Skip to main content

 

အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး သီပေါမင်းနှင့်မိဖုရား စုဘုရားလတ်တို့ကို အိန္ဒိယနိုင်ငံရတနာဂီရိသို့ ပို့ဆောင်ထားခဲ့ပါကြောင်း၊ သီပေါမင်းက ရတနာဂီရိတွင် နတ်ရွာစံခဲ့ပြီး စုဖုရားလတ်သည် ရန်ကုန်တွင် နတ်ရွာစံသည်မှာ ရွှေတိဂုံဘုရား၏ တောင်ဘက်တွင် ယနေ့အချိန်ထိ စုဖုရားလတ်၏ အုတ်ဂူရှိပါကြောင်း၊ သို့သော် လူသိသူသိနည်းပါးနေသော အချက်လေးတစ်ချက် ကျန်ရှိနေသေးပါကြောင်း၊ မန္တလေးမြို့ကို သိမ်းပိုက်ပြီးသည့်နောက် အင်္ဂလိပ်တို့က ၎င်းတို့ကိုပြန်လည်ပြီး ရန်ပြုနိုင်မည့်သူများကို ဖမ်းဆီးပြီး ရန်ကုန်မြို့နှင့် မြိတ်မြို့များသို့ ပို့ဆောင်ပြီးနောက် ၎င်းမြို့များတွင် နေအိမ်အကျယ်ချုပ်ဖြင့် ချထားပြီးနောက် စောင့်ကြည်‌့အကဲခတ်ခဲ့ပါကြောင်း၊ ထိုအချိန်မှစ၍ မင်းတုန်းမင်း၊ သီပေါမင်းစသည်တို့၏ ဆွေတော်မျိုးတော်များသည် အသက်တော်များကြီးရင့်ပြီး ရန်ကုန်မြို့နှင့်မြိတ်မြို့များတွင် ကံတော်ကုန်ခဲ့ကြပါကြောင်း၊ ၎င်းတို့၏ ဂူသင်္ချိုင်းများသည် ငါးထပ်ကြီးဘုရားအနီး တစ်ဝိုက်တွင် ရှိသည့်အတွက် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်း စောင်‌့ရှောက်မည့်သူမရှိသဖြင့် ဖြိုဖျက်ခြင်းခံရပြီး ပျောက်ကွယ် သွားခဲ့ရပါကြောင်း၊ ပျောက်ကွယ်သွားခဲ့သည့် အုတ်ဂူများက ညောင်ရမ်းထိပ်တင်ကလေး၊ ညောင်အုပ်ထိပ်ရှင်တင်ကလေး၊ မင်းပင်မင်းသားကြီး၊ သုံးဆယ်ထိပ်တင်ကလေး၊ သရစိမ်းမိဖုရားကြီး၊ လင်းပန်မိဖုရား၊ သက်ပန်မိဖုရား၊ ကောလင်းမင်းသား၊ ကျပင်းမင်းသား၊ ပြိုင်တန်းထိပ်ခေါင်တင်၊ နောင်မွန်ထိပ်တင်ကလေးစသည့် စုစုပေါင်းအုတ်ဂူ ၁၁ လုံးသည် လုံးဝမရှိတော့ပါကြောင်း၊ ယခုကျန်ရှိနေသည့် အုတ်ဂူများသည်လည်း အိမ်ကြိုအိမ်ကြားတွင် ရောက်ရှိနေပြီး မကြာမီပျောက်ကွယ် သွားမည်ကို စိုးရိမ်ရပါကြောင်း၊

မြန်မာ့မြေတွင် ကျရှုံးခဲ့ရသည့် မဟာမိတ်စစ်သင်္ချိုင်းများကို မြန်မာနိုင်ငံတွင် တစ်မြတ်တစ်နိုး ထိန်းသိမ်းထားပါကြောင်း၊ ဥပမာအားဖြင့် ထောက်ကြံ့စစ်သင်္ချိုင်းနှင့် သရက်မြို့က တူရကီစစ်သင်္ချိုင်းတို့ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလို မြန်မာတို့၏ ကုန်းဘောင်မင်းဆက် ဆွေတော်မျိုးတော်များကို တန်ဖိုးထားသောအားဖြင့် ထိုအုတ်ဂူများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထိန်းသိမ်းစောင့်ရှောက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ကုန်းဘောင်ခေတ် ဘုရင့်ဆွေတော်မျိုးတော်များ၏ အုတ်ဂူသင်္ချိုင်းသည် ရန်ကုန်မြို့ငါးထပ်ကြီးနားအနီး စာအုသွင်၏ တန်ဆောင်းလှေကားဘေးတွင် တည်ရှိပြီး မြန်အောင်ကျောင်းတိုက်နှင့်ကပ်လျက် ကျိုက်ထီးရိုးစေတီကျောင်း၊ ဝဲပြန်စာသင်တိုက်၏ မျက်နှာချင်းဆိုင်တွင် တည်ရှိပါကြောင်း၊ ကုန်းဘောင်ခေတ် ဘုရင့်ဆွေတော်မျိုးတော်များ၏ အုတ်ဂူသင်္ချိုင်းတွင် အုတ်ဂူပေါင်းအလုံး ၂၀ ရှိပြီး ပြည်ထဲရေးဝန်ကြီး ဟောင်းဖြစ်သည့် စာအုသာ၏ အုတ်ဂူအပါအဝင် ဆွေတော်မျိုးတော်များ၏ အုတ်ဂူ ၆ လုံးနှင့် ကျန်အုတ်ဂူများတွင် ပြင်ပပုဂ္ဂိုလ်များ၏ အုတ်ဂူများဖြစ်ကြပါကြောင်း၊ ဆွေတော်မျိုးတော်များ၏ အုတ်ဂူ ၆ လုံးအနက် မင်းတုန်းမင်းတရားကြီး၏ သမီးတော်၊ မင်းတပ်ထိပ်ခေါင်တင်၏ အုတ်ဂူသည် ဘုံဆင့်ကနုတ်ပန်းပါ အုတ်ပြာသာဒ်ဂူဖြစ်ပြီး ကျန်အုတ်ဂူများတွင် မည်သည်‌့လက်ရာမှ ပါရှိခြင်းမရှိသည့် အုတ်ဂူများဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဆွေတော်မျိုးတော်များ၏ အုတ်ဂူ ၆ လုံးတွင်ရှိသည့် ကမ္ဗည်းစာပါ အချက်အလက်များနှင်‌့ အတိုင်းအတာများမှာ မင်းတုန်းမင်းတရားကြီး၏ သမီးတော်မင်းတပ် ထိပ်ခေါင်တင်သည် ၅-၆-၁၉၆၆ ခုနှစ်၊ သက်တော် ၁၀၃ နှစ်တွင် ကွယ်လွန်ခဲ့သည့်အတွက်ကြောင်‌့ အုတ်ဂူ၏သက်တမ်းမှာ ၅၂ နှစ်ခန့် ရှိနေပြီဖြစ်ပါကြောင်း၊ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ မြေးတော် ပင်လယ်ထိပ်ခေါင်တင်ကြီးသည် ၁၃၁၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် သက်တော် ၈၁ နှစ်တွင် ကွယ်လွန်ခဲ့ပါကြောင်း၊ အကြမ်းအားဖြင်‌့ အုတ်ဂူ၏သက်တမ်းသည် ၆၃ နှစ်ရှိနေပြီဖြစ်ပါကြောင်း၊ ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်း မင်းတရားကြီး၏မြေးတော် သုသီရိနန္ဒသတီ (ခ) ပင်လယ်ထိပ်ခေါင်တင်ကလေးသည် ၁၃၂၂ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် သက်တော် ၈၃ နှစ်တွင် ကွယ်လွန်ခဲ့သည့်အတွက် အုတ်ဂူ၏သက်တမ်းသည် ၅၈ နှစ်ခန့် ရှိပြီဖြစ်ပါကြောင်း၊ အိမ်ရှေ့မင်းတရားကြီး၏ မြေးတော်မြင်းမူထိပ်ခေါင်တင် ဘုရား၏သားတော် မောင်မောင်ထိပ်တင်သည် ၁၃၁၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက် သက်တော် ၈၀ ချိန်တွင် ကွယ်လွန်ခဲ့သည့်အတွက် အုတ်ဂူ၏ သက်တမ်းသည် ၆၇ နှစ်ခန့် ရှိပြီဖြစ်ပါကြောင်း၊ ညောင်အုပ်မင်းသမီးထိပ်တင်ချိုသည် ၁၃၀၀ ပြည့်၊ နတ်တော်လဆန်း ၄ ရက် သက်တော် ၅၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည့်အတွက် အုတ်ဂူ၏ သက်တမ်းသည် အနှစ် ၈၀ ခန့်ရှိပြီဖြစ်ပါကြောင်းနှင့် မင်းတုန်းမင်းတရားကြီး၏ မြေးတော်ညောင်အုပ် မင်းသားကြီး၏ သမီးညောင်အုပ်ထိပ်တင်စိုးသည် ၁၃၁၁ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် သက်တော် ၄၇ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည့် အတွက်ကြောင်‌့ အုတ်ဂူ၏သက်တမ်းသည် ၆၉ နှစ်ရှိပြီဆိုသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ဘုရင့်ဆွေတော်မျိုးတော်များ၏ အုတ်ဂူ ၆ လုံးကို လွန်ခဲ့သော ၁၈ နှစ်ခန့်က မည်သူမျှ လာရောက်ပြုပြင်ခြင်း မရှိခဲ့သော်လည်း ယခုနှစ် သီတင်းကျွတ်လပြည့်နေ့ မတိုင်မီက အောက်မြန်မာပြည်  ဆွေတော်မျိုးတော်အသင်းမှ လာရောက်၍ ယိမ်းယိုင်နေသော အုတ်ဂူများတည်‌့မတ်ခြင်း၊ ဆေးဖြူသုတ်ခြင်းစသည်‌့ ထိန်းသိမ်းပြုပြင်မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘုရင့်ဆွေတော်မျိုးတော်များ၏ အုတ်ဂူများ ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ ဆွေတော်မျိုးတော်များ အသင်းမှ ဆောင်ရွက်ခြင်းမှာ သင်‌့လျော်ပါကြောင်းနှင့် ဌာနအနေဖြင်‌့မူ ဗိသုကာတန်ဖိုး၊ သမိုင်းတန်ဖိုး၊ အနုပညာလက်ရာတန်ဖိုး၊ ခေတ်ကာလတန်ဖိုးမြင့်မားသည့် ရှေးဟောင်းအဆောက်အဦများကို ဦးစားပေးထိန်းသိမ်းနေရသဖြင်‌့ ဆွေတော်မျိုးတော်များ၏ အုတ်ဂူများအား ထိန်းသိမ်းရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမင်းသိန်း (တောင်တွင်းကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိ၏ မေးခွန်းနှင့် ပတ်သက်၍ ယခု ကျွန်တော်တို့ ကျန်ရစ်နေသော  အုတ်ဂူ ၆ လုံးသည် နောက်ဆုံး  မပျောက်မပျက်ဘဲ ကျန်နေသည့် လက်ကျန်အုတ်ဂူများ ဖြစ်ပါကြောင်း၊ အဆိုပါ ဂူ ၆ လုံးကလည်း အတိုင်းအတာကို ကြည်‌့သည့်အခါ ထုထည်အားဖြင်‌့ ကြီးကြီးမားမားမဟုတ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဘတ်ဂျက်မှ ငွေကြေးမြောက်မြားစွာ အကုန်အကျခံပြီး ထိန်းသိမ်းစရာ မလိုအပ်ပါကြောင်း၊ သံဆူးကြိုးဖြင့်ကာခြင်း၊ သွပ်မိုးခြင်း၊ ဆေးပြန်လည်သုတ်ခြင်းများကို ဒုတိယဝန်ကြီးဖြေသွားသကဲ့သို့ ဗိသုကာတန်ဖိုး၊ အနုပညာတန်ဖိုးရှိသည့် အဆောက်အဦကြီးများ မဟုတ်သော်လည်း ဇာတိမာန်တန်ဖိုး ရှိနေသည့်အတွက် သတိပြုစေချင်ပါကြောင်း၊ ယခင်ကလည်း ထိန်းသိမ်းမှု မရှိခဲ့သည့်အတွက်ကြောင်‌့ မိမိတင်ပြခဲ့သည့် ဂူ ၁၁ လုံးပျောက်ကွယ်သွားပြီး ယခုကျန်ရစ်နေသည့် ဂူ ၆ လုံးကို ဆွေတော်မျိုးတော်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး နောင်အနာဂတ်ကာလတွင် ထိန်းသိမ်းစောင်‌့ရှောက်ရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သာသနာရေးနှင်‌့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း

သံဆူးကြိုးလေး လေးဘက်လေးလံခတ်ခြင်း၊ သွပ်မိုးခြင်း၊ ဆေးပြန်သုတ်ခြင်းများကို ဆောင်ရွက်မည် ဆိုပါက ရှေးဟောင်းအဆောက်အဦများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ ဖြစ်မှသာလျှင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့မဟုတ်ပါက ငွေကြေးသုံးစွဲမှုမှာ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်မညီ ဖြစ်နိုင်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးက လက်ရှိတည်ရှိနေသော အနွှယ်တော်အုတ်ဂူ ၆ လုံး အား ပျောက်ကွယ် ပျက်စီးသွားသော အုတ်ဂူ ၁၁ လုံး ကဲ့သို့မဖြစ်ရအောင် ဌာနမှထိန်းသိမ်း စေလိုကြောင်းနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင်‌့ အမျိုးသား ပြတိုက်ဦးစီးဌာနသည် ဥပဒေအရ အနှစ် ၁၀၀ နှင်‌့အထက် သက်တမ်းရှိသော အဆောက်အဦများကိုသာ ရှေးဟောင်းအဆောက်အဦအဖြစ် သတ်မှတ်၍ ထိန်းသိမ်းစောင်‌့ရှောက်ခွင်‌့ရှိပါကြောင်း၊ ထိုသို့ ရှေးဟောင်း အဆောက်အဦအဖြစ် သတ်မှတ်၍ ထိန်းသိမ်းစောင်‌့ရှောက်မည်ဆိုပါက ရှေးဟောင်း အဆောက်အဦများ ကာကွယ်ထိန်းသိမ်းရေး နည်းဥပဒေ ၂၂ နည်းဥပဒေခွဲ (က) အရ ရှေးဟောင်းအဆောက်အဦ၏ ပေ ၁၂၀ ပတ်လည်မြေဧရိယာတွင် အခြားမည်သည့် အဆောက်အဦမှ တည်ဆောက်ခွင်‌့ ရှိတော့မည် မဟုတ်ပါကြောင်း၊ အကယ်၍ ရှေးဟောင်းအဆောက်အဦများ ကာကွယ်ထိန်းသိမ်း ရေးနည်းဥပဒေ ၄ နည်းဥပဒေခွဲ (ဃ) အရ နိုင်ငံတော်ပိုင် အဆောက်အဦဖြင်‌့ဌာနကို အပ်နှံလိုပါက သက်ဆိုင်ရာမိသားစုမှ လက်ရှိအုတ်ဂူများ၏ မြေပိုင်ဆိုင်မှုသည် အရှုပ်အရှင်းကင်းရန်လည်း လိုအပ်ပါကြောင်း၊ ဆွေတော်မျိုးတော်များမှ နိုင်ငံတော်သို့အပ်ရန် သဘောတူညီမှုများလည်း လိုအပ်မည် ဖြစ်ပါကြောင်း၊ ယခု မိမိတင်ပြသည့် အခြေခံအချက်အလက်များနှင့် ကိုက်ညီပါက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ လျှောက်ထားနိုင်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။

သာသနာရေးနှင်‌့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း