Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၏ ၂၀၁၇ ခုနှစ် မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်း ဆက်စကား

     ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသော သုခနဲ့ ပြည့်စုံ ကြပါစေလို့ ဦးစွာမေတ္တာပို့သ အပ်ပါတယ်။

    ယနေ့အချိန်အခါဟာ မိမိတို့နိုင်ငံတော်ကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် ဒီမိုကရေစီအသွင် ကူးပြောင်းရေး လမ်းမပေါ်ကို အခြေချခါစကာလ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရပြီး ရှားရှား ပါးပါးရရှိတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် အနှောင့်အယှက် အဟန့်အတားများကို စုပေါင်းဖယ်ရှား ပေးကြစေလိုပါတယ်။ ဒီမိုကရေစီအရေးအတွက် တစ်နည်းနည်းနဲ့ ဆန့်ကျင်နေတဲ့ ဘေးအ္တရာယ်များကိုလည်း ဝိုင်းဝန်းကာကွယ် ပေးကြစေလိုပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းမှ သွေဖည်သွားနိုင်တဲ့ တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ဖန်တီးမှုများ ကိုလည်း စုပေါင်းတားဆီး ပေးကြစေလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အများအကျိုး ရွက်သယ်ပိုးက၊ ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း၊ မရွဲ့ မစောင်း ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့ဆိုတဲ့ ရွှေဟင်္သာ ဆရာတော်ကြီးရဲ့ ဆုံးမဩဝါဒအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသားများအားလုံး ငြိမ်းချမ်း သာယာဝပြော ရေးတို့အတွက် မရှိမဖြစ် လိုအပ်လှတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း မိမိတို့ကျရာကဏ္ဍ တစ်ထောင့်တစ်နေရာကနေ တတ်စွမ်းသမျှ ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးကြဖို့ အထူးလိုအပ်လှပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်း ပြီး ဖွံ့ဖြိုးတိုးတက်ပါစေ။ နိုင်ငံသူ နိုင်ငံသားများအားလုံး ဘေးမသန်းဘဲ အေးချမ်းကြပါစေ၊ ရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ထပ်လောင်း ဆုတောင်း မေတ္တာပို့သ အပ်ပါတယ်ခင်ဗျာ။

၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်