(က)-မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာကျန်း မာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ်သို့အဆင့် တိုးမြှင့်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဦးဖေသန်း( မြေပုံမဲဆန္ဒနယ်) (948)ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ကြာအင်းတောင်ကျေးရွာသည် စစ်တွေ-ရန်ကုန်ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး အစိုးရအထက်တန်းကျောင်း၊ ကျန်းမာရေးဌာနများနှင့် စည်ကားသည့်ရွာကြီးတစ်ရွာ ဖြစ်ပါကြောင်း၊ ၎င်းရွာကိုမှီ၍ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာပေါင်း ၄၀ ရွာမှစ၍ တစ်ဆက်တစ်စပ်တည်း တည်ရှိပါကြောင်း၊ ထို့ကြောင့် ၎င်းနေရာရှိ  မိမိတို့ကျန်းမာရေးဌာနကို ကျန်းမာရေးတိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးလိုက် မည်ဆိုပါက ထိုဒေသ၏ ကျန်းမာရေးစောင့်ရှောက်မှုသည် အထူးကောင်းမွန်လာ မည်ဖြစ်ပါကြောင်း၊ မြေပုံ မြို့ရှိ ဆေးရုံကို ရေလမ်းအားဖြင့် ၂ နာရီမှ ၅ နာရီကြာသည့်အတွက် အရေးပေါ်ဆေးကုသခံမည့်လူနာများ အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေရပါကြောင်း၊ ၎င်းကျန်းမာရေးဌာနကို အဆင့်မြှင်‌့တင်ပေးလိုက်မည်ဆိုလျှင် ကားလမ်းတောက်လျှောက်အပြင် မြင်းပြားနှင့် အမ်းမြို့ကြားရှိ မြင်းပြားမြို့နယ်မြောက်ဘက်ခြမ်း၊ အမ်းမြို့ နယ်တောင်ဘက်ခြမ်းမှ ကျေးရွာများသည် တိုက်နယ်ဆေးရုံတစ်ခုမှမရသည့်အတွက် ထိုနေရာကို လာပြီး ဆေးကုသနိုင်ရန်အတွက် ပိုမိုအဆင်ပြေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းရွာများနှင့် ပတ်သက်ပြီး အချိန်မရွေး အချိန်တိုအတွင်း သွားရောက်ဆေးကုသနိုင်ရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုကို ကောင်းနိုင်ရန် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာရှိ ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်တိုးပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆေးရုံ၊ ဆေးခန်းများ အသစ် တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းလုပ်ငန်းများကို နှစ်စဉ် ဘဏ္ဍာငွေအပေါ်မှာမူတည်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊  ကြာအင်းတောင်ကျေးရွာ အုပ်စုသည် ကျေးရွာပေါင်း ၂၇ ရွာ၊ လူဦးရေ ၂၀၀၀၀ ကျော်ခန့်ရှိပြီး မြင်းပြားမြို့နှင့် ၂၂ မိုင်ကွာဝေးသဖြင့် ကြာအင်းတောင်ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးနိုင်ရေးအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ကြာအင်းတောင်ကျေးရွာကို တိုက်နယ်ဆေးရုံမြှင်‌့တင်ရန်အတွက်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် စီမံကိန်းနှင့် ဖွဲ့စည်းပုံ စစ်ဆေးရေးအဖွဲ့ကို တင်ပြထားပြီးဖြစ်ပါကြောင်း၊ မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာအပြင်ကို ငါးပတုံကျေးရွာတွင်လည်း တိုက်နယ်ဆေးရုံတိုးမြှင့်ရေးအတွက် တင်ပြထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။