Skip to main content

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း ဖြစ်ပေါ်လာစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ကြီးမှူး၍ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း ဖြစ်ပေါ်လာစေရေးညှိနှိုင်း အစည်းအဝေးကို ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ( C ) ဆောင်ဒုတိယထပ်၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်က အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း ရေးဆွဲရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်က အကြံပြု ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဝန်ကြီးဌာန(၁၅)ခုနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် တို့မှ တာဝန်ရှိသူများက ဥပဒေကြမ်းတွင် ပါဝင်သင့်သည့် အချက်များနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေး၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်သူ့ လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။