Skip to main content

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်  တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိသည်ကို သိရှိရပါကြောင်း၊ ရခိုင်တိုင်းရင်းသားအုပ်စုတွင် ကမန်အပါအဝင် လူမျိုးစုခုနစ်စု ပါဝင်ကြောင်းကို ထုတ်ပြန်ထားရှိပါက ကမန်များကို တိုင်းရင်းသားအဖြစ် မည်သည့်စံနှုန်း သတ်မှတ်ချက်များနှင့် မည်သည့်ကာလက စတင်သတ်မှတ်ခဲ့သည်ကို တိတိကျကျမသိရှိခဲ့ရပါကြောင်း၊

ရခိုင်နှင့်ကမန်တို့သည် ရခိုင်တွင်အစဉ်အလာအရ နေထိုင်လာခဲ့ကြသည်မှာ မှန်ကန်ပါသော်လည်း  ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုးကွယ်သည့် ဘာသာတို့သည့် တူညီခြင်းမရှိပါကြောင်း၊   ကမန်လူမျိုးသည် အစ္စလာမ်ဘာသာကို ကိုးကွယ်ပြီး ရခိုင်ဘာသာစကားကို ပြောဆိုကြသည့်အပြင် ကမန်နှင့် ဘင်္ဂါလီတို့သည်လည်း ဓလေ့ထုံးစံ၊ ကိုးကွယ်သည့် ဘာသာ၊ ယဉ်ကျေးမှုများ ခွဲခြားမရအောင် တူညီမှုရှိသည်ကိုလည်း တွေ့ရပါကြောင်း၊ ကမန်များသည် တိုင်းရင်းသား မျိုးနွယ်စုအဖြစ် ရရှိထားသော အခွင့်အရေးကို အသုံးပြုပြီး မြန်မာနိုင်ငံအနှံ့ သွားလာ နေထိုင်ခွင့်ရရှိထားသူများ ဖြစ်ကြသည့်အတွက် တချို့သောဘင်္ဂါလီများသည်  နိုင်ငံသား အခွင့်အရေးကို အသုံးပြုရန် မသမာသောဝန်ထမ်းအချို့နှင့် ပူးပေါင်း၍ ကမန်လူမျိုးစုဝင်အဖြစ် ဆောင်ရွက်နေကြသည်ကိုလည်း ကြားသိနေရပါကြောင်း၊

ဘင်္ဂါလီများကို ၁၉၈၀ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်စိစစ်ပြီး‌ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံသားပေးရန် ပြည်သူ့လွှတ်တော်တွင် မိမိအနေဖြင့် အဆိုတစ်ခုတင်ထားခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ၁၉၈၀ ခုနှစ်၊ နိုင်ငံသား ဥပဒေနှင့်စိစစ်ပြီး ရသင့်ရထိုက်သူ နိုင်ငံသားဖြစ်မည်ကို ကြိုဆိုပါကြောင်း၊ သို့သော် ကမန်လူမျိုးစုဝင်အဖြစ် သတ်မှတ်လိုက်ပြီး အလိုအလျောက်တိုင်းရင်းသား ဖြစ်သွားမည်ကို စိုးရိမ်မိပါကြောင်း၊ တိုင်းရင်းသားဆိုသည်မှာ ဥပဒေအရ မိမိတို့နိုင်ငံတွင် နှစ် ၁၀၀ နေလျင်ပင် ဖြစ်နိုင်ရန် အခွင့်အလမ်းမရှိဘဲ နိုင်ငံသားဥပဒေနှင့်အညီသာ နိုင်ငံသားဖြစ်ခွင့်ရှိသည့်အတွက်  ကမန်လူဦးရေကို စနစ်တကျစာရင်းပြုစုထားရန် လိုအပ်လာပါကြောင်း၊ သို့သော် ၂၀၁၁ ခုနှစ်၊ မြန်မာနိုင်ငံ သန်းခေါင်စာရင်းတွင် တိုင်းရင်းသားကမန်လူဦးရေကို မဖော်ပြနိုင်ခြင်း မရှိသေးသည်မှာ အထူးအားနည်းချက်တစ်ခု ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊

          ထို့ကြောင့် မြန်မာနိုင်ငံအတွင်းနေထိုင်လျက်ရှိသည့် ကမန်လူမျိုး လူဦးရေစုစုပေါင်းနှင့် မြို့နယ်အလိုက် ကမန်လူဦးရေမည်မျှရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ကမန်လူမျိုးများသည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင်ပါဝင်သော ရခိုင်မျိုးနွယ်စုတစ်မျိုး ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကမန်လူမျိုးများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရာတွင် အခြားလူမျိုးများနှင့် မှားယွင်းမှုမရှိစေရေးအတွက် မိဘဘိုးဘွား အထောက်အထားများနှင့် စနစ်တကျသေချာစွာ စစ်ဆေး၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းအချို့၏ မသမာမှုကြောင့်ဖြစ်စေ၊ ကာယကံရှင်များ၏ လိမ်လည်လျှောက်ထားမှု ကြောင့််‌ဖြစ်စေ၊ ကမန်လူမျိုးမဟုတ်သူများကို ကမန်လူမျိုးအဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှုများ စစ်ဆေးတွေ့ရှိမည်ဆိုပါက ကတ်ပြားများပြန်လည် သိမ်းဆည်းခြင်း၊ ကာယကံရှင်များအား ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခြင်းနှင့် ပါဝင်ပတ်သက်သည့် ဝန်ထမ်းများကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိရောက်စွာအရေးယူခြင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို ၃၀-၃-၂၀၁၄ ရက်နေ့မှ ဧပြီလ ၁၀ ရက်‌နေ့ထိ ဆောင်ရွက်ခဲ့ပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် မေးခွန်းပေါင်း ၄၁ ခုပါရှိ မေးခွန်း ၄၀ ပါ အချက်အလက်များကို အဆင့်များခွဲ၍ထုတ်ပြန်ခဲ့ရာ လူမျိုးရေးဆိုင်ရာအချက်အလက်များကိုသာ ထုတ်ပြန်ရန် ကျန်ရှိနေပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းမကောက်ယူမီနှင့် ကောက်ယူပြီး ကာလများတွင် လူမျိုးအမည်၊ ဖွဲ့စည်းမှု၊ လူမျိုးအုပ်စုများနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်ကိစ္စများ ရှိနေပါကြောင်း၊

၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းမှကောက်ယူရရှိသည့် လူမျိုးစာရင်းများသည် တိုင်းရင်းသား လူမျိုးများ၏ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသားလူမျိုးငယ်စုများ၏ ပါဝင်မှုနှင့် စာလုံးပေါင်းသတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသားဖြစ်ခြင်း/မဖြစ်ခြင်းစသည့် ကိစ္စရပ်များတွင် အငြင်းပွား ဖွယ်ရာရှိနေပါကြောင်းနှင့် ရရှိလာသည့် တိုင်းရင်းသားလူမျိုးများ စာရင်းထုတ်ပြန်နိုင်ရေး အတွက်ကိုလည်း နိုင်ငံတော်သမ္မတရုံးသို့ တင်ပြဆောင်ရွက်လျက် ရှိပါကြောင်း၊

လူမျိုးအမည်များ၊ လူမျိုးစုဝင်အရေအတွက်နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များကို တိုင်းရင်းသားရေးရာကော်မတီဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် သမိုင်းပညာရှင်၊ ယဉ်ကျေးမှုပညာရှင်နှင့် လူဦးရေပညာရှင်များ အပါအဝင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် အဆင့်ဆင့်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာ တိုင်းရင်းသားလူမျိုးများ၏အမည်၊ တိုင်းရင်းသားလူမျိုးများ၏ အင်အားများကို စနစ်တကျသတ်မှတ် ခွင့်ပြုထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း၊

ယခုအခြေအနေတွင် အထက်ပါအတိုင်း တိုင်းရင်းသားလူမျိုးများစာရင်းကို ထုတ်ပြန်နိုင်ရေးကို တင်ပြဆောင်ရွက်ဆဲ ဖြစ်သည့်အတွက် တရားဝင်ထုတ်ပြန်ခြင်း မပြုသေးခြင်းကြောင့် ဖြေကြားနိုင်ခြင်း မရှိပါကြောင်း ‌ပြန်လည်ဖြေကြားပါသည်။

ဒေါ်ခင်စောဝေ (ရသေ့တောင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့လေ့လာသိရှိချက်အရ ဘင်္ဂါလီတော်တော်များများသည် တရားမဝင်ကမန် လူမျိုးပြုလုပ်ထားသည့် လုပ်ကမန်များဖြစ်ပြီး  အရေအတွက်အားဖြင့် များပြားလာသဖြင့် တိုင်းရင်းသားအဖြစ် ဆက်လက်ရပ်တည်နေကြသည့်အတွက် ကမန်လူမျိုးလူဦးရေကို အတိအကျစာရင်းထုတ်ပြန်ရန် သက်ဆိုင်ရာဝန်ကြီးဌာနတွင် တာဝန်ရှိသည့်ဟု ယူဆပါကြောင်း၊ အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်မည် ဆိုပါကလည်း မည်သည့်နေ့ရက်၊ အချိန်၊ ခုနှစ်တွင် တိတိကျကျစာရင်းကို ထုတ်ပြန်နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများသည် အတိအကျရှိနေပါပြီ ဖြစ်ပါကြောင်းနှင့် ထုတ်ပြန်ကြေညာပါက မလိုလားအပ်သည့် နောက်ဆက်တွဲအကျိုးဆက်များ ရှိမည်ဖြစ်ခြင်းကြောင့် ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံသားတစ်ယောက်အနေနှင့် နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားဖြစ်ရေးအတွက်ကို အင်မတန်စိုးရိမ်သည့်အပြင် တာဝန်ရှိသူတစ်ယောက်အနေဖြင့်လည်း စနစ်တကျ ကြပ်မတ်ထိန်းသိမ်း စောင့်ရှောက်နေပါကြောင်းနှင့်  အစိုးရတစ်ရပ်လုံးသည်ပင်လျှင် တိကျစွာ လိုက်နာဆောင်ရွက်နေပါကြောင်း၊  

တိုင်းရင်းသားအားလုံး ကျေကျေလည်လည်ညှိနှိုင်းဆွေးနွေး၊ လူမျိုးစုများအားလုံး ညှိနှိုင်းဆွေးနွေး ပြီးမှသာလျှင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက်  မည်သည့်နေ့ရက်တွင် ထုတ်ပြန်မည်ကို ယခုအချိန်တွင် ဖြေကြားနိုင်ခြင်း မရှိပါကြောင်း၊ သို့သော် အမြန်ဆုံးထုတ်ပြန်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကြိုးစားလျက် ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ