Skip to main content

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈တွင် လွတ်လပ်သော ဘာသာရေးကိုးကွယ်မှုနှင့် ကူညီထောက်ပံ့ရန် ပါရှိပါကြောင်း၊  မြန်မာနိုင်ငံတွင် အကြမ်းဖြင်း ဘာသာ ၄ မျိုးရှိရာ လွတ်လပ်စွာ ကိုးကွယ်လာ ကြခဲ့သည့်အပြင် အတူနေ ယှဉ်တွဲပြီးတော့ ငြိမ်းချမ်းစွာ နေထိုင်လာကြသော်လည်း ၂၀၁၂ ခု နောက်ပိုင်း ရခိုင် တိုင်းရင်းသားဒေသခံ များနှင့် ဘန်ဂါလီတို့ ပဋိပက္ခ ဖြစ်ပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းမှု အနည်းငယ်ပျက်ပြားခဲ့ပါကြောင်း၊ ယခုအချိန်ထိ ရခိုင်ပြည်နယ်တွင် တည်ငြိမ်မှု မရှိဘဲ အေးချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရန် နိုင်ငံတော်၏ တရားဥပဒေအရ ဒေသခံတို့မှ ကြိုးစားဆောင်ရွက် ပါသော်လည်း နိုင်ငံခြား တိုင်းပြည်တချို့မှ နည်းမျိုးစုံဖြင့် မဆီမဆိုင်ဝင်ရောက်ပြီး စွက်ဖက်နေသည် ကို တွေ့ရပါကြောင်း၊ ကုလသမဂ္ဂ ကိုယ်စားလှယ်ပင် လိုက်ပါ ဆောင်ရွက်နေသည်ကို လည်း တွေ့ရှိ ရပါကြောင်း၊ ပြည်တွင်းမှာရှိသော ဘန်ဂါလီများ အရောင့်တက်ပြီး နိုင်ငံတော်သစ္စာ မစောင့်ဘဲ လုံခြုံရေးကို မထီမဲ့မြင်ပြုလုပ်ခြင်း၊ အစိုးရပိုင်ရစခန်းများကို မီးရှို့ခြင်း၊ မြန်မာနိုင်ငံကို ကျူးကျော်လုယူမည့်အစီအစဉ်ကို လုပ်ဆောင်လာစေပြီး တာလီဘန်များကို လက်ခံယူထား၍ နိုင်ငံတော်ကို ပုန်ကန်လာခြင်း၊  ရခိုင်များက ဘာသာရေးအရ အတူယှဉ်တွဲနေထိုင်ရန် ကြိုးစားသော်လည်း ၎င်းတို့ကမူ လူမျိုးနှင့်ဘာသာရေး ကို ရှေ့တန်း တင်၍ နိုင်ငံခြားပယောဂဝင်ကာ ဆက်လက် အကြမ်းဖက်နေသည့်အတွက် အေးချမ်းမှုကို မည်သည့် အခါမျှ ရမည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် ဖြစ်ပျက်ခဲ့သော သင်ခန်းစာများကိုယူ၍ ထိန်းသိမ်းနိုင်ရန် တစ်နိုင်ငံလုံး သန်းခေါင်စာရင်းမကောက်မီ လူမျိုးနှင့် ကိုးကွယ်သူတို့ကိုတွဲပြီး လူဦးရေနှင့်ပြသရန် တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများတွင် ဘာသာလေးမျိုး၏ကိုးကွယ်သော ဘာသာနှင့် လူမျိုးစာရင်းကိုတွဲ၍ သိရှိနိုင်ရန် အရေးကြီးလာပါကြောင်း၊ ထိုကြောင့် တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စီရင်စုနှင့် ဒေသ အတွင်း ကိုးကွယ်သည့် ဘာသာနှင့်လူမျိုး တွဲ၍ဖော်ပြပါရန် အစီအစဉ် ရှိ/မရှိနှင့်  အစီအစဉ်ရှိပါက ဗဟုသုတအဖြစ် မှတ်တမ်းတင်လျှင် သန်းခေါင်စာရင်း မပြုစုမီ ဖော်ပြပါခြင်းရှိ/မရှိကို သိရှိလိုကြောင်းမေးမြန်းပါသည်။


 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၁၉၈၃ ခုနှစ်တွင် နောက်ဆုံးအကြိမ် ကောက်ယူခဲ့ပြီး  ငါးနှစ်တစ်ကြိမ် လူဦးရေစစ်တမ်းများသာကောက်ယူ၍ ခန့်မှန်းလူဦးရေစာရင်းများကို ပြုစုဆောင်ရွက်ခဲ့ ပါကြောင်း၊  တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စီရင်စုနှင့် ဒေသများတွင် ကိုးကွယ်သည့်ဘာသာ အလိုက် လူဦးရေကို ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးစီးမှသာ တိကျစွာ ထုတ်ပြန် နိုင်မည်ဖြစ်ပါ ကြောင်းနှင့် သန်းခေါင်စာရင်း မေးခွန်းပုံစံ စာတိုင် ၇ တွင် လူတစ်ဦးချင်းစီအတွက် ကိုးကွယ်သည့်ဘာသာကို မေးမြန်းထားသောကြောင့် ကိုးကွယ်သည့် ဘာသာအလိုက်လူဦးရေကို တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်၊ မြို့နယ်အဆင့်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေကို ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းမကောက်ယူမီ ထုတ်ပြန်မည် ဆိုပါက တိကျ မှန်ကန်သည့် ကိန်းဂဏန်းများ ရရှိရန်ခက်ခဲသဖြင့် မလိုလားအပ်သောပြဿနာများ ဖြစ်ပွားနိုင်သောကြောင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူပြီးမှသာ ကိုးကွယ်သည့်ဘာသာအလိုက် လူဦးရေစာရင်းအား မှန်ကန်တိကျစွာ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသွားပါသည်။