Skip to main content

 

မြန်မာနိုင်ငံတွင် ၂၉-၆-၂၀၁၈ ရက်နေ့ထိ ပြဋ္ဌာန်းဥပဒေပေါင်းက ၃၉၇ ခုရှိပြီး ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လပေါင်း ၃၀ အစီရင်ခံစာအရ ဥပဒေ ၇၁ ခုရှိသည့်အတွက် ယခု မိမိတို့ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းဥပဒေပေါင်းက ၄၆၈ ခုရှိပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံကို ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းအဖြစ် ထူထောင်ချင်လျှင် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများ၊ နိုင်ငံအတွင်း ပြဋ္ဌာန်းဥပဒေများကိုသိရှိပြီး လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားများက ဥပဒေကိုသိရှိပြီး လေးစားလိုက်နာရန်အတွက် နိုင်ငံတော်အစိုးရများတွင် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရဆိုသည့်နေရာတွင်လည်း နိုင်ငံတော်အစိုးရ၏ လက်အောက်ခံဝန်ကြီးဌာနနှင့် ဦးစီးဌာနအသီးသီးကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ လက်အောက်ခံဌာနနှင့် ဦးစီးဌာနများက မိမိတို့ဌာနက တာဝန်ယူကျင့်သုံးသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ညွှန်ကြားချက်များကို ပြည်သူများက အသိပညာပေးခြင်း၊ မိမိတို့ဌာနက ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ပြည်သူများက အသိပညာပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် တိုးတက်သည့် မီဒီယာခေတ်နှင့်အညီ နည်းပေါင်းစုံဖြင့်လည်း ပြည်သူများကို ဥပဒေအသိပညာ ပေးနိုင်ပါကြောင်း၊

ဤမေးခွန်းကို မေးသည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့တော်များတွင် နေ့ခင်းကြောင်တောင် ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့အင်အားက ၇၀၀၀၀ ကျော်သာရှိပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြည်သူ ၁၃၀၀ ကို တာဝန်ယူ စောင့်ကြည့်နေရပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်အင်အားနည်းသဖြင့် တရားလွှတ်တော်ရှေ့နေ ဆရာဦးကိုနီ၏ လူသတ်မှုတွင် တာဝန်သိ ပြည်သူတစ်ဦးဖြစ်သည့် ဦးနေဝင်းက တရားခံကို ဖမ်းပေးရသည်ဆိုတာကို ပြည်သူများအသိပင် ဖြစ်ပါကြောင်း၊

ထို့ကြောင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြစ်ဒဏ်အားဖြင့် မည်ကဲ့သို့ရှိကြောင်း သိရှိမည်ဆိုပါက မူးယစ်ဆေးဝါးမှု၊ လျှော့နည်းပြီး ပပျောက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် အမျိုးသမီးတစ်ဦးကို မည်ကဲ့သ့ိုပြုလုပ်လျှင် ယင်းပြစ်မှု၏ ပြစ်ဒဏ်များကို သိရှိလျှင် မုဒိမ်းမှုနှင့်အမျိုးသမီးများ အကြမ်းဖက်ခံရမှု လျော့နည်းပပျောက် သွားမည်ဖြစ်ပါကြောင်းနှင့် လူတစ်ယောက်ကို မည်ကဲ့သို့ပြုလုပ်လျှင် နာကျင်မှုမြောက်ပြီး မည်သို့ပြုလုပ်လျှင် လူသတ်မှုမြောက်ကြောင်း ပြစ်မှုနှင့်ပြစ်ဒဏ်များကို သိရှိမည်ဆိုလျှင် အုပ်စုလိုက်ရိုက်ပွဲများ၊ လူသတ်မှုများ လျော့နည်းပပျောက် သွားမည်ဖြစ်ပါကြောင်း၊ ယခုလိုပြည်သူများကို ဥပဒေအသိပညာပေးခြင်းဖြင့် ပြည်သူများက ဥပဒေ၏ကောင်းကျိုးဆိုးဖြင့် ဥပဒေ၏အတိမ်အနက်ကို သိရှိပြီး နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးမှု ရှိလာမည်ဟု ယုံကြည်ပါကြောင်း၊

မိမိတို့ တရားရေးလောကတွင် ဆိုရိုးစကားတစ်ခုရှိပါကြောင်း၊ ၎င်းသည် ဥပဒေကို မသိသဖြင့် ကျူးလွန်မိပါသည်ဆိုပြီး ခုခံချေပချက်အပေါ် ဥပဒေကကင်းလွတ်ပေးမည် မဟုတ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတော်အတွင်း ဥပဒေအထောက်အကူ ပြုရေးအဖွဲ့များ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များ ပေါ်ပေါက်လာပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို ပြည်သူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး အပါအဝင် ဝန်ကြီးဌာနများအနေဖြင့် မိမိတို့စီမံခန့်ခွဲသည့် ဥပဒေများကို ပြည်သူများ သိရှိလိုက်နာရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ Website နှင့် Facebook စာမျက်နှာများတွင် စီမံခန့်ခွဲသည့်ဥပဒေ၊ နည်းဥပဒေ၊ ဝန်ကြီးဌာန၏ နောက်ခံသမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ မူဝါဒ၊ ရည်မှန်းချက်၊  လုပ်ငန်းဆောင်ရွက်ချက်များ ပြည်သူလူထုသိရှိသင့်သည့် အကြောင်းအရာ၊ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ထားရှိပြီး ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင်ရှိသည့် သက်ဆိုင်ရာဦးစီးဌာနများကလည်း မိမိတို့၏ Website များတွင် အလားတူ ထုတ်လွှင့်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်ထုတ်သည့် နိုင်ငံပိုင်သတင်းစာများနှင့် မြန်မာနိုင်ငံပြန်တမ်းတွင်လည်း နိုင်ငံတော်က ပြဋ္ဌာန်းသည့်ဥပဒေများ၊ နည်းဥပဒေများ၊ ဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို အစဉ်ဆက်မပြတ် ထုတ်လွှင့်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနများက သတင်းပြန်ကြားရေး တာဝန်ခံများထားရှိပြီး လူပုဂ္ဂိုလ်သတင်းဌာနများ၏ မေးမြန်းခြင်း/ဖြေကြားခြင်းဖြင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များကို ပြည်‌ထောင်စုဝန်ကြီးဌာနများနှင့် ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင်ရှိသည့် ဦးစီးဌာန၊ ဌာနခွဲများက သက်ဆိုင်ရာ ဒေသအလိုက် အများပြည်သူထံ အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဖိုရမ်များကျင်းပပြုလုပ်၍လည်းကောင်း၊ ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ အသိပညာပေးစာအုပ်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြင့်လည်းကောင်း၊ အထိမ်းအမှတ်နေ့အလိုက် ကျင်းပသည့်အခမ်းအနားတွင် ဟောပြောပွဲများ ပြုလုပ်၍လည်းကောင်း၊ ဥပဒေဆိုင်ရာသတင်းများ၊ ဆောင်းပါးများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပြုလုပ်သည့် စကားဝှက် ဆွေးနွေးပွဲများကို ပုံနှိပ်မီဒီယာနှင့် ဆိုရှယ်မီဒီယာများမှ ဖော်ပြခြင်းဖြင့်လည်းကောင်း၊ အများပြည်သူဆိုင်ရာ နေရာနှင့် သက်ဆိုင်ရာဌာနများတွင် ကြော်ငြာသင်ပုန်းများဖြင့် ဖော်ပြခြင်းဖြင့် လည်းကောင်း၊ ရပ်ရွာလူထုအတွင်း သွားရောက်ပြီး ပြည်သူ့စကားဝိုင်းများ ပြုလုပ်၍လည်းကောင်း၊ နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးများကို ဆောင်ရွက်လျက် ရှိသည့်အပြင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြုလုပ်သည့် ပြည်နယ်နေ့များ၊ အထိမ်းအမှတ်နေ့တွင် လည်းကောင်း၊ ကလေးသူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်တွင်လည်းကောင်း၊ ဝန်ကြီးဌာနအလိုက် ပြခန်းများခင်းကျင်း ပြသပြီး ဥပဒေရေးရာအသိပညာပေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဝန်ကြီးဌာနအသီးသီး၏ ဥပဒေရေးရာအသိပညာပေးရေး လုပ်ငန်းများ၏ ဆောင်ရွက်ချက်များမှာ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပြီး အများပြည်သူ ဝန်ဆောင်မှု ကြေညာချက် (Public Service Announcement) မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အပါအဝင် ထုတ်ပြန်ချက်များ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ခြင်းတို့အပြင် ဇာတ်လမ်းများ၊ ဟောပြောချက်များ ပညာပေးအစီအစဉ်များကို ထုတ်လွှင့်ခြင်း၊ ခရိုင်နှင့်မြို့နယ်အလိုက် စာကြည့်တိုက်များကို လူထုအခြေပြုဗဟိုဌာနများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ပြည်သူ့စကားဝိုင်းများ ကျင်းပခြင်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း ပုဂ္ဂလိက ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များကို ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် သိရှိလိုက်နာသင့်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားစာ ထုတ်ပြန်ထားရှိမှုများကို သင်တန်းများဖွင့်လှစ်ပြီး ဆွေးနွေး ပို့ချလျက် ရှိပါကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးများတွင် အခွန်ထမ်းများကိုရှင်းလင်းခြင်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းများတွင် အခွန်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာသင်တန်းများ၊ Agent သင်တန်းများတွင် ဌာနကကျင့်သုံးသည့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို ပို့ချခြင်း၊ မြို့နယ် အကောက်ခွန် ဦးစီးဌာနရုံးများ၊ One Stop Service စစ်ဆေးရေးစခန်းများ၊ အမြဲတမ်းစစ်ဆေးရေး စခန်းများတွင် အများပြည်သူကို အသိပညာပေးရေး ရှင်းလင်းခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းပြီး ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး၊ ကလေးသူငယ် အခွင့်အရေး၊ ကလေးသူငယ်နှင့် နည်းဥပဒေများ၊ အသိပညာပေးရေးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အသိပညာ ပေးသင်တန်းများ၊ ဖွင့်လှစ်ပို့ချချက်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်ဆိုလျှင်လည်း မြန်မာနိုင်ငံပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေနှင့်စပ်လျဉ်းပြီး အရေးကြီးသည့် အချက်အလက်များကို အများပြည်သူသိရှိရန်အတွက် နိုင်ငံတော်သတင်းစာများနှင့် မဂ္ဂဇင်းစာစောင်များတွင် ရေးသားဖော်ပြလျက် ရှိပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့်လည်း အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရဆက်ဆံရေး ပိုမိုကောင်းမွန် လာစေရန် မျှတသည့်လုပ်ငန်းခွင် ဆက်ဆံရေးစနစ် ကျင့်သုံးလာစေရန် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကို အသိပညာပေး ဆွေးနွေးလျက်ရှိပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့်လည်း တည်ဆဲဥပဒေများကို လိုက်နာကျင့်သုံးသည့် နေရာတွင် ဆောင်ရွက်ရမည့် ဌာနများက ကောင်းမွန်စွာသိရှိနားလည်ရန် ဌာနတွင်း သင်တန်းများ၊ ဆွေးနွေးပွဲများပြုလုပ်ပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပညာပေးဆွေးနွေး ပွဲများကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့်လည်း မြန်မာနိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ လျော့နည်းစေရေး၊ ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေစွာ ပြုမူနေထိုင်ရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတများ ပြန့်ပွားရေးတို့အတွက် ပတ်ဝန်းကျင်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို အများပြည်သူ သိရှိအောင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အသိပညာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေနှင့် ပတ်သက်၍လည်း သတ္တုလုပ်ငန်းရှင်များအသင်း လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများကို ဖိတ်ကြားပြီး ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ကွက်ရှိသတ္တုတွင်း လုပ်သားများ၊ လုပ်ကွက်တည်ရှိရာ ပတ်ဝန်းကျင်ရှိပြည်သူများ၊ သတ္တုတွင်းဆိုင်ရာ ကိစ္စရပ်များကို ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သိရှိနိုင်အောင် ဆွေးနွေးခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ကြီးကြပ်မှုအောက်တွင်ရှိသည့် ဥပဒေရုံးအဆင့်ဆင့်တွင် ဥပဒေအရာရှိများကလည်း စာသင်ကျောင်းများ၊ တက္ကသိုလ်များတွင် ဥပဒေရေးရာဟောပြောပွဲများကို အခါအားလျော်စွာ ကျင်းပပြီး ပညာပေးဖြန့်ဖြူးရေး လုပ်ငန်းများဆောင်ရွက်လျက် ရှိပါကြောင်း၊ သက်ဆိုင်ရာ ဒေသတွင်ရှိသည့် အစိုးရဌာနအဖွဲ့အစည်းများက ကျင်းပသည့် အထိမ်းအမှတ် ဟောပြောပွဲများတွင် ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲ၊ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများက ဆောင်ရွက်သည့် ဥပဒေရေးရာအသိပေး ဟောပြောပွဲများတွင်လည်း ပါဝင်ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်သည့် နေရာတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုကာကွယ်တားဆီးရေး၊ ကလေးသူငယ် အခွင့်အ‌ရေးနှင့် ကလေးသူငယ်များအပေါ် ပြစ်မှုကျူးလွန်ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးရေး၊ စားသုံးသူအကာအကွယ်ပေးရေးစသည်များ အပါအဝင် ရာဇဝတ်မှုများလျော့နည်း ပပျောက်ရေးအတွက် သက်ဆိုင်သည့် အကြောင်းအရာများပါဝင်ပြီး ‌ဟောပြောဆွေးနွေးခဲ့ပါကြောင်း၊

ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် အများပြည်သူများ ဥပဒေဗဟုသုတတိုးပွားရန်အတွက် ရည်ရွယ်ပြီး ကဏ္ဍအလိုက် ဥပဒေစကားဝိုင်း ဆွေးနွေးပွဲကျင်းပသည့် နေရာတွင် ၄-၁၀-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲတို့မှ တာဝန်ရှိသူများပါဝင်သည့် ပြည်သူအတွက် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးဆိုသည့် စကားဝိုင်းဖြင့် ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါ ဆွေးနွေးချက်ကိုလည်း MRTV ၊ MNTV ၊ MWD တို့တွင်လည်း ထုတ်လွှင့်ပြီး မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာများတွင် ဖော်ပြခဲ့ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေအရာရှိများ ပါဝင်သည့် ဆွေးနွေးပွဲစကားဝိုင်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေရုံးအဆင့်ဆင့်၊ လုပ်ငန်းတာဝန်များအကြောင်း၊ ဆက်သွယ်ရေး ဥပဒေအကြောင်း၊ သက်ငယ်မုဒိမ်းမှုအကြောင်း၊ စာချွန်တော်လျှောက်ထားခြင်းအကြောင်းဆိုသည့် ခေါင်းစဉ်များဖြင့် ဥပဒေစကားဝိုင်းဆွေးနွေးချက်များကို MRTV ၊ MNTV ၊ MWD တို့မှ ထုတ်လွှင့်ပေးသည့် အပြင် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာများတွင်လည်း ဖော်ပြခဲ့ပါကြောင်း၊ ဆက်လက်ပြီး ဥပဒေပညာပေး အစီအစဉ်များကို ဆက်လက်ထုတ်လွှင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိသည့်အပြင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ကနေပြီး ဖွဲ့စည်းပေးထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်တွင်ရှိသည့် အဖွဲ့ခွဲများကလည်း တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍနှင့် စပ်လျဉ်းပြီး အများပြည်သူကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တရားဥပဒေစိုးမိုး‌ရေး ပိုမိုတိုးတက် ကောင်းမွန်လာစေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ရည်ရွယ်ပြီး ရှေ့နေချုပ် ရုံးအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီနှင့် ပူးပေါင်းအကူအညီယူပြီး မြန်မာဥပဒေသတင်း အချက်အလက်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ ပြည်သူများအနေဖြင့် မိမိတို့သိရှိလိုသည့် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များက ထုတ်ပြန်ပြဋ္ဌာန်းသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို အင်တာနက်မှတစ်ဆင့် ကွန်ပျူတာဖြင့်ဖြစ်ဖြစ်၊ မိုဘိုင်းဖုန်းဖြင့်ဖြစ်ဖြစ် အလွယ်တကူ ကြည့်ရှုနိုင်ပြီဖြစ်ပါကြောင်း၊ ဆက်လက်ပြီး အရေးကြီးသည့် ဥပဒေများ၏ အနှစ်သာရများကို လွယ်လွယ်ကူကူ သိရှိနိုင်အောင် ထုတ်လွှင့်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ နိုင်ငံတော်တွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများကို ပြည်သူများ သိရှိနိုင်ရေးနှင့် ဥပဒေအသိပညာများ ပြန့်ပွားရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဝန်ကြီးဌာန အဖွဲ့အစည်းများသည် အစဉ်တစိုက် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့်ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။