Skip to main content
 

U Aung Thein Linမိမိအနေဖြင့် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် လယ်ယာမြေကို အခြား နည်း အသုံးပြုခွင့် နန ၃၀ ကို ခွင့်ပြုခွင့်မကျသေးသော လယ်မြေများသည် ဥပဒေအရ လယ်မြေများသာ ဖြစ်သည့်အတွက် ခြံစည်းရိုးခတ်ခြင်း၊  လမ်းဖောက်ခြင်းပြုလုပ်သည့် ကုမ္ပဏီများသည် လယ်ယာမြေဥပဒေကို ချိုးဖောက်နေကြသည့်အတွက် ဥပဒေနှင့်အ ညီ တားဆီးအရေးယူပေးရန် မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ပြည်ထောင်စု ဒုတိယဝန်ကြီးက တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ပေးပါမည် ဟု ဖြေကြားခဲ့ပါကြောင်း။     

သို့သော် ယင်းကုမ္ပဏီများသည် လယ်ယာမြေဥပဒေကို ချိုးဖောက်ပြီး ကာရံထားသော ခြံစည်းရိုးများကို ဖယ်ရှားပေးခြင်းမရှိသည့်အပြင် ထွန်ယက်စိုက်ပျိုးနေသော လယ်သ မားများကို ပုဒ်မ ၄၂၇ အကျိုးပျက်စီးမှု ရှိလျှင် ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်၊ ပုဒ်မ ၄၄၇ ရာဇဝတ်မကင်းသော ကျော်နင်းမှု ရှိလျှင် ထောင်ဒဏ် ၃ လ နှင့် ငွေဒဏ်တို့ဖြင့် တရားစွဲဆိုခဲ့သည်ကို ရန်ကုန် တိုင်းဒေသကြီးနှင့် အခြားပြည်နယ်/တိုင်းဒေသကြီး အသီးသီးတို့တွင် အမြောက်အများရှိနေပါကြောင်း။

သာမန်အားဖြင့် ကုမ္ပဏီများသည် အထက်ပါပုဒ်မ ၂ ခုနှင့် ရဲစခန်းများတွင် သွားရောက်တိုင်ကြားသည့်အခါ တွင် မြန်မာနိုင်ငံတော်ရဲလက်စွဲအပိုဒ် ၁၄၁၁ အရ တိုင်ချက်ကို မှတ်ပုံတင်ပြီး ရဲလက်စွဲ အပိုဒ် ၁၄၂၃ အရ သတင်းပေးချက်ကို ရေးသားထည့်သွင်းပြီး ချက်ချင်းစုံစမ်းစစ်ဆေးရမည်ဟု မြန်မာနိုင်ငံတော်ရဲလက်စွဲတွင် ဖော်ပြ ထားပါကြောင်း၊ ရဲလက်စွဲအပိုဒ် ၁၄၃၈ အရ အမှုစုံစမ်းစစ်ဆေးပြီးသည့်အခါ တရားရုံးကို စွဲမတင်နိုင်သော အမှုဖြစ်ပါ က ကျီစယ်မှု သို့မဟုတ် မှားယွင်းမှု သို့မဟုတ် အရေးမယူပိုင်မှုတို့ကို အစီရင်ခံစာ‌ ရေးသားပြီး အမှုကို တရားရုံးတွင် စွဲတင်ခြင်းမပြုဘဲ ထားရမည်ဖြစ်ပါကြောင်း။

သို့သော် ကုမ္ပဏီများမှ ပုဒ်မ ၄၂၇ နှင့် ၄၄၇ ဖြင့် တရားစွဲဆိုသည်ကို သက်ဆိုင်ရာရဲစခန်းမှ သွားရောက်စစ်ဆေး လျှင် ပုဒ်မ ၄၂၇ နှင့် ၄၄၇ ကို ကျူးလွန်သည်မှာ လယ်သမားမဟုတ်ဘဲ ကုမ္ပဏီကြီးများ ဖြစ်နေသည်ကို တွေရှိ ရမည်ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီကြီးများသည် နန ၃၉ ခွင့်ပြုမိန့်မကျသေးသော လယ်မြေများ ကို ခြံခတ်ခြင်းသည် လယ်ယာမြေဥပဒေကို ချိုးဖောက်သည့်အပြင် လုပ်ပိုင်ခွင့်ရလယ်သမားများ၏ အကျိုးကို ဖျက်ဆီးရာရောက်နေပါကြောင်း၊ တရားဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်မရသော လယ်သမားများပိုင် မြေကို ခြံခတ်ခြင်း သည် ရာဇဝတ်မကင်းသော ကျော်နင်းမှု ပုဒ်မ ၄၄၇ ကို ကျူးလွန်နေသူများသည် ကုမ္ပဏီကြီးများသာ ဖြစ် ပါကြောင်း။

ထို့ကြောင့် မှားယွင်းမှု သို့မဟုတ် အရေးမယူပိုင်မှုကို သတ်မှတ်၍ အမှုကို ပိတ်သိမ်းသင့်သော်လည်း ယခုအချိန်တွင် နန ၃၉ လယ်မြေများတွင် ဝင်ရောက်ထွန်ယက်နေသော လယ်သမားများ နန ၃၉ မကျသေးသော လယ်မြေပိုင် လယ်သမားများကို တရားစွဲခံနေရပါကြောင်း၊ အချို့ရဲစခန်းများသည် ထိုသို့ အမှုဖွင့်သည့်အခါတွင် စုံစမ်းစစ်ဆေးပြီး မှ အမှုအား ပိတ်သိမ်းလိုက်သည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာ လယ်သမားများက ကုမ္ပဏီကို ပြန်၍ ပုဒ်မ ၄၂၇ နှင့် ၄၄၇ ဖြင့် အပြန်အလှန်တရားစွဲသည့်အခါ စာရွက်စာတမ်း မပြည့်စုံသည့်အတွက် ပယ်ချနေသည်ကို လည်း တွေ့ရပါကြောင်း။

ဥပဒေမဲ့မြေသိမ်းသည့် ကုမ္ပဏီများ၏ တောင်းဆိုမှုကြောင့် သက်ဆိုင်ရာရဲစခန်းက လယ်သမားများအား အမှုဖွင့် ရုံးတင်သောကြောင့် တရားရုံးတွင် ကာလကြာရှည်စွာ အမှုရင်ဆိုင်နေရသည့်အတွက် လယ်သမားများသည် အလုပ် အကိုင်များပျက်ပြားပြီး  ငွေကြေးအခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ အနာဂတ်တွင် အပြစ်မရှိသော လယ်သမားများကို ကုမ္ပဏီများက ဥပဒေနှင့်အညီ ရင်မဆိုင်ရဲအောင် တရားသည်ဖြစ်စေ/ မတရားသည်ဖြစ်စေ၊ အကြောက်တရားများ များလာစေရန် ရည်ရွယ်၍ တစ်ဖက်သတ် ဖိနှိပ်ပေးနေသည်ဟု ထင်မြင်မိပါကြောင်း။

ထို့ကြောင့် လယ်ယာမြေများကို လုပ်ပိုင်ခွင့်ရလယ်သမားများက ဝင်ရောက်ထွန်ယက်ရာတွင် ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်မရသေးသော ကုမ္ပဏီများက တရားစွဲဆိုမှုများကို ရဲစခန်းများက အမှုစွဲတင်သင့်/မသင့် သုံးသပ်ဆောင် ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ကာလကြာရှည်စွာအမှုရင်ဆိုင်နေရသော တောင်သူလယ်သမားများကို အမှုအမြန် ပြီးပြတ်အောင် ဆောင်ရွက်ရေးတို့ကို မည်ကဲ့သို့ကြပ်မတ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

governmentပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၇ သည် တန်ဖိုးကျပ် ၅၀ ထက် မနည်းသောပစ္စည်းကို အကျိုးဖျက်ဆီးခြင်းအတွက် ပြစ်ဒဏ်ချမှတ်ရန် ပြဋ္ဌာန်းထားသော ပြဋ္ဌာန်း ချက်ဖြစ်သောကြောင့် ရဲအရေးမပိုင်သော ပြစ်မှုဖြစ်ပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၇ သည် ရာဇဝတ်မကင်းသော  ကျော်နင်းခြင်းပြစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ရန် ပြဋ္ဌာန်း ထားသော ပြစ်မှုဖြစ်ပြီး ရဲအရေးပိုင်သော ပြစ်မှု ဖြစ်ပါကြောင်း၊ မည်သူမဆို အ များပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်ကို မတရားဆုံးရှုံး နစ်နာစေရန်အတွက် ရည်ရွယ်၍ တန်ဖိုး ၅၀ ကျပ်အောက်မနည်းသော ပစ္စည်းကို ဖျက်ဆီးခြင်း၊ ပျက် စီးစေခြင်း၊ တန်ဖိုးယုတ်လျော့စေခြင်းကိုပြုလျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၇ အရ ပြစ်မှုကျူးလွန်ရာရောက်ပါကြောင်း၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၇ သည် တစ်ဦး တစ်ယောက် လက်ရှိဖြစ်သော ပစ္စည်းအတွင်း သို့မဟုတ် ပစ္စည်းပေါ်သို့ ပြစ်မှုကျူးလွန် မှု၊ ခြောက်လှန့်ရန်ရည်ရွယ်၍ ဝင်ရောက်ခြင်းဖြင့် ရာဇဝတ်မကင်းသော ကျော်နင်းမှုကို ကျူးလွန်ရာရောက် ပါကြောင်း။

ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်းစွပ်စွဲပြီး ရဲအရေးပိုင်သောပြစ်မှုကို ရဲစခန်းတွင် အမှုဖွင့်ခြင်း သို့မဟုတ် တရားရုံး ကို ဦးတိုက်လျောက်ထားခြင်းဖြင့် နစ်နာသူက တရားစွဲဆိုနိုင်ပါကြောင်း၊ ရဲအရေးမပိုင်သည့်ပြစ်မှုကို နစ်နာသူက တရားရုံးတွင် ဦးတိုက်လျောက်ထား တရားစွဲဆိုနိုင်ပါကြောင်း၊ ရဲအရေးပိုင်သောပြစ်မှုနှင့် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားရာတွင် ရဲတပ်ဖွဲ့က အမှုကိုစုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်တဲ့ကြောင်းတွေ့ရှိပါက တရားရုံးကို တရားစွဲဆို တင်ပို့ပါကြောင်း၊ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခြင်းမရှိလျှင် အမှုကို ရဲစခန်းက လုပ်ထုံးလုပ်နည်းနှင့်အညီ ပိတ်သိမ်းမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာရဲစခန်းက တရားရုံးကို တရားစွဲဆို တင်ပို့လာပါက တရားရုံးမှ လက်ခံ စစ်ဆေးပြီး ဥပဒေနှင့်အညီ အမိန့်ချမှတ်ရန်ဖြစ်ပါကြောင်း၊ နစ်နာသူက တရားရုံးကို ဦးတိုက်လျောက်ထားလျှင် တရားလိုကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးပြီး အရေးယူရန်အကြောင်းမရှိလျှင် ဦးတိုက်လျှောက်လွှာကို တရားရုံးက ပလပ်မည်ဖြစ်ပါကြောင်း။

တရားလိုကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးပြီး သက်ဆိုင်ရာ ရဲစခန်းကို အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးစေရန် လိုအပ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ (၁) အရ စုံစမ်းစစ်ဆေးတင်ပြရန် လွှဲအပ်နိုင် ပါကြောင်း၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီး စွဲဆိုခံရသူကို ပြစ်မှုနှင့်အရေးယူရန်အကြောင်းမရှိပါက ဦးတိုက်လျှောက် လွှာကို ပလပ်မည်ဖြစ်ပါကြောင်း၊ စွပ်စွဲခံရသူသည် ပြစ်မှုနှင့်အရေးယူရန် အကြောင်း ပေါ်ပေါက်သည်ဟု ယူဆလျှင် အမှုကိုဆက်လက်စစ်ဆေးပြီး ဥပဒေနှင့်အညီ အမိန့်ချမှတ်ရမည်ဖြစ်ပါကြောင်း၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၇ နှင့် ပုဒ်မ ၄၄၇ ဖြင့် စစ်ဆေးအရေးယူသည့်အမှုကို စစ်ဆေးခွင့်အာဏာ အပ်နှင်းခြင်းခံရသော တရားသူကြီးက အကျဉ်းနည်းဖြင့်လည်း စစ်ဆေးစီရင်ခွင့်ရှိပါကြောင်း။

တရားရုံးများသည် နစ်နာသည့်ကာယကံရှင်၏ တိုင်ကြားချက်အပေါ်တွင် အမှုတစ်ခုချင်းအလိုက် စိစစ်ပြီး အရေး ယူဆောင်ရွက်ရခြင်းဖြစ်ရာ တောင်သူလယ်သမားများအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇၊ ၄၄၇ တို့အရ တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ သင့်မြတ်လျော်ကန်ခြင်း ရှိ/မရှိ စိစစ်ရန် အခွင့်အရေးရှိမည်မဟုတ်ဘဲ ဥပဒေအရသာ စစ်ဆေးဆုံးဖြတ်ခွင့်ရှိသည့်အတွက် တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ တရားစွဲဆိုရန် သင့်/မသင့် စိစစ်ရန် မရှိကြောင်း ဖြေကြားပါသည်။

ဆက်လက်၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၇ နှင့်  ၄၄၇အရ ပြစ်မှုများသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၅ ပုဒ်မခွဲ(၁) အရ နစ်နာသည့်တရားလိုက တရားရုံး၏ခွင့်ပြုချက်မလိုဘဲ ကျေအေးခွင့်ရှိပါကြောင်း၊ တရားလိုက အမှုကိုကျေအေးလျှင် တရားရုံးက နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ကျေအေးခွင့်ပြုမိန့် ချမှတ်ပေးရန်သာ ရှိကြောင်း ဖြေကြားပါသည်။

ဆက်လက်၍ တောင်သူလယ်သမားများအနေဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၇ နှင့် ၄၄၇ တို့အရ စွဲဆိုသော အမှုများကို ကာလရှည်ကြာစွာ ရင်ဆိုင်ဖြေရှင်းနေရသော အခြေအနေမျိုး မဖြစ်ပေါ်စေရန် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ မှန်မှန်နှင့်မြန်မြန် စစ်ဆေးပြီးပြတ်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။