Skip to main content

 

အမ်းမြို့နယ်၊ ရူးကျေးရွာရှိ ရူးချောင်းရေတားတာပေါင်ပြုလုပ်ပေးရန် အမ်းမြို့ငွေသဇင်ဖြိုးကုမ္ပဏီအား ငွေကျပ် ၁၅၃ သန်းပေးအပ်၍ လုပ်ငန်းဆောင်ရွက်စေခြင်းမှာ မှန်ပါသလား၊ ကျိုးပေါက်သွားသော ရူးချောင်းရေတားတာပေါင်အား စာချုပ်ပါစည်းကမ်းများအတိုင်း အချိန်မီ ပြန်လည်ပြုပြင်နိုင်ခြင်း ရှိ/မရှိ၊ အချိန်မီပြန်လည်ပြုပြင်ပေးနိုင်ခြင်းမရှိပါက အမှန်တကယ် အရေးယူမှုရှိ/မရှိနှင့် ရူးကျေးရွာ ရေတိုက်စားခြင်းမှ ကာကွယ်နိုင်ရန် ကျောက်စီမြေထိန်းနံရံ ၁၇၅၀ ပေ ပြုလုပ်ပေးခြင်းအတွက် ငွေကျပ် ၁၃၀ သန်းခွင့်ပြုကြောင်း ဖော်ပြထားသော်လည်း ကျောက်စီမြေထိန်းနံရံပြုလုပ်မည့် မြေသားတာပေါင် အခိုင်အမာမရှိသည်ကို သိပါသလားတို့နှင့်  စပ်လျဉ်းသည့်မေးခွန်း

 

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေသဇင်ဖြိုး ကုမ္ပဏီကို ဒီရူးချောင်းတာပေါင် ရေတားတာပေါင်ပြုလုပ်ရန် အလုပ်အပ်ခဲ့ပါကြောင်း၊ ထိုလုပ်ငန်းနှင့် ပတ်သက်ပြီး ‌ချို့ယွင်းမှုများရှိသည့်အတွက် နောက်တစ်ခါ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၎င်းရေတားတာပေါင် ပေ ၁၇၅၀ ကျောက်စီနံရံ ပြုလုပ်ရန်အတွက် ဆည်မြောင်းဌာနကို အလုပ်ပေးအပ်ခဲ့သည့် ငွေသဇင်ဖြိုးကုမ္ပဏီကို ငွေကျပ် ၁၅၃ သန်း၊ ဆည်မြောင်းဦးစီးဌာနကို ငွေကျပ်သန်း ၁၇၀ ပေးရပြီး အလုပ်အပ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ် မိုးရာသီတုန်းက ရူးချောင်းတာပေါင် ကျိုးပေါက်ပျက်စီးသည့်အတွက်ကြောင့် ရေလွှမ်းမိုးပြီး ရေနစ်မြုပ်သွားပါကြောင်း၊ ထို့နောက် ရေလွှမ်းမိုးနှစ်မြုပ်ပြီးနောက်ပိုင်း ကျိုးပျက်နေသည့်အနေအထားများကို ရူးကျေးရွာသားများမှ လာရောက်ပေးပို့သဖြင့် မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ မေးခွန်းတင်ပြီးနောက် ယခုနှစ် ဧပြီလ ၂၀ ရက်နေ့ အခင်းဖြစ်သည့်နေရာကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုသည့်အခါ တွေ့ရှိရသည့်ပုံများကို နောက်မှ မိမိတင်ပြပေးပါမည်၊ ရေကြီးသည့်အချိန်က ကျိုးပျက်သွားသည့်တံတား၏ ရူးကျေးရွာအခြေအနေနှင့် မီးကြိုးများ၊ ဓာတ်တိုင်များရှိသော်လည်း လျှပ်စစ်မီးမရသေးပါကြောင်း၊ ကျောက်စီမြေထိန်းနံရံ ပြုလုပ်ရန်ဆိုပြီး ခိုင်းထားသည့်နေရာ၊ မိမိသွားကြည့်သည့်အချိန်တွင် ကုမ္ပဏီက တာပေါင်များ ဆယ်ဖို့နေပြီး ဆည်မြောင်းဦးစီးဌာနက မြေထိန်းကျောက်စီနံရံ လုပ်ထားသည်ကို မိမိမှမေးကြည့်‌သည့်အခါ ပေ ၈၄၀ ခန့်ရှိသည်ဟု ပြောပါကြောင်း၊ ယခု ရွာသားများက ဖုန်းဆက်ပြောသည့်အခါ ပေ ၅၀ ခန့် ပျက်စီးသွားပြီ ဖြစ်ပါကြောင်း၊ ပျက်စီးရခြင်းအကြောင်းအရင်းမှာ ဒီလ ၁၁ ရက်၊ ၁၂ အတွင်း မိုးကြီးသွားခြင်းကြောင့် ပျက်စီးသွားသည့် အနေအထားများရှိပါကြောင်း၊ စုစုပေါင်းမည်မျှ လုပ်ထားသနည်းဆိုသည်မှာ ပေ ၁၇၀၀ ခန့်ကို ဟိုနေရာနည်းနည်း၊ ဒီနေရာနည်းနည်း လုပ်ထားပါကြောင်း၊ ထို့ကြောင့် မိမိနေဖြင့် သိရှိလိုပါကြောင်း မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါသည်။


ပထမမေးမြန်းချက်က ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်က ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ရူးကျေးရွာ ရူးချောင်းရေတား တာပေါင်ပြုလုပ်ပေးရန် သတ်မှတ်စည်းကမ်းများနှင့် အမ်းမြို့ငွေသဇင်ဖြိုးကုမ္ပဏီကို ငွေကျပ် ၁၅၃ သန်းပေးပြီး လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်ပါကြောင်း၊ အဆိုပါလုပ်ငန်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံဖြင့် တင်ဒါခေါ်ယူပြီး တင်ဒါအောင်မြင်သည့် ငွေသဇင်ဖြိုးကုမ္ပဏီကို လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့်စာချုပ်ချုပ်သည့် နေရာတွင် ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာနက ဆောင်ရွက်ခဲ့ရပါကြောင်း၊

ဒုတိယမေးခွန်းအနေဖြင့် ၁-၈-၂၀၁၇ ရက်နေ့တွင်  ပြည်နယ်ဆည်မြောင်း ဦးစီးဌာန၏စာတွင် ကျိုးပေါက်သွားသည့် ရူးချောင်းရေတားတာပေါင်ကို စာချုပ်ပါစည်းကမ်းအတိုင်း အချိန်မီပြုပြင် သွားရမည်ဟု ဖော်ပြထားသည့်အတွက် ကုမ္ပဏီနှင့်ချုပ်ဆိုထားသော စည်းကမ်းများကို ဖော်ပြပေးရန်အတွက် စာချုပ်၏ အပိုဒ် (၄) တည်ဆောက်ပြီးလုပ်ငန်းကို လုပ်ငန်းဆောင်ရွက်သူကနေ   သုံးနှစ်အာမခံချက် ပေးရမည်ဟု ဖော်ပြပါရှိပါကြောင်း၊ စာချုပ်၏အထွေထွေ သဘောတူညီချက် စည်းကမ်းများအပိုဒ် (၁၁-၁) တွင် သဘာဝအန္တရာယ်၊ ရန်သူမျိုးငါးပါးဒဏ်၊ အဓိကရုဏ်းများ၊ စစ်ပွဲပိတ်ဆို့မှု စသည်များနှင့် အခြားမလွန်ဆန်နိုင်သော အကြောင်းတရားများ ပေါ်ပေါက်လာမည်ဆိုပါက မိမိတို့စွမ်းအားရှိသမျှ ရှောင်ရှားနိုင်ရန် ကြိုးစားခြင်းဖြင့် ဤသဘောတူညီချက်ပါ တာဝန်များကို ထမ်းဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားခြင်း ပြုပါမည်ဟု ဖော်ပြချုပ်ဆိုထားမှုရှိပါကြောင်း၊ အပိုဒ် (၁၁-၂) တွင် ယခုလို  မမျှော်မှန်းနိုင်သည့် အန္တရာယ်များကြောင့် သဘောတူညီချက်ပါ တာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိသည့်အခါ ထမ်းဆောင်နိုင်စွမ်းမရှိသူဘက်မှ အခြားတစ်ဘက်ပေါ်သို့ ဖြစ်ပေါ်ပြီး ခုနစ်ရက်အတွင်း စာဖြင့်ရေးသား အကြောင်းကြားရမည့်အပြင် ၎င်းဖြစ်ပေါ်ဟန့်တားမှုကို ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားရှိသမျှ ကျော်လွှားနိုင်ရန်အတွက် ဥပဒေဘောင်အတွင်းမှ တရားမျှတစွာ စွမ်းဆောင်ရမည်ဟု ဖော်ပြပါရှိကြောင်း၊

တတိယမေးမြန်းချက်ဖြစ်သည့် ၁-၈-၂၀၁၇ ရက် ရက်စွဲပါစာဖြင့် ထုတ်ပြန်ပြီး ကျိုးပေါက်သွားသည့် တာပေါင်ကို အချိန်မီပြန်လည်ပြုပြင်နိုင်ခြင်းမရှိလျှင် စာချုပ်ပါစည်းကမ်းများနှင့်အညီ အရေးယူမည်ဟု ဖော်ပြထားသည့်အတွက် အမှန်တကယ်အရေးယူမှုရှိ/မရှိနှင့် အရေးမယူခဲ့လျှင် မည်သည့်အတွက် အရေးမယူခဲ့သည့်အကြောင်းမှာ ငွေသဇင်ဖြိုးကုမ္ပဏီကနေ အဆိုပါလုပ်ငန်းကို ဆောင်ရွက်ပြီးစီးသည့်နောက် ၂၄-၇-၂၀၁၇ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရူးချောင်းရေတိုက်စားမှုကြောင့် ရေတားတာပေါင် ကျိုးပေါက်မှု ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ပြန်လည်ပြုပြင်ပေးရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ ရခိုင်ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာက ၁-၈-၂၀၁၇ ရက်နေ့တွင် ကုမ္ပဏီကို အကြောင်းကြားခဲ့ပါကြောင်း၊ ၁၈-၈-၂၀၁၇ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးသုံးဦးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ပြည်နယ်ဆည်မြောင်း ဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာဒေသတွင်ရှိသည့် ရပ်မိရပ်ဖများပါဝင်သော တည်ဆောက်ရေးလုပ်ငန်း ကော်မတီကိုလည်း ကုမ္ပဏီကိုစာဖြင့် ထပ်မံအကြောင်းကြားခဲ့ပါကြောင်း၊ ထို့အပြင် ၉-၉-၂၀၁၇ ရက်နေ့တွက် ရခိုင်ပြည်နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထပ်မံပြီးစာဖြင့် နှိုးဆော်အကြောင်းကြားခဲ့ရမှု ရှိကြောင်းလည်း သိရပါသည်။ ယခုလို အကြောင်းကြားမှုအပေါ် အခြေတည်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလအလယ်တွင် စက်ယန္တရားများ သွားလာနိုင်သည့်အချိန်တွင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဆိုပြီး ကုမ္ပဏီက ပြန်ကြားလာမှုရှိပါကြောင်း၊ ငွေသဇင်ဖြိုးကုမ္ပဏီအနေဖြင့် ထိုသို့ပြန်ကြားခဲ့သော်လည်း ပြုပြင်ရန်အထနှေးပြီး ပွင့်လင်းရာသီတွင် ပြုပြင်ဆောင်ရွက်ခြင်းမရှိ သေးသည့်အတွက် မိုးရာသီမတိုင်မီ ပြီးစီးရေးကို ထပ်မံသတိပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ၁၈-၄-၂၀၁၈ ရက်နေ့တွင် ပြုပြင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ၂၂-၄-၂၀၁၈ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးကြောင်း ဖြေကြားချက်အရ သိရှိရပါသည်။ ရူးချောင်းရေတားတာပေါင် တည်ဆောက်စဉ်ကာလက ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းစံချိန်စံညွှန်းများ ပြည့်မီရေးနှင့် လုပ်ငန်းစီမံချက်အတိုင်း ပြီးစီးရေးအတွက် ကြီးကြပ်မှုအပိုင်းတွင် ပါဝင်ခဲ့သော်လည်း ဆောင်ရွက်သည့် လုပ်ငန်း၏ ဒီဇိုင်းပုံစံအရသာ ကြီးကြပ်နိုင်မှုအခြေအနေရှိပါကြောင်း၊ လုပ်ငန်း၏ သဘောသဘာဝအရ မြေပြင်အခြေအနေ၊ ရာသီဥတုအခြေအနေများပေါ် မူတည်ပြီး ဖြစ်ပေါ်လာနိုင်မည့် ရာသီဥတုအခြေအနေကို အံတုတည်ဆောက်ရမည့် ရေအားအဆောက်အအုံများ တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်အစီအစဉ်ဖြင့် တင်ဒါခေါ်ယူရာတွင် ယခုလိုတည်ဆောက်မှု လုပ်ငန်းများနှင့် စပ်လျဉ်းပြီး မြေပြင်စူးစမ်းလေ့လာမှု၊ ဒီဇိုင်းပုံထုတ်တွက်ချက်မှုစသည့် ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတွင်ရှိသည့် ကျွမ်းကျင်ပညာရှင်များ၏ အကူအညီကို ရယူနိုင်ရေးအတွက် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ ယင်းအချက်က ၎င်းတာပေါင်ကျိုးသွားသည့် အချက်တွင် အဓိကကျသည့် အားနည်းချက် တစ်ရပ်ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့မှုအပေါ် အရေးယူမှုအပိုင်းကို ပြန်လည်သုံးသပ်သည့်အခါ စာချုပ်အရ သုံးနှစ်အတွင်း အာမခံချက်ပေးသည့် သတ်မှတ်ချက်ပါပြီး ပြုပြင်ခြင်းလုပ်ငန်းများကို ချက်ချင်းဆောင်ရွက် မပေးသည့်အပေါ် မည်ကဲ့သို့ အရေးယူမည်နည်းဆိုသည့် သတ်မှတ်ချက်အပိုင်း အားနည်းချက်ရှိခဲ့ကြောင်း စာချုပ်အပေါ် စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်သည့်အတွက် ပွင့်လင်းရာသီတွင် အချိန်မီပြုပြင် ပြီးစီးရန်အတွက် ဦးတည်ပြီး ပြည်နယ်တည်ဆောက်ရေး လုပ်ငန်းကော်မတီနှင့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနတို့က လုပ်ငန်းပြီးစီးရေးအတွက် တွန်းအားပေးဆောင်ရွက်ခဲ့သည့် အခြေအနေဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရုံးချုပ်) အနေဖြင့် ယခုလို ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံဖြင့် တင်ဒါခေါ်ယူသည့် လုပ်ငန်းရပ်များတွင် ဆည်မြောင်းလုပ်ငန်းနှင့် ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကို ညွှန်ကြားဆောင်ရွက်ပေးခဲ့ရသည့် အခြေအနေ ဖြစ်ပါကြောင်း၊

စတုတ္ထမေးမြန်းချက်ဖြစ်သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွက် ရူးကျေးရွာရေတိုက်စားခြင်းမှ ကာကွယ်ရန် ကျောက်စီမြေထိန်းနံရံ ပေ ၁၇၅၀ ပြုလုပ်ပေးခြင်းအတွက် ငွေကျပ်သန်း ၁၇၀ ခွင့်ပြုကြောင်း ဖော်ပြထားသော်လည်း ကျောက်စီမြေထိန်းနံရံပြုလုပ်မည့် မြေသားတာပေါင် အခိုင်အမာမရှိဆိုသည်ကို တာဝန်ရှိဝန်ကြီးဌာန၊ အစိုးရအဖွဲ့က သိရှိခြင်းရှိ/မရှိမှာ အဆိုပါလုပ်ငန်းကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အမ်းမြို့နယ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သန်း ၁၃၀ ဖြင့် ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် မူလချောင်းကမ်း အလျားပေ ၁၇၅၀ တွင် မြေသားခိုင်မာမှုရှိ/မရှိ ဦးစွာ စစ်ဆေးပြီးမှ လိုအပ်သည့် မြေသားပုံစံကျပြုပြင်ခြင်း လုပ်ငန်းများကို စနစ်တကျ ခိုင်ခိုင်မာမာ ဆောင်ရွက်ပြီး ကျောက်စီကာကွယ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းပြီးစီးမှုနောက်ပိုင်း လက်ရှိအချိန်အထိ ဆောင်ရွက်ထားသည့် လုပ်ငန်းအပိုင်းတွင် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိပါကြောင်းကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် ပေါင်းစပ်ပြီး ပြန်လည်ရှင်းလင်း ‌ဖြေကြားပါသည်။

ဦးဘရှိန် (ကျောက်ဖြူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မေးခွန်း မေးရသည့်အကြောင်းရင်းမှာ နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများကို သုံးစွဲသည့်အခါ အများအကျိုးရှိအောင် စနစ်ကျရန် ဌာနဆိုင်ရာတာဝန်ရှိသူများ သတိချပ်စေလိုသည့်အတွက် ဆက်စပ်မေးခွန်းမေးရသည်မှာ လုပ်ငန်းများက မြေကြီးလုပ်ငန်းဖြစ်သည့် အတွက်ကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ကမဟုတ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကဟာကို မေးခွန်းတင်ပြီးမှ ကုမ္ပဏီက ဧပြီလ ၁၈ ရက်နေ့တွင် လုပ်သည်ဆိုပြီး ၂၀ ရက်နေ့ သွားကြည့်‌သည့်အခါ မြေသားလုပ်ငန်းလုပ်၍ မကောင်းခြင်း၊ နောက်ပြီး ပေ ၁၇၅၀ ပေကို ကျောက်စီနံရံလုပ်ရမည်ဆိုသည်မှာလည်း မိမိတွေ့ခဲ့သည်မှာ ပေ ၈၄၀ ရှိပြီး ဧပြီလ ၂၀၁၇-၁၈ ခုနှစ် ဘတ်ဂျက်ကုန်သည်အထိ မပြီးသေးပါကြောင်း၊ နောက် ကျောက်စီမြေထိန်းနံရံအကုန်လုံးကောင်းသည်ဟု ဝန်ကြီးကဖြေသွားသည်မှာ မိမိအား ယခုတယ်လီဖုန်းဖြင့် မနေ့ကဆက်ပြီးပြောပါကြောင်း၊ ၎င်းပေ ၈၄၀ ခန့် လုပ်ထားသည့် ပေ ၅၀ ခန့်မှာ ကျောက်များကွာသွားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများကို သုံးသည့် လုပ်ငန်းများတွင် ဌာနဆိုင်ရာများက ကြီးကြပ်မှုမရှိသည့်အတွက်ကြောင့် ယခုလုပ်ငန်းအပါအဝင် နောင်လုပ်ငန်းများ လုပ်သည့်အခါ စနစ်တကျကြီးကြပ်ပေးရန် အစီအစဉ်များကို အလေးထားဆောင်ရွက် ပေးမည်လား ဆိုသည့်အချက်ကို ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မိမိတို့၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ သတ်မှတ်ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်‌အညီ လိုအပ်သည့်အဖွဲ့အစည်းများ ဖွဲ့စည်းပြီး ဆောင်ရွက် သွားလေ့ရှိပါကြောင်း ဆက်စပ်မေးခွန်းအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်