Skip to main content

ကျွန်တော်တို့မိုးမိတ်မြို့သည် ရှမ်းစော်ဘွားများလက်ထက်ကတည်းက တည်ရှိခဲ့သည့် မြို့ဖြစ်ပါကြောင်း၊ မြို့အနေအထားအရဆိုလျှင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က လျှပ်စစ်မီးလင်းရေးသည် ၂၄ နာရီရရှိပါကြောင်း၊ ယခုနောက်ပိုင်းတွင် လျှပ်စစ်မီးရရှိမှု မရှိတော့သည့်အတွက် မိုးမိတ်မြို့သည် ယခုဆိုလျှင် ခရိုင်မြို့လည်းဖြစ်နေပြီး စစ်တပ်ကလည်းသုံးတပ်၊ အခြေချစစ်ဗျူဟာတစ်ခု တည်ဆောက်ပြီး အထက်တန်းကျောင်းကလည်းသုံးကျောင်း၊ ကျောင်းခွဲများကလည်း လေးကျောင်းအပြင် အထက်တန်းကျောင်းခွဲများလည်း ရှိပါကြောင်း၊ ယခုဆိုလျှင် ကျောင်းသား/သူများက စာမေးပွဲဖြေသည့်အချိန်တွင် အခက်အခဲဖြစ်သည့်အတွက်ကြောင့် မြို့၏ လျှပ်စစ်မီးကို မည်သည့်နေ့၊ မည်သည့်အချိန်၊ မည်သည့်လတွင် စတင်ပြီးရရှိမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


မိုးမိတ်မြို့ကို ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးနိုင်ရန်အတွက် ၁၃၂ ကေဗွီခွဲရုံဖြစ်သည့် လက်ပံလှခွဲရုံမှ တစ်ဆင့် ဇရပ်ကွင်းခွဲရုံကို ၆၆ ကေဗွီလိုင်းနှင့် စတင်ဓာတ်အားပို့လွှတ်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါ အဆိုပါဓာတ်အားလိုင်းတည်ဆောက်သည်မှာ ပြီးစီးသွားပြီဖြစ်ပါကြောင်း၊

ထို့အပြင် မိုးမိတ်မြို့ကို ၂၄ နာရီပေးနိုင်ရန်အတွက် ၆၆ ကေဗွီ မိုးကုတ်-မိုးမိတ်ဓာတ်အားလိုင်း ၂၄.၆၅ မိုင်နှင့် မိုးမိတ်မြို့အတွင်း ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ စတင်၍ လည်းကောင်း၊ မိုးမိတ်ဓာတ်အားခွဲရုံမှတစ်ဆင့် မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်ကို ဓာတ်အားပေးနိုင်ရန် ၁၁ ကေဗွီ ဓာတ်အားလိုင်း ခြောက်မိုင် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ‌ခြောက်လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၄.၅ မိုင်တို့ကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေများဖြင့်လည်းကောင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာကို ဓာတ်အားပေးနိုင်ရန် အတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၀.၈ မိုင်နှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၂၁ လုံးဖြင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၂၁.၉၇ မိုင်တို့ကိုလည်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်များတွင် ပြည်နယ်အစိုးရရန်ပုံငွေများဖြင့် တည်ဆောက်ထားပြီးဖြစ်ပါကြောင်း၊

ဇရပ်ကွင်းမှသည် မိုးကုတ်သို့ လက်ရှိက ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးထားခြင်း ဖြစ်ပါကြောင်း၊ သို့သော် ဓာတ်အားလိုင်းသည် နှစ်ရှည်နှစ်ကာလကြာမြင့်သည်က တစ်ကြောင်း၊ တောတောင်များကို ထူထပ်စွာတည်ဆောက်ထားသည့် အတွက်ကြောင့် မိုးကုတ်မြို့၏ လျှပ်စစ်အခြေအနေမှာ အားရမှုမရှိပါသည့် တွက်ကြောင့် ၆၆ ကေဗွီဓာတ်အားလိုင်းအသစ်ကို တည်ဆောက်ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါဓာတ်အားလိုင်းတည်ဆောက်မှုသည် ယခုမတ်လ လဆန်းပိုင်းတွင် တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ပါကြောင်း၊ တည်ဆောက်ပြီးစီးသွားသည့် ဓာတ်အားလိုင်းကနေ ဓာတ်အားပို့လွှတ်ရာတွင် ဇရပ်ကွင်းဓာတ်အားခွဲရုံနှင့် မိုးကုတ်ဓာတ်အားခွဲရုံကို မီးပိတ်ပြီး ဓာတ်အားလိုင်းကို ချိတ်ဆက်ရမည် ဖြစ်သည့်အတွက်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုစဉ်ကာလအတွင်း အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ခဲ့လျှင် စာမေးပွဲဖြေဆိုမှုနှင့် စာပေလေ့လာမှုများကို အနှောင့်အယှက်ဖြစ်မည် စိုးသည့်အတွက် ယခုရက်ပိုင်းအတွင်း ထိုလုပ်ငန်းများ ဆိုင်းငံ့ထားခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုကာလများ ပြီးဆုံးသွားသည့်အချိန်တွင် မိုးကုတ်မြို့အထိ ၆၆ ကေဗွီဓာတ်အားကို ၂၀၊ ၂၁၊ ၂၂ မတ်လရက်များ အတွင်း မိုးကုတ်ကိုစတင်ပို့လွှတ်မည် ဖြစ်ပါကြောင်း၊ မိုးကုတ်ကို ဓာတ်အားရရှိသွားပြီဆိုလျှင် မိုးကုတ်မှမိုးမိတ်သို့ ဓာတ်အားလိုင်းအသင့် တည်ဆောက်ပြီးစီး သွားပြီဖြစ်သည့်အတွက်ကြောင့် ထပ်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းများကို မတ်လနောက်ဆုံးပတ်အတွင်း ဆောင်ရွက်ပြီး ဓာတ်အားပို့လွှတ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

လျှပ်စစ်နှင့်‌စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်