(ခ)-ပန်းတောင်း- တောင်ကုတ်(ရခိုင်ရိုးမ)လမ်းကို ဂျပန်ကားကြီးများဖြင့်အန္တရာယ်ကင်းစွာသွားလာနိုင် ရန်ပြုပြင်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၈.၁.၂၀၁၄)

ဦးအောင်စိန် (မာန်အောင်)ပန်းတောင်း-တောင်ကုတ်လမ်းသည် နှစ်ပေါင်း ၇၀ ကျော် ဂျပန်ခေတ်ကတည်း က ချွေးနှင့်ရင်းပြီး လူအင်အားများနှင့် ဖောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ လမ်းဖောက်လုပ်ရာတွင် ပညာရှင်အင်ဂျင်နီယာများ မပါရှိခြင်း၊ လမ်းဖောက်ရန် ပန်းတောင်း-တောင်ကုတ်ရှိ  မိုင်ပေါင်း ၅၀ ကျော်ခန့်သာ ရှိရမည်ကို ယခု ၁၀၂ မိုင်ရှိခြင်း ၊ မြန်အောင်မြို့စခန်းမှစတင်၍ တောင်ကုတ်ဘက်သို့ တံတားမရှိခြင်း၊   လမ်းကအလွန် ကျဉ်းသည့်အပြင် ကားများ တစ်စီးနှင့်တစ်စီး တိမ်းရှောင်ရန် ခက်ခဲခြင်းတို့အတွက် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ခြင်း၊  မိုးတွင်းတွင် တောင်ပြိုကျခြင်း၊ ဗွက်ထခြင်း များကြောင့် မကြာခဏ ကားလမ်းများပိတ်ခြင်း၊ လိုရာခရီးကို မရောက်သည့်အပြင် လူမှုဒုက္ခများစွာနှင့် အသက်အန္တရာယ် စိုးရိမ်ရပါကြောင်း။

၂၀၁၀ ခုနှစ်မှစတင်၍ နေလသစ္စာကုမ္ပဏီ MD ဦးကျောက်တောင်က ပန်းတောင်း-တောင်ကုတ်လမ်းကို BOT စနစ်ဖြင့်  တာဝန်ယူခဲ့ပါကြောင်း၊ ထို့သို့တာဝန်ယူရာတွင် အထက်လူကြီးများ၏  တွန်းအားပေး ဆောင်ရွက်စေ မှုကြောင့် လမ်းအဆင့်မြင့် တင်ပေးရန်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးမည်ဟူ၍ကြောင့်လည်း တာဝန်ယူခဲ့ ပါကြောင်း၊ သို့သော် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ၂၅ ရာခိုင်နှုန်းသာထောက်ပံ့ပြီး အတိုးကို ၁၂ ရာခိုင်နှုန်းရှိသည့် အတွက် ၎င်းအနေဖြင့် ဆက်လက် မလုပ်ကိုင်နိုင်ကြောင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးသို့လည်း တင်ပြထားကြောင်း၊         ၎င်းတို့အနေဖြင့် အရှုံးပေါ်နေသော ကြောင့် နိုင်ငံတော်က ပံ့ပိုးမှုပေးမှ ဆက်လက်လုပ်နိုင် မည် ဆိုသည်များကို ကြားသိခဲ့ရပါကြောင်း၊ အဆိုပါ လမ်းမပေါ် မိုးတွင်းတွင် လမ်းပျက်နေသော်လည်း အခြားသွား ရန် လမ်းမရှိခြင်းခြင်းကြောင့် ကားကြီး၊ ကားငယ်တို့က နေ့စဉ်ရက်ဆက် သွားလာနေရသည်မှာ အလွန်အန္တရာယ် များပါကြောင်း၊ ထို့ကြောင့် တောင်ကုတ်၊ သံတွဲ၊ မာန်အောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူမြို့များက အားကိုးနေရသော ပန်းတောင်း-တောင်ကုတ်လမ်းနှင့် ပတ်သက်ပြီး ဂျပန်ကားကြီးများ သွားလာနိုင်ရန်နှင့် လမ်းကောင်းမွန်စေရန် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပံ့ပိုးမှု အပြည့်အဝ ပေးနိုင်/မပေးနိုင်နှင့် ပံ့ပိုးမှုမပေးနိုင်ပါက တာဝန်ယူလုပ်ကိုင်မည့် အခြားကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ယူ တာဝန်ပေးနိုင်/မပေးနိုင်ဆိုသည်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။      


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်လွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်လွင် ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ဖောက်လုပ်ထားသော ပြည်- ပန်းတောင်း-တောင်ကုတ်လမ်းသည် ၁၀၂ မိုင် ရှည်လျားပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ ၃၁-၃-၂၀၁၃ နေ့ အထိ လမ်းအခြေအနေသည် အမာခံလမ်း ၁၀ မိုင် ၄ ဖာလုံနှင့် ကတ္တရာလမ်း ၉၁ မိုင် ၄ ဖာလုံ ဖြစ်ပါကြောင်း၊ ၁၃-၂-၂၀၁၀ ရက်နေ့ကစတင်ကာ  ပြည်-ပန်းတောင်း -တောင်ကုတ်လမ်း ၁၀၂ မိုင်ကို နေလသစ္စာဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်သို့ BOT စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း  တည်ဆောက်ချိန်ကာလတွင် ရခိုင်ပြည် နယ်အတွင်း ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း ၇ မိုင် ဆောင်ရွက် နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် မိုင် ၄၁ မိုင်မှ ၇၄ ထိ ၃၃ မိုင်ကို BOT စနစ်ဖြင့် ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိုကြောင်း တင်ပြလာသည့်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ  ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကုမ္ပဏီမှကျန်ရှိအပိုင်းဖြစ်သော မိုင် ၁၄/၂ မှ ၄၁/၀ နှင့် ၂၄/၀ မှ ၁၀၂ အတွင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကတ္တရာ ထပ်ပိုးလွှာ ၅ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်း နိမ့်မြင့်ညှိပြီး ရေပိတ်လွှာလောင်းခြင်းကို ၉ မိုင် ဆောင်ရွက်ရန် တင်ပြထားပြီး မိမိတို့မှလည်း လမ်း၏အခြေအနေတွေကို သိရှိနေသည့်အတွက် တွန်းအားပေးပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကတ္တရာ လိုအပ်ချက်ကိုလည်း ခေတ္တချေးကာ ဖြည့်ဆည်းပေးထားပြီး ကတ္တရာခင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရခြင်း၊ မိမိတို့ ပြန်လည်ယူထားသောလမ်းပိုင်းကိုလည်း ပြုပြင်ဆောင်ရွက်လျက်ရှိခြင်းနှင့် မိုးကာလအတွင်း လမ်းမပျက်စေရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပန်းတောင်း-တောင်ကုတ်လမ်းပိုင်း တွင် နေလသစ္စာကုမ္ပဏီ၏ ဆောင်ရွက်ချက်သည် အားနည်းနေသည်ကို သိရှိသည့်အလျောက် တွန်းအားပေး ဆောင်ရွက်နေလျက်ရှိသည့်အပြင်  တချို့အပိုင်းများကို  ပြန်လည်လွှဲပြောင်းယူရယူပြီး ဆောင် ရွက်နေခြင်းများရှိပါကြောင်း၊ ပန်းတောင်း-တောင်ကုတ်လမ်းကြီး မိုးကာလအတွင်း သွားလာနိုင်ရေးကို ကုမ္ပဏီ အနေနှင့် မိမိတို့မှ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ၎င်းတို့၏လိုအပ်ချက်ကိုလည်း မိမိတို့မှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ ယခင်က ယာဉ်အသွားအလာများသည့်အတွက် ကောက်ခံရာတွင် ဝင်ငွေပိုရရှိခဲ့သော်လည်း ယခုအခါ ယာဉ်အသွားအလာ နည်းပါးသွားခြင်းကြောင့် တွက်ချေမကိုက်ပါကြောင်း၊   သို့ရာတွင် မနိုင်သည့်အပိုင်းကို မိမိတို့မှဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ဆောင်ရွက်နေသည့် အပိုင်းကို ကောင်းအောင်လည်း ဝိုင်းဝန်းပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်အတွင်းတွင် ငွေလုံးငွေရင်း ရန်ပုံငွေ သန်း ၄၀၀ ကို မိမိတို့ဘက်မှ လျာထားသကဲ့သို့ နေလသစ္စာကုမ္ပဏီအပိုင်းက ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ကို ပြန်လွှဲထားသည့် လမ်းပိုင်းမှ အခြားကုမ္ပဏီများက BOT လုပ်ငန်း ဆောင်ရွက်လိုပါက မိမိတို့အနေဖြင့် စိစစ်ပြီးဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ထို့ကြောင့် ပန်းတောင်း-တောင်ကုတ်လမ်းနှင့် ပတ်သက်၍  နွေ၊ မိုး၊ ဆောင်း အဆင့်မြင့် သွားလာနိုင်ရန် တွန်းအားပေးပြီး ဆောင်ရွက်လျက်ရှိသည့်နည်းတူ BOT လမ်းပိုင်း အနေနှင့် တာဝန်မကျေပါက လည်း နောက်ပိုင်းတွင်မိမိတို့မှ ပြန်သိမ်းဆည်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။