Skip to main content

 

လှိုင်းဘွဲ့မြို့၏ မြောက်ဘက် (၃) မိုင်ကျော်ခန့်ရှိသော ထန်းတပင်တောင်ရှိ ဘုရားစေတီဟောင်းနှင်‌့ ဘုန်းကြီးကျောင်းနေရာပတ်ဝန်းကျင်တောအုပ်သည် ရှေးနှစ်ပါင်းများစွာ တည်ထားခဲ့သော မြို့ဟောင်း နေရာတစ်ခုဖြစ်ရာ နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအနေဖြင်‌့ ပြန်လည်လေ့လာစိစစ်ဖော်ထုတ်ပြီး ထိန်းသိမ်းစောင်‌့ရှောက်ပေးနိုင်ခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

 

မိမိ၏မွေးရပ်ဇာတိ လှိုင်းဘွဲ့မြို့၏မြောက်ဘက်သုံးမိုင်ကျော်ကွာဝေးသော ထန်းတပင်တောင်ဟု ခေါ်သည့် စေတီဟောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ တည်ရှိသည့်နေရာတစ်ဝိုက်သည် လက်ရှိ လှိုင်းဘွဲ့မြို့မတည်မီ ရှေးဘုရင်များလက်ထက်ကတည်းက တည်ထောင်ခဲ့သော မြို့ဟောင်း တည်နေရာတစ်ခု ဖြစ်ပါကြောင်း၊ လှိုင်းဘွဲ့ဆိုသည်မှာ မွန်ဘာသာအရ လိုက်ပလွဲဟုခေါ်သည့် မှော်ပင်များပေါက်ရောက်နေသည့် အင်းရှိသောနေရာဟုသိရှိရပြီး‌ ပိုးကရင်ဘာသာအရ ပိုင်က လောင်ဒုံဟုခေါ်ပြီး ချောင်းများ၊ အင်းများပတ်လည်ဝိုင်းနေသော ခံတပ်မြို့ဟု သိရှိရပါကြောင်း၊ လက်ရှိမြို့မတည်ခင် မြို့ဟောင်းတည်ရှိရာ ထန်းတပင်တောင်ရှိသည့်နေရာသည် မြို့ဟောင်း တည်ထောင်ခဲ့သည့်အချိန် သုဝဏ္ဏဘူမိသထုံပြည် သာသနာသက္ကရာဇ် ၁၂၅ ခုနှစ်တွင်စိုးစံသော သုဝဏ္ဏရာဇာနှင့် မဟာဓမ္မဓဇမင်းတို့လက်ထက်တွင် လက်အောက်ခံအဖြစ် တည်ရှိခဲ့ပါကြောင်း၊ မြန်မာ့စွယ်စုံကျမ်း  အတွဲ (၁၂)၊ စာမျက်နှာ ၂၇၉ တွင် လှိုင်းဘွဲ့မြို့ဟောင်း သမိုင်းနှင့်ပတ်သက်ပြီး ဖော်ပြထားပါကြောင်း၊ သာသနာသက္ကရာဇ် ၁၆၁ ခုနှစ်၊ သထုံမြို့ပျက်ယွင်းချိန်တွင် လှိုင်းဘွဲ့မြို့စား သည် သထုံပြည်မှခွဲထွက်ပြီး သီးခြားမြို့ပြုခဲ့ကြောင်းနှင့် မုတ္တမမွန်မင်းဆက်ပြန်လည် တည်ထောင် ခဲ့သည့် ခရစ်သက္ကရာဇ် ၁၃၆၃ ခုနှစ်တွင် လက်အောက်ခံမြို့ ၃၂ မြို့တွင် လှိုင်းဘွဲ့မြို့ဟောင်းလည်း ပါဝင်ပါကြောင်း၊ အေဒီ ၁၅၈၁ ခုနှစ်၊ ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံပြီး နန္ဒဘုရင်လက်ထက်တွင် လက်အောက်ခံမြို့စား၊ နယ်စား၊ စော်ဘွားများပုန်ကန်လာကြပြီး အေဒီ ၁၅၈၃ ခုနှစ်တွင် ယိုးဒယား ဘုရင်ဗြရ်နရစ်က ဟံသာဝတီကို ဝန်းရံတိုက်ခိုက်ပြီး မုတ္တမကိုဆုတ်ခွာရာ အရှေ့ခြမ်းက လူများ ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည့်အခါ လှိုင်းဘွဲ့မြို့ဟောင်း၏ မင်းသားသုံးပါးတို့သည် ကျိုက် မုထော၊ ကျိုက်မုရာနှင့် ကျိုက်မုရွှေ့ဟုခေါ်သော စေတီသုံးဆူတည်ထားခြင်း မပြီးသေးဘဲ ဖမ်းဆီး ခေါ်‌ဆောင်ခံရပြီး မြို့ဟောင်းလည်း ဖျက်ဆီးခံရပါကြောင်း၊ မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် လှိုင်းဘွဲ့မြို့ဟောင်းသူကြီး ဒေါန၏ပြောကြားချက်အရ လှိုင်းဘွဲ့မြို့ဟောင်း၏ နယ်နိမိတ်အခြေအနေ များလည်းရှိကြောင်း သိရှိရပါကြောင်း၊ မိမိတင်ပြလိုသည်မှာ လှိုင်းဘွဲ့ မြို့ဟောင်းတည်နေရာကို မိမိတို့ငယ်စဉ်က လေ့လာရေး ခရီးမကြာခဏ သွားခဲ့ရသည့်အတွက် တောထဲတွင် စေတီပျက်များ၊ ဘုရားဆင်းတု အပျက်များ၊ ရှေးဟောင်းလက်ရာကြွေထည်၊ မြေထည်၊ အိုးခွက်ပန်းကန်ဟောင်းများ၊ အပျက်များအများအပြားနှင်‌့ အဆောက်အဦအုတ်ခွက် အများအပြားတွေ့ရှိခဲ့ရပြီး ရှေးပျူခေတ် လက်ရာအနေဖြင့် ဆင်တူပါကြောင်း၊ မိမိ၏မွေးရပ်ဇာတိ လှိုင်းဘွဲ့မြို့၏ မြို့ဟောင်းနေရာသည် ရှေးဘုရင်အဆက်ဆက် တည်ထားခဲ့သော မြို့ဟောင်း ဖြစ်သည့် ရှေးဟောင်းမြို့သူမြို့သားများ၏ ယဉ်ကျေးမှုအဆင်‌့အတန်းနှင့် နိုင်ငံနှင့်ပတ်သက်သော သမိုင်းကြောင်းများအား လူမသိသူမသိ ပျောက်ကွယ်နေပြီး သမိုင်းဝင်အထောက်အထား ပစ္စည်းများ ပျက်စီးပျောက်ဆုံးနေခြင်းကိုလည်း ပြန်လည်လေ့လာ ဆန်းစစ်ဖော်ထုတ်ခြင်းအားဖြင်‌့ နိုင်ငံ့သမိုင်းကြောင်း တစ်စိတ်တစ်ဒေသအတွက် အထောက်အထား၊ အထောက်အကူ ရနိုင်မည်ဖြစ်ပြီး ဒေသအတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိလာနိုင်မည်ဖြစ်သည့်အပြင် အိမ်နီးချင်းယိုးဒယားနိုင်ငံနှင့် ဆက်စပ်နေသော သမိုင်းကြောင်းများလည်း ဖော်ထုတ်လာ နိုင်မည်ဟု ယူဆပါကြောင်း၊ လက်ရှိတွင် လူအများအပြား နေထိုင်မှုမရှိသေးဘဲ ဘုရားစေတီနှင့် ဘုန်းကြီးကျောင်းသာ ရှိသေးသည့်အတွက် သမိုင်းဆိုင်ရာ အထောက်အထား၊ အချက်အလက်များ အများအပြားပျက်စီး ပျောက်ဆုံးမှု မရှိသေးသည့်အတွက် အချိန်မီလေ့လာထိန်းသိမ်း မဖော်ထုတ်နိုင် သေးသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ၎င်းမြို့ဟောင်းကို  ပြန်လည်ဖော်ထုတ် ထိန်းသိမ်းပေးနိုင်မည်ဆိုပါက နိုင်ငံအတွက်သာမက ဒေသဖွံ့ဖြိုးရေးအတွက်၊ ခရီးသွားလုပ်ငန်းအတွက်လည်း အကျိုးရှိလာနိုင်မည် ဖြစ်ပါကြောင်း၊

မိမိမေးမြန်းလိုသည်မှာ လှိုင်းဘွဲ့မြို့ဟောင်းတည်နေရာကို နိုင်ငံ့သမိုင်းယဉ်ကျေးမှု အမွေအနှစ်တစ်ခုအနေဖြင့် ပြန်လည်လေ့လာစိစစ်ဖော်ထုတ်ပြီး ထိန်းသိမ်းစောင်‌့ရှောက် ပေးနိုင်ခြင်းရှိ/မရှိ၊ ဆောင်ရွက် ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်၊ မဆောင်ရွက်ပေးနိုင်ပါက အကြောင်းအရင်း သိလိုပါကြောင်း မေးမြန်းပါသည်။


 

သာသနာရေးနှင်‌့ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ရှေးဟောင်းသုတေသနနှင်‌့ အမျိုးသားပြတိုက် ဦးစီးဌာန၊ ဘားအံဌာနခွဲကို အဆိုပါမေးခွန်းနှင်‌့ စပ်လျဉ်း၍ ကွင်းဆင်းသုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လှိုင်းဘွဲ့မြို့ဟောင်းတွင်တွေ့ရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းများမှာ မြေပုတီးစေ့၊ အုတ်ခွက်ဘုရားများ၊ မြေမီးဖုတ်၊ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်များ၊ မြေဆေးတံများ၊ ကြေး ခေါင်းလောင်းတစ်လုံး၊ မြေမီးဖုတ်အုတ်ချပ်များနှင်‌့ စဉ့်အိုးကြီးတစ်လုံးတို့ကို တွေ့ရှိခဲ့ရပြီး အုတ်ခွက် ဘုရားများမှာ ကော့ကွင်းဂူမှာတွေ့ရှိရသော အုတ်ခွက်များနှင်‌့လည်းကောင်း၊ ညောင်ရမ်းခေတ်နှင့်လည်းကောင်း ဆင်တူသည့်အုတ်ခွက်များဖြစ်ကြောင်း လေ့လာတွေ့ရှိ ရပါကြောင်း၊ လှိုင်းဘွဲ့မြို့ဟောင်းသည် သဘာဝတောင်ကုန်းများကို အကာအကွယ်၊ အရံအတားယူပြီး မြို့ကိုတည်ထားပြီး တောင်ခြေတွင် ကျုံးပတ်လည်ဝိုင်းထားသော မြို့ဟောင်းဖြစ်ခြင်း၊  မုတ္တမ ၃၂ မြို့မှ အရံမြို့တစ်မြို့ဖြစ်ပြီး မင်းနေပြည်တော်မြို့ဟောင်းကြီးတစ်ခု မဟုတ်သော်လည်း စနစ်တကျစုစည်းနေထိုင်ခဲ့သော ပဒေသရာဇ်လူ့အဖွဲ့အစည်းတစ်ခုဖြစ်သည်ကို လေ့လာတွေ့ရှိခဲ့ရပါကြောင်း၊ သာသနာရေးနှင်‌့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင်‌့ အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့်  ရှေးဟောင်း အဆောက်အဦများကို ရှေးဟောင်းတန်ဖိုး၊ သမိုင်းတန်ဖိုး၊ ဗိသုကာတန်ဖိုးနှင်‌့ မြို့ဟောင်းနေရာတွင် ယဉ်ကျေးမှုအမွေအနှစ်များ ကျန်ရှိသည့် အခြေအနေပေါ် မူတည်ပြီးလည်းကောင်း၊ ရန်ပုံငွေရရှိမှုအပေါ် တွင်လည်းကောင်း ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုတင်ပြသော လှိုင်းဘွဲ့မြို့ဟောင်း သည်  အထက်ဖော်ပြပါ လေ့လာတွေ့ရှိချက်များအရ ဦးစားပေးထိန်းသိမ်းရမည့်စာရင်းတွင် မပါရှိပါသဖြင်‌့ ယဉ်ကျေးမှု အမွေအနှစ်ကာကွယ် ထိန်းသိမ်းရေးဇုန်အဖြစ် ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ သို့ပါသော်လည်း အဆိုပါနေရာသည် သက်တမ်းနှစ် ၁၀၀ ကျော်သည်‌့ မြို့ဟောင်းနေရာ ဖြစ်သောကြောင့် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၄၃) အရ ၂၀၁၅ ခုနှစ်၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၅၁)၊ ရှေးဟောင်းအဆောက်အဦများ ကာကွယ်ထိန်း သိမ်းရေး ဥပ‌ဒေများအရ ထိန်းသိမ်းကာကွယ်ထားပြီး ဖြစ်ပါကြောင်း ဖြေကြားပါသည်။

 

သာသနာရေးနှင်‌့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း