း၊ အောက်ထပ်တွင် နှစ်ဖျာသော လောကီလောကုတ် တရာအကျိုးကို သယ်ပိုးနိုင်မည့် ခန်းမဆောင်ကြီးတွင် လူ ၄၀၀ ကျော်၊ ၅၀၀ ကျော်ခန့် ဆန့်သည့် အဆောင်ကြီးရှိပါကြောင်း၊ ၎င်းကျောင်းတော်ကြီးကို ၁၀-၆-၂၀၁၄ ရက်နေ့တွင် သက်ဆိုင်ရာများ၏ ချိပ်ပိတ်ခြင်းခံခဲ့ရပြီး လုံခြုံရေးအစောင့်အကြပ်များ ထားရှိခဲ့ပါသော်လည်း ၂-၃-၂၀၁၈ ရက်နေ့ နေ့လယ် ၁၁ နာရီမှစပြီး လုံခြုံရေးအစောင့် အရှောက်များကို ရုပ်သိမ်းခဲ့ပါကြောင်း၊

ယခုကဲ့သို့ ရုပ်သိမ်းခဲ့သည့်အချိန်မှစပြီး ခုနှစ်လကျော်ခန့်အကြာတွင် ကျောင်းတော်ကြီး၏ ပျက်စီးယိုယွင်းနေမှုများမှာ အဲကွန်းများ ပျက်စီးနေခြင်း၊ ကျောင်းတော်ကြီးထဲတွင် ဖောက်ထွင်း ခိုးယူထားသည့် ကေဗယ်ကြိုးများသာမက မီးစက်ကြီးများနှင့် တံခါးများ ဖျက်စီးထားသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ ယခုဆိုလျှင် ပီနံဆရာတော်ကြီး ပျံလွန်တော်မူသွားသည်မှာ တစ်နှစ် ကျော်ကြာခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုထက်တိုင်အောင် ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ဒါယိကာ၊ ဒါယိကာမများနှင့် သုံးထပ်ကျောင်းဆရာတော် ရှင်ပညေနအပါအဝင် ဆရာတော်၊ သံဃာတော်များက ၎င်းကီစ္စကို ရတက်မအေးဖြစ်နေကြပြီး ကျောင်းတော်ကြီးကို တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်ဖျက်စီး ခိုးယူနေကြသည့် အန္တရာယ်သည် အင်မတန်ကြီးမားလာခြင်းကို စိတ်နှလုံးမချမ်းမွေ့ဖွယ်ရာ တွေ့မြင်နေကြရပါကြောင်း၊ ထို့ကြောင့် လှူဒါန်းမူအစုစုကို သဲထဲရေသွန်သကဲ့သို့ အလဟဿဒ် ဖြစ်မည်ကို ဒါယိကာ၊ ဒါယိကာမများနှင့် သံဃာတော်များ စိုးရိမ်ကြသည့်အတွက် အဆိုပါ ကျောင်းတော်ကြီးကို မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ပြီး မည်သည့်အဖွဲ့အစည်းက ထိန်းသိမ်းမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် မဟာသန္တိသုခ ကျောင်းတော်ကြီးတွင် ၇-၁၀-၂၀၁၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ကိုထွေးခေါ်ကရင်နှင့် ၂၉-၁၀-၂၀၁၈ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် တင်ကို အပါအဝင် လေးဦးတို့က ကျောင်းအတွင်းသို့ ဝင်ရောက်ပြီး ကျောင်းပစ္စည်းများ ခိုးယူခဲ့သဖြင့် ခိုးယူသူများကို ပြစ်မှုဆိုင်ရာဥပဒေဖြင့် အရေးယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးကိုယ်စား ရန်ကုန်အရှေ့ပိုင်းခရိုင် သာသနာရေးမှူးက သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ခဲ့ပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံးက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ၃၀-၁၀-၂၀၁၈ ရက်နေ့ ကျောင်းပစ္စည်းများ အခိုးခံရခြင်းကိစ္စနှင့် စပ်လျဉ်း၍ နောင်တွင် ခိုးယူခြင်းမခံရရေးအတွက် လုံခြုံရေးစနစ်တကျ ဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ကျောင်းတော်ကြီး လုံခြုံမှုရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၂၀-၁၁-၂၀၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့သို့ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပါရန် ညွှန်ကြားထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါ မဟာသန္တိသုခ ကျောင်းတော်ကြီးကိစ္စနှင့် စပ်လျဉ်း၍လည်း ၃၀-၁၁-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အဌာရသမ အစည်းအဝေးက အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်။

လက်ရှိအခြေအနေအရ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ဖော်ပြပါအဖွဲ့များကို ဖွဲ့စည်းတာဝန် ပေးအပ်ရန် (က) မဟာသန္တိသုခဗုဒ္ဓတက္ကသိုလ် နာယကအဖွဲ့၊ (ခ) မဟာသန္တိသုခကျောင်းတော်ကြီး ယာယီဂေါပကအဖွဲ့ဆိုပြီး ဆုံးဖြတ်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် မဟာသန္တိသုခ ကျောင်းတော်ကြီးကိစ္စနှင့် စပ်လျဉ်းပြီး သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ အဌာရသမအစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဦးတိုးဝင်း (တာမွေမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ခုန ဝန်ကြီးဖြေသွားသည့် နေရာတွင် သန္တိသုခကျောင်းတော်ကြီး လုံခြုံရေးအတွက် ၃၀-၁၀-၂၀၁၈ ရက်နေ့တွင် လုံခြုံရေးစနစ်တကျ စီမံဆောင်ရွက်ထားသည်ဟု ပြောကြားခဲ့ပါကြောင်း၊ ပြီးခဲ့သည့် ၁၃-၂-၂၀၁၉ ရက်နေ့တွင် Motor ဝင်ခိုးသွားသည်ကို အနီးအနားတွင်ရှိသည့် ဆိုက္ကားဆရာများကလာပြီး ဆရာတော်ကို လျောက်ထားလာပါကြောင်း၊ ထို့ကြောင့် လုံခြုံရေးဆိုသည့် နေရာများတွင် မည်ကဲ့သို့ လုံခြုံရေးမျိုးနှင့် တည်ဆောက်မည်နည်း၊ ကာကွယ်ပေးမည်နည်း၊ ယခင်ကဲ့သို့ ချိပ်ပိတ်ထားရုံဖြင့် လုံခြုံနိုင့်ပါ့မည်လား ဆိုသည်ကို သိရှိလိုပါကြောင်းနှင့် ပြီးသည့်အခါ အဆိုပါ ထိန်းသိမ်းရေးအဖွဲ့ကို မဟာသန္တိသုခနာယက အဖွဲ့နှင့် ကျောင်း၏ ဂေါပကအဖွဲ့မှ တာဝန်ယူမမည့် နေရာတွင် ၎င်းထိန်းသိမ်းရေးအဖွဲ့၏ နာယကအဖွဲ့ကို မည်သို့ပုဂ္ဂိုလမ်များနှင့် ဖွဲ့စည်းမည်နည်း၊ ကျောင်းတော်၏ ယာယီဂေါပကအဖွဲ့ကိုလည်း မည်ကဲ့သို့ပုဂ္ဂိုလ်များနှင့် မည်သည့်နေ့မှစပြီး ဖွဲ့စည်းပြီး လုံံခြုံရေးကို မည်သည့်နေ့မှစပြီး ချိပ်ပိတ်သည့်နည်းမသုံးဘဲ မည်ကဲ့သို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မည်နည်း၊ စောင့်ရှောက်သည်ဆိုသည့်နေရာတွင်လည်း အဆောက်အဦများကို ပြင်ဆင်ရန် ထိန်းသိမ်းရန် အတွက်ပါ ပါဝင်ခြင်း ဖြစ်သည့်အတွက်ကြောင့် အစီအစဉ်ရှိ/မရှိဆိုသည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း

ဆက်စပ်မေးခွန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြရမည်ဆိုလျှင် ခုနက ခိုးယူမှုဖြစ်ခဲ့သည်ဆိုသည့် အနေအထားက သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်လည်း ကာကွယ်ထိန်းသိမ်း မည်ဆိုသည့်အပိုင်းတွင် မိမိရှေ့က တင်ပြခဲ့သလို နိုင်ငံတော်သံဃာမဟာနာယက အဖွဲ့က ဆုံးဖြတ်ခဲ့သည့်အတိုင်း မဟာသန္တိသုခ ဗုဒ္ဓတက္ကသိုလ် နာယကအဖွဲ့နှင့် မဟာသန္တိသုခ ကျောင်းတော်ကြီး ယာယီဂေါပက အဖွဲ့ကို ဖွဲ့ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါအဖွဲ့ကို ဖွဲ့စည်းပြီးသည့်အခါ လွှတ်တော်ကိုယ်စားလှယ်ကြီး သိရှိလိုလိုပါက ဖွဲ့စည်ပြီးသည့်အမိန့်ကို အကြောင်းပြန်ကြား သွားမည်ဆိုသည်ကို ရှင်းလင်းဖြေကြားလိုပါကြောင်း၊ အဆောက်အဦများ ထိန်းသိမ်းနှင့်ပတ်သက်၍ အဆောက်အဦများ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ သာသနာရေးကနေပြီး ဘဏ္ဍာငွေနှင့် ဆောက်လုပ်ထားသည့် အဆောက်အဦ မဟုတ်သည့်အတွက်ကြောင့် အလှူရှင်များရှိလာသည့် အနေအထားတွင် ပြင်ဆင်လိုခြင်း၊ ပြုပြင်လိုခြင်းများ ရှိလာသည့်အချိန်တွင်လည်း မိမိတို့အနေဖြင့် စိစစ်ပြီးမှ ခွင့်ပြုဆောင်ရွက် ပေးနိုင်မည်ဆိုသည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။