(ဂ)-ညောင်ဦးမြို့နယ်အတွင်းသမဝါယမအသင်းစုမှ ပိုင်ဆိုင်ခဲ့သော ပုဂံဟိုတယ်အားပုဂ္ဂလိကပိုင်အဖြစ် သို့ပြောင်းလဲပါကမည်သည့်ဘောင်နှင့်ပွင့်လင်းမြင် သာစွာပြောင်း လဲရောင်းချခဲ့သည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒေါ်ခင်မွှေးလွင်( မင်းကင်း မဲဆန္ဒနယ်)သမဝါယမအသင်းများကို မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၀ သမဝါယမအသင်းဥပဒေဖြင့် စတင် တည်ထောင်ခဲ့ပြီး လဝတလက်ထပ်တွင် ၁၉၇၀ သမဝါယမ အသင်းဥပဒေကို ပယ်ဖျက်ပြီး သမဝါယမအသင်းလီမိတက်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊ ၁၉၇၀ သမဝါယမအသင်း ဥပဒေ မပယ်ဖျက်မီနှင့် ပယ်ဖျက်ပြီး နောက်ပိုင်းတွင် လုပ်ငန်းများ၏ ဆုံးရှုံးမှုများကြောင့် ဘတ်ချေးငွေများ ဆပ်ရန်ရှိသည်များကို သမဝါယမပိုင် အဆောက်အအုံများ၊ မြေနေရာများ ရောင်းချပြီး စခဲ့ရသည့်အချိန်တွင် တိုင်တန်းမှုမျိုးစုံကို တွေ့ကြုံ ခဲ့ရသည်များ ရှိခဲ့ပါကြောင်း၊ တစ်ချို့နေရာများတွင် ဘတ်အကြွေးဆပ်ရန်မဟုတ်ဘဲ ရောင်းချခဲရပြီးှ စတင်ထူထောင်ခဲ့သည့် အင်းသားများ၏တာဝန်ကို ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား ထိုက်သင့်သော အကျိုးခံစားခွင်‌့မရရှိဘဲ ပြည်သူများကြားတွင် နောင်တရသည့်အသံများ ယခုအချိန်ထိ ကြားနေရဆဲဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ညောင်ဦးမြို့နယ်အသင်းစုပိုင် ပုဂံဟိုတယ်သည် ယခုအချိန်တွင် သမဝါယမ၏ ပိုင်ဆိုင်မှုလား၊ ပုဂ္ဂလိက၏ ပိုင်ဆိုင်မှုလားဆိုသည့် အငြင်းပွားဖွယ်များ ပြည်သူများအကြား ဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ ပွင့်လင်းမြင်သာလာသော အစိုးရသစ်လက်ထပ်တွင် သိရှိလိုကြသည့်အတွက် မေးခွန်းများ မေးမြန်းလာကြပါကြောင်း၊ မြေအကျယ်အဝန်း ၂ ဧကခွဲရှိသော ညောင်ဦးမြို့နယ်ရှိ ပုဂံဟိုတယ်သည် ဧရာဝတီမြစ်ကမ်းနဘေးတွင်ရှိပြီး မြန်မာမှု အနုပညာများဖြင့် မြန်မာဆန်ဆန်ပြု လုပ်ထားသော နိုင်ငံခြားသားများ နှစ်ခြိုက်သည့် အောင်မြင်ခဲ့သော ဟိုတယ်ကြီးတစ်ခု ဖြစ်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် သမဝါယမအသင်း သားများနှင့် ဒေသခံများသည် ဟိုတယ်ကို မည်သူက ပိုင်ဆိုင်နေသည်ဟူသော သတင်းစကားများကြောင့် သံသယများ ဖြစ်ပေါ်နေပါကြောင်း၊ လက်ရှိပိုင်ဆိုင်မှုသည် သမဝါယမအသင်းပိုင် မဖြစ်တော့ပါက မည်သူ့ထံကို ပြင်ပပေါက်ဈေးနှင့် လျော်ညီစွာ ရောင်းချခဲ့ခြင်းတို့ကို ပွင့်လင်းမြင်သာစွာ ပြည်သူများနှင့် အသင်းသားများကို အသိပေးသင့်ပါကြောင်း၊ ထို့ကြောင့် ညောင်ဦးမြို့နယ်ရှိ သမဝါယမအသင်းစုက ပိုင်ဆိုင်ခဲ့သော ပုဂံဟိုတယ်ကို ပုဂ္ဂလိကပိုင်အဖြစ်သို့ ပြောင်းလဲသည်ဆိုပါက မည်သည့်မူဘောင်အနေဖြင့် ပွင့်လင်းမြင်သာ စွာပြောင်းလဲရောင်း ချခဲ့သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမဝါယမဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်း
အဖြေ

သမဝါယမဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းညောင်ဦးမြို့နယ်၊ ပုဂံသမဝါယမဟိုတယ်သည် မူလကပုဂံညောင်ဦးမြို့နယ်၊ အနော်ရထာ အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း (ညောင်ဦးမြို့နယ်သမဝါယမအသင်းစု)၏ ပုဂံမြို့ဟောင်းရှိ အသင်းပိုင်မြေ ၃ ဧကပေါ်တွင် ၁၉၇၂-၁၉၇၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သော တည်ခိုခန်းဖြစ်ပါကြောင်း၊ အဆောက်အဦသည် နံကပ်၊ သွပ်မိုး၊ အများသုံးရေလောင်းအိမ်သာတို့ပါဝင်ပြီး အခန်း ၁၄ ခန်းဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုအချိန်က ညောင်ဦးမြို့နယ်တွင် မကွေးတိုင်း၏ ကွပ်ကဲမှုအောက်တွင် ရှိသည့်အတွက် ၎င်းတည်းခိုခန်းသည် မြို့အင်္ဂါရပ်နှင့် မညီညွတ်သည့်အတွက် မကွေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌမှ ၎င်းတည်းခိုခန်းကို အဆင့်မြင့်ဟိုတယ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ရန် လမ်းညွှန်ခဲ့ပါကြောင်း၊ အသင်းစု အနေဖြင့် ငွေကြေးအခက်အခဲရှိသည့်အတွက် မန္တလေးမြို့၊ ရတနာပူရသမဝါယမအသင်းနှင့် သမဝါယမ အသင်းနှစ်သင်း အကျိုးတူပူးပေါင်း ဆောင်ရွက် ခဲ့ကြပါကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ ကြရာတွင် ညောင်ဦးမြို့နယ် သမဝါယမ အသင်းစုက မြေတန်ဖိုးသိန်း ၁၀၀ ကို အစုရှယ်ယာတန်ဖိုးအဖြစ် သတ်မှတ်ပြီး အကျိုးတူဆောင်ရွက် မည့် ရတနာပူရသမဝါယမအသင်းက ကျပ်သိန်း ၄၀၀ ထည့်ဝင်ရန် စာချုပ်ချုပ်ဆိုခဲ့ကြပါကြောင်း။

သမဝါယမအသင်း နှစ်သင်းပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးတူဆောင်ရွက်သည့် ရတနာပူရ သမဝါယမအသင်းက စာချုပ်အရ သတ်မှတ်ထားခဲ့သော အစုရှယ်ယာကို ထည့်ဝင်မှုမရှိဘဲ ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းကို အကြောင်းပြု ပြီး မွေးမြူရေးနှင့် ရေ လုပ်ငန်းဘဏ်မှ ဘဏ်ချေးငွေများ ရယူပြီး ပုဂံသမဝါယမဟိုတယ်ကို တည်ဆောက်ခဲ့ပြီး ၂၁-၆-၁၉၉၆ မှစပြီး လုပ်ငန်းလည်ပတ်ခဲ့ပါကြောင်း၊ စုစုပေါင်းဘဏ်ချေးငွေကျပ်သိန်း ၇၀၀၀ ကျော်ရယူခဲ့သော်လည်း ချေးငွေများ အချိန်မီပေးဆပ်မှု မရှိခြင်း၊ ငွေကြေးယာယီအလွဲ သုံးစားမှု ဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ပုဂံဟိုတယ်လုပ်ငန်းကို မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်က ၂၀၀၀ ခုနှစ်မှစတင်၍ ၅ နှစ်နှင့် ၃ လဝင်ရောက်သိမ်းယူခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ကာ ရငွေဖြင့် ချေးငွေအရင်းနှင့် အတိုးစုစုပေါင်း ကျပ်သိန်း ၁၁၂၁၂ သိန်းကို ခုနှိမ်ရယူခဲ့ပြီး ၃၁-၃-၂၀၀၅ ရက်နေ့တွင် ချေးငွေများ ကျေသွားသည့်အတွက် မွေးမြူရေးဘဏ်မှ သမဝါယမအသင်းကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါကြောင်း။

အကျိုးတူဆောင်ရွက်ခဲ့သည့် ရတနာပူရသမဝါယမအသင်းက စာချုပ်စည်းကမ်းပါအတိုင်း လိုက်နာမှု မရှိသည့်အပြင် မူလပိုင်ရှင်ဖြစ်သော ညောင်ဦးမြို့နယ် သမဝါယမအသင်းအပေါ် အကျိုးငွေခွဲဝေပေးမှု မရှိခဲ့ကြောင်း၊ အဆင့်ဆင့်တင်ပြသည့်အတွက် သမဝါယဝန်ကြီးဌာနက ဟိုတယ်လုပ်ငန်း၏ ၉ နှစ်တာကာလ စာရင်းများကို စုံစမ်းစစ်ဆေးပြီး ရတနာပူရသမဝါယမအသင်းမှ ရရန်ရှိငွေများကို ခုနှိမ်၍ စာချုပ်ပါ စည်းကမ်းအတိုင်း ရှင်းလင်းစေခဲ့ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သော ရတနာပူရ သမဝါယမအသင်းကိုလည်း အသင်းစည်းကမ်းနှင့် မညီညွတ်သည့်အတွက် ၂၄-၈-၂၀၀၆ နေ့တွင် စာရင်း ရှင်းလင်း ဖျက်သိမ်းခဲ့ပါကြောင်း။

၎င်းအချိန်မှာ ညောင်ဦးမြို့၌ အခြားဟိုတယ်များလည်း အပြိုင်အဆိုင်ပေါ်လာခြင်း၊ ညောင်ဦး မြို့နယ်သမဝါယမအသင်းစုအနေနှင့် လုပ်ငန်းကျွမ်းကျင်မှုမရှိခြင်း၊ ဟိုတယ်တွင်လည်း ပြုပြင်ဆောင်ရွက်ရန် လိုအပ်နေခြင်း၊ ပြုပြင်စရိတ်များကိုလည်း ကျခံရန် အခက်အခဲရှိခြင်းတို့ကြောင့် ထက်အာကာကျော် သမဝါယမအသင်းစုသို့ ငှားရမ်းရန် အသင်းအချင်းချင်း စီစဉ်ဆောင်ရွက်ခဲ့ပြီး ဟိုတယ်ကိုလည်း ထက်အာကာကျော် သမဝါယမအသင်းစုမှ ကျပ်သိန်း ၅၀၀၀ ကျော်ကုန်ကျခံပြီး အကြီးစားပြင်ဆင်မှု ပြုလုပ်ခဲ့ပါကြောင်း၊ ၎င်းပြုပြင်စရိတ်များကို ညောင်ဦးမြို့နယ် သမဝါယမအသင်းစု အနေဖြင့် ပေးဆပ်ရန် အခက်အခဲရှိခြင်းတို့ကြောင့် ၁၅-၁၂-၂၀၁၀ ရက်နေ့တွင် ပြုလုပ်သော အသင်းစု ဒါရိုက်တာအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၁၀-၂၀၁၁) တွင် ပုဂံသမဝါယမဟိုတယ်ကို အနိမ့်ဆုံး ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ တစ်သန်း သို့မဟုတ် သင့်တင့်သောနှုန်းထားဖြင့် ထက်အာကာကျော် သမဝါယမအသင်းစုကို လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ပြီး ၂၂-၁၂-၂၀၁၀ ရက်နေ့တွင် ပြုလုပ်သော သမဝါယမအသင်းစု၏  အထူးအရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင်လည်း အသင်းဝင်ကိုယ်စားလှယ်များ အားလုံးက အတည်ပြုဆုံးဖြတ်ခဲ့ပါကြောင်း၊ ၎င်းဆုံးဖြတ်ချက်အရ ထက်အာကာကျော် သမဝါယမ အသင်းစုအောက်ရှိ ကောင်းထက်စံ အိမ်အလှဆင်လုပ်ငန်းနှင့် ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်ကို သမဝါယမအသင်းအချင်းချင်း မြန်မာငွေကျပ်သိန်း ၁၀၀၀၀ ဖြင့် ၅-၇-၂၀၁၁ ရက်နေ့တွင် နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုပြီး အရောင်းအဝယ် ပြုလုပ်ခဲ့ပါကြောင်း။

ညောင်ဦးမြို့နယ် သမဝါယမအသင်းနှင့် ကောင်းထက်စံအိမ်အလှဆင်လုပ်ငန်း သမဝါယမအသင်းတို့ အရောင်းအဝယ်စာချုပ်ကို ၁၃-၇-၂၀၁၁ ရက်နေ့တွင် ညောင်ဦးမြို့နယ်မြေစာရင်းဦးစီးဌာန၌ ကျသင့်အခွန်ငွေနှင့် တံဆိပ်ခေါင်းခွန်များ ပေးဆောင်ပြီး ယာယီစာချုပ်အမှတ် ၄၄/၂၀၁၁ ဖြင့် မှတ်ပုံတင်ရန် ဆောင်ရွက်ခဲ့ပြီး ဝယ်ယူငွေကျပ်သိန်း ၁၀၀၀၀ ကိုလည်း ပေးချေခဲ့ပါကြောင်း၊ ထက်အာကာကျော် သမဝါယမအသင်းစုအနေဖြင့် အပြီးသတ်မှတ်ပုံတင်ရန်အတွက် ကြေးတိုင်နှင့် ပေးသွင်းထားသောငွေများကို တင်ပြဆောင်ရွက်နေစဉ်တွင် ကောင်းထက်စံ သမဝါယမ အသင်းက ပေးသွင်းထားသောငွေကို ညောင်ဦးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိမှ ကျပ်သိန်း ၅၀၀၀ ကျော်ကို အလွဲသုံးစားပြုလုပ်ခဲ့ပြီး ညောင်ဦးမြို့နယ် သမဝါယမအသင်းစု အမှုဆောင်အဖွဲ့မှလည်း ရဲစခန်းတွင် အမှုဖွင့်လှစ်၍ ညောင်ဦးမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် အသင်းစုမှ တာဝန်ရှိအမှုဆောင်များကို ကျသင့်ငွေများပေးလျော်စေပြီး တာဝန်မှရပ်စဲခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း။

သို့ဖြစ်ပါ၍ မှတ်ပုံတင်ခြင်းလုပ်ငန်းကို အပြီးသတ်မဆောင်ရွက်နိုင်ဘဲ ရပ်ဆိုင်းထားရှိခဲ့ပါကြောင်း၊ ၁၈-၂-၂၀၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ အသင်းဝင်ကိုယ်စားလှယ် ၈၉ ဦး ပါဝင်သော အသင်းစုဒါရိုက်တာ အဖွဲ့ဝင်များနှင့် ညောင်ဦးမြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပုဂံသမဝါယမဟိုတယ်ငှားရမ်းခြင်း၊ ရောင်းချခြင်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြတ်သားအောင် ဆောင်ရွက်ပေးရန် အသင်းဝင်အခြေခံသမဝါယမအသင်း ကိုယ်စားလှယ်များက အကြံပြုတင်ပြခဲ့ပါကြောင်း၊ ၎င်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုသော သမဝါယမအသင်း ၂ သင်း၏ ဒါရိုက်တာအဖွဲ့များ တွေ့ဆုံညှိနှိုင်းပြီး ပုဂံသမဝါယမဟိုတယ်လုပ်ငန်းကို ပြီးပြတ်အောင် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ညောင်ဦးမြို့နယ် သမဝါယမအသင်းစုဒါရိုက်တာအဖွဲ့နှင့် အသင်းဝင် အခြေခံ သမဝါယမအသင်းများကိုယ်စား အသင်းကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် ကောင်းထက်စံ အိမ်အလှဆင်ရောင်းဝယ်ရေး သမဝါယမအသင်းဒါရိုက်တာများနှင်‌့ ၂၇-၂-၂၀၁၄ ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းခဲ့ပါကြောင်း။

ညောင်ဦးမြို့နယ် သမဝါယမအသင်းစုအနေဖြင့် ဟိုတယ်အား ရောင်းချသည့် ရောင်းချရငွေများ လက်ခံရရှိထားပြီး ဟိုတယ်တွင်လည်း ကောင်းထက်စံအိမ်အလှဆင်လုပ်ငန်း သမဝါယမအသင်း လက်ဝယ်ရောက်ရှိနေ၍ ငှားရမ်းခ မရရှိခြင်း၊ ကောင်းထက်စံသမဝါယမအသင်းကလည်း မပြီးမပြတ် ဖြစ်နေသည့်အတွက် ဟိုတယ်ကိုလည်း မွမ်းမံပြင်ဆင်တည်ဆောက်မှု မပြုနိုင်သည့်အတွက် သမဝါယမအသင်း ၂ သင်းလုံး အကျိုးမရှိပါကြောင်း၊ ကောင်းထက်စံအိမ်အလှဆင် သမဝါယမအသင်းအနေဖြင့် နိုင်ငံတကာအဆင်‌့မီ သမဝါယမဟိုတယ်တစ်ခုဖြစ်အောင် ဆောင်ရွက်သွားနိုင်ရန် ညောင်ဦးမြို့နယ် သမဝါယမအသင်းစုအနေဖြင့် ပုဂံသမဝါယမဟိုတယ် ရောင်းချရငွေဖြင့် ညောင်ဦးမြို့နယ်အတွင်းရှိ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အသင်းလုပ်ငန်းများ မြှင့်တင်ခြင်းအပါအဝင် အသေးစားချေးငွေလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဦးတည်ပြီး အသင်း ၂ သင်းမှ ပွင့်လင်းမြင်သာစွာ အချင်းချင်း ညှိနှိုင်းခဲ့ပါကြောင်း၊ နောက်ဆုံးညှိနှိုင်းချက်အရ ကောင်းထက်စံ အိမ်အလှဆင်လုပ်ငန်း သမဝါယမအသင်းက ညောင်ဦးမြို့နယ် သမဝါယမအသင်းစုသို့ ကျပ်သိန်း ၄၅၀၀ ထပ်မံပေးရန် သဘောတူဆုံးဖြတ်ခဲ့ပါကြောင်း။

သမဝါယမအသင်းများသည် နိုင်ငံတော်မှ အတည်ပြုပြဋ္ဌာန်းထားသော သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းမှတ်ပုံတင်ထားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း(NGO)များ ဖြစ်သည့်အတွက် သမဝါယမ အသင်း၏ ကိစ္စအဝဝကို အသင်းသားများမှ စီမံခန့်ခွဲပိုင်ခွင်‌့ရှိပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ သမဝါယမအသင်း နည်းဥပဒေ အခန်း(၁၂)၊ အပိုဒ် ၇၀ (က) တွင် အရပ်ရပ်ဆိုင်ရာအစည်းအဝေးသည် သမဝါယမအသင်း၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး သမဝါယမအသင်း၏ ကိစ္စအဝဝကို အပြီးသတ် ဆုံးဖြတ်နိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နည်းဥပဒေအခန်း(၆)  အပိုဒ် ၃၇ တွင် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ အသင်းသား၊ အသင်းဝင်ကိုယ်စားလှယ်၊ ဦးစီးကော်မတီဝင်ဦးရေ ထက်ဝက်ကျော် တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အသင်းမှရေးဆွဲထားသော အသင်းစည်းကမ်းဥပဒေအပိုဒ် - ၂၀ (ဈ) တွင် အသင်းအတွက် လိုအပ်သော ရင်းနှီးပစ္စည်းများရယူခြင်းနှင့် ပြန်လည်ထုခွဲရောင်းချခြင်းကို အရပ်ရပ်ဆိုင်ရာအစည်းအဝေးဖြင့် ဆုံးဖြတ်ဆောင်ရွက်ရန် ဖော်ပြထားပြီး အသင်းစည်းကမ်းဥပဒေအပိုဒ် - ၂၇ (ဎ) တွင် ဆောင်ရွက်သမျှသော ကိစ္စတို့အတွက် ဒါရိုက်တာအဖွဲ့က အရပ်ရပ်ဆိုင်ရာ အစည်းအဝေး၏ တာဝန်ခံအဖြစ် ဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ ညောင်ဦးမြို့နယ် သမဝါယမအသင်းစုသည် ပုဂံသမဝါယမဟိုတယ်ကို သမဝါယမအသင်းအချင်းချင်း ရောင်းချရန်အတွက် အထက်ပါဥပဒေ၊ နည်းဥပဒေများနှင့်အညီ အသင်းဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်၊ အသင်းစု၏ အထူးအရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆုံးဖြတ် ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အသင်းအချင်းချင်း လွှဲပြောင်းရောင်းချခြင်းလုပ်ငန်း ပြီးပြတ်မှုမရှိခဲ့ခြင်းအပေါ် သမဝါယမအသင်းစု၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ အသင်းဝင်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက်အရ အထက်တင်ပြပါအတိုင်း နှစ်ဖက်သမဝါယမအသင်းအချင်းချင်း ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အသင်း၏ စည်းကမ်းဥပဒေပါ ဒါရိုက်တာအဖွဲ့၏ တာဝန်ခံမှု၊ အသင်းနည်းဥပဒေတွင် ပြဌာန်းထားသော အသင်းအရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆုံးဖြတ် ချက်များနှင့် ဆောင်ရွက်ခဲ့သည့်အတွက် ဥပဒေမူဘောင်များနှင့် အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။

ထိုသို့ နှစ်ဖက်သမဝါယမအသင်းအချင်းချင်း ညှိနှိုင်းရရှိမှုကို ညောင်ဦးမြို့နယ်သမဝါယမ အသင်းစုက ညောင်ဦးမြို့နယ် သမဝါယမဦးစီးဌာနသို့ တင်ပြခဲ့ပြီး ညောင်ဦးမြို့နယ် သမဝါယမဦးစီးဌာနက သမဝါယမဦးစီးဌာန အဆင်‌့ဆင်‌့မှတစ်ဆင့် သမဝါယမဝန်ကြီးဌာနသို့ ဆက်လက်တင်ပြခဲ့ရာ ၁၃-၃-၂၀၁၅ နေ့၌ ကျင်းပသော သမဝါယမဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် ၇/၂၀၁၄ တွင် သမဝါယမအသင်း လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်သည့်အတွက် သမဝါယမဝန်ကြီးဌာနမှ မှတ်တမ်းတင် အတည်ပြုခဲ့ပါကြောင်း၊ ၎င်းဆောင်ရွက်ခဲ့မှု အခြေအနေအပြည်‌့အစုံကိုလည်း ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ ၁၈-၇-၂၀၁၄ ရက်နေ့တွင် ပြုလုပ်သော ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင် အသင်းဝင်ကိုယ်စားလှယ်များကို ပွင့်လင်းမြင်သာစွာ အသေးစိတ်ချပြ ရှင်းလင်းခဲ့ပါကြောင်း၊ ၎င်းအစည်းအဝေးတွင် အသင်းဝင် ၁၀၈ သင်းအနက် အသင်းဝင်ကိုယ်စားလှယ် ၁၀၃ ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသော အသင်းဝင်ကိုယ်စားလှယ်အားလုံးမှ သဘောတူညီခဲ့ပြီး ဖြစ်ပါကြောင်း၊ နှစ်ဖက်သမဝါယမအသင်းများ သဘောတူညီချက်ရရှိပြီး ကောင်းထက်စံအိမ်အလှဆင်လုပ်ငန်းနှင့် ရောင်းဝယ်ရေး သမဝါယမအသင်းက အသင်းအချင်းချင်း အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ခြင်း၊ ဂရန်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြေစာရင်းဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော အဖွဲ့ဝင်များဖြင်‌့ ကွင်းဆင်းစိစစ်ခဲ့ကြပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စိစစ်ချက်များနှင့်အတူ မြို့နယ်/ခရိုင်/တိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တိုင်းအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဂရန်ထုတ်ပေးခဲ့ပြီး ဆက်လက်၍ မြေစာရင်းဦးစီးဌာနက အရောင်းအဝယ် စာချုပ်မှတ်ပုံတင်ခြင်းအတွက် ခုနစ်ရက်အတွင်း ကန့်ကွက်ရန်ရှိ/မရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရှေးဟောင်းသုတေသန ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် အခြားဌာန ဆိုင်ရာရုံးများ၏ ကြော်ငြာသင်ပုန်းများ၌ ကြေညာခဲ့ပါကြောင်း၊ သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမရှိခဲ့သဖြင့် ကောင်းထက်စံအိမ်အလှဆင်လုပ်ငန်းနှင့် ရောင်းဝယ်ရေး သမဝါယမအသင်းအမည်ဖြင့် မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရန် မြို့နယ်သမဝါယမဦးစီးဌာနမှ ခရိုင်မြေစာရင်း ဦးစီးဌာနသို့လည်းကောင်း၊ ခရိုင်မြေစာရင်းဦးစီးဌာနမှ တိုင်းမြေစာရင်းဦးစီးဌာနသို့လည်းကောင်း ဆက်လက်တင်ပြခဲ့ပြီး တိုင်းမြေစာရင်းဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ကောင်းထက်စံ အိမ်အလှဆင်လုပ်ငန်းနှင့် ရောင်းဝယ်ရေး သမဝါယမအသင်းကလည်း နိုင်ငံတော်ကသတ်မှတ်ထားသော ကျသင့်သည့် အခွန်များကို ပေးဆောင်ပြီး မှတ်ပုံတင်ခြင်း ဆောင်ရွက်ခဲ့သည့်အတွက် မြေစာရင်းဦးစီးဌာနကလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ပွင့်လင်းမြင်သာစွာ  ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။

ပုဂံဟိုတယ်အား ကောင်းထက်စံအိမ်အလှဆင်လုပ်ငန်းနှင့် ရောင်းဝယ်ရေးသမဝါယမအသင်းမှ ဝယ်ယူပြီးနောက် တစ်ပြည်လုံးရှိ သမဝါယမအသင်းများကလည်း စီးပွားရေးအကျိုးတူ ဆောင်ရွက်နိုင်ရန် အစုရှယ်ယာ ထည့်ဝင်နိုင်ပါကြောင်းကို ၁၈-၁၂-၂၀၁၄ ရက်နေ့တွင် သမဝါယမအသင်းများ အားလုံးကို ကမ်းလှမ်းထားပါကြောင်း၊ ယနေ့အထိ သမဝါယမအသင်း ၅ သင်းက ကျပ်သိန်း ၅၀၀၀ ထည့်ဝင်ထားပြီးဖြစ်ပါကြောင်း၊ ကောင်းထက်စံအိမ်အလှဆင်လုပ်ငန်းနှင့် ရောင်းဝယ်ရေးသမဝါယမ အသင်းအနေဖြင့် နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နိုင်ရန်အတွက် မိမိအသင်းတစ်သင်းတည်းမဟုတ်ဘဲ အခြားသမဝါယမအသင်းများကိုလည်း ပွင့်လင်းမြင်သာစွာ ဖိတ်ခေါ်ထားသည်ကို တွေ့ရှိရပါကြောင်း။

သို့ဖြစ်၍ ညောင်ဦးမြို့နယ်၊ ပုဂံသမဝါယမဟိုတယ်အား ပုဂ္ဂလိကပိုင်အဖြစ်သို့ ပြောင်းလဲထားခြင်း မဟုတ်ပါကြောင်းနှင့် အထက်ဖော်ပြပါအတိုင်း သက်ဆိုင်ရာသမဝါယမအသင်းစု၏ အသင်းစည်းကမ်းပါ စည်းကမ်းချက်များ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပြီး ညှိနှိုင်းရောင်းချခဲ့ခြင်းဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြော်ငြာသင်ပုန်းများတွင် ကြေငြာ၍ မှတ်ပုံတင်ခြင်း၊ ဂရန်ထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်ခင်မွေးလွင် (မင်းကင်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သမဝါယမအသင်းပိုင်အဆောက်အဦများ မြေနေရာများကို ထုခွဲရောင်းချခဲ့သည့် သမဝါယမဘဏ်ချေးငွေများ၊ အကြွေးများ ဆပ်ခဲ့ရသည်ကို သိရှိရသည့်အတွက် နိုင်ငံတော်အပေါ်တွင် ယခုအချိန်တွင် သမဝါယမ၏ အကြွေးကျန်မရှိသည်ကို ရှင်းပြထား၍ သရှိရပါကြောင်း၊ ထို့ကြောင့် ယခုဆောင်ရွက်နေသော သမဝါယမလုပ်ငန်းသစ်များ ဆောင်ရွက်သည့်အခါ ယခင်က လုပ်ခဲ့သော လုပ်ငန်းများအပေါ် သင်ခန်းစာရယူနိုင်ရန် ယခုအချိန်သည် ပွင့်လင်းမြင်သာလာသည့်အတွက် (က) နိုင်ငံအတွင်း သမဝါယမအသင်းပိုင် အဆောက်အဦနှင့် မြေနေရာများ မည်မျှကျန်ရှိနေသည်နှင့် (ခ) သမဝါယမအသင်းစုများ ပိုင်ဆိုင်ခဲ့သော အဆောက်အဦများ၊ မြေနေရာများ ရောင်းချပြီး ဘဏ်ချေးငွေများ ဆပ်ခဲ့ရသည့် စာရင်းများကို နှစ်အလိုက် ရှင်းလင်းဖော်ပြပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

သမဝါယမဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်း

ယခုမေးမြန်းသော ထပ်ဆင့်မေးခွန်းသည် စာရင်းဇယားများ ပြန်လည်ပြုစုရမည်ဖြစ်သည့်အတွက် ပြန်လည်ပြီးတော့ ဒုတိယဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလာပါက ပြန်လည်ဖြေကြားသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။