Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူမျာအား အသိပေး ပြောကြား

လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြတဲ့ အစိုးရရဲ့ကိုယ်စားလှယ် တာဝန်ရှိသူများကို အနည်းငယ် ပြောကြား လိုပါတယ်။

မေးခွန်းတစ်ခုမေးတယ်ဆိုတာ လွှတ်တော်ဥက္ကဋ္ဌဆီက ခွင့်ပြုချက်ပါမှ မေးလို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့မေးတဲ့ မေးခွန်းတွေဟာ မေးသင့်တယ်ထင်လို့ လွှတ်တော်ဥက္ကဋ္ဌက ယူဆပြီး သက်ဆိုင်ရာ အစိုးရ အုပ်ချုပ်ရေး အဖွဲ့အစည်းကို ပေးခြင်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းကလည်း မေးလာတဲ့ မေးခွန်း အပေါ်မူတည် ပြီးတော့ ပြန်ဖြေ ဖို့စီစဉ်တယ်။ စီစဉ်ပြီးတဲ့အခါမှာ လွှတ်တော်ကို ဒီမေးခွန်းဖြေဖို့ အသင့်ဖြစ်ပါပြီ ဆိုပြီးတော့ ပြန်လာတဲ့ အချိန်မှာမှ ဒီနေ့  သို့မဟုတ် နောက်နေ့ပြုလုပ်မယ့် Agenda ထဲမှာ ထည့်သွင်းပြီးတော့ ရေးဆွဲထားခြင်းဖြစ်ပါတယ်။

ကြယ်ပွင့်ပြမေးခွန်းတွေကို မေးတဲ့အခါမှာ လွှတ်တော်ထဲမှာမေးမြန်းသူ ကနေပြီးတော့ လွှတ်တော်ဥက္ကဋ္ဌက တစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းကို မေးခြင်းဖြစ်သလို သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်း ကလည်း လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့် လွှတ်တော်ကို ပြန်ဖြေကြားရခြင်းဖြစ်ပါတယ်။ ဒါကိုနားလည် လိုက်နာ ကျင့်သုံး စေလို ပါတယ်။

ဒါ့ကြောင့် ဒါကိုထပ်ပြော မယ်ဆိုလို့ရှိရင် လွှတ်တော်ဆိုတာဘာလဲ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာဘာလဲ။ လွှတ်တော် ကိုယ်စားလှယ်ရဲ့ အခွင့်အရေးဆိုတာဘာလဲ။ အဲ့ဒီအတိုင်းပဲ အုပ်ချုပ်ရေးအဖွဲ့အစည်းဟာဘာလဲ။ အုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့ တာဝန်ကဘာလဲ။ ဖြေကြားရမယ့် ကိစ္စမှာ ဘယ်လိုဖြေကြားရမလဲ ဆိုတာကိုတော့ နှစ်ဖက်နားလည် သဘောပေါက်လက်ခံဖို့ လိုပါတယ်။ ဒါ့ကြောင့် တချို့မေးမြန်းတဲ့ ပုဂ္ဂိုလ် များဟာ စပြီးတော့ မေးခွန်းထဲမှာ မေးတုန်းကတစ်မျိုး၊ လွှတ်တော်ထဲရောက်တဲ့ အခါကျတော့ မေးမြန်းပုံက တစ်ခြား ဖြစ်တဲ့ကိစ္စများကလည်း မကြာမကြာတွေ့နေရတာဖြစ်ပါတယ်။

ဒီနေ့လည်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကမေးတယ်။ မေးတဲ့ဟာကို ကြိုတင်ပြီးတော့ ပြည်ထောင်စု အစိုးရရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကိုပို့တယ်။ အုပ်ချုပ်ရေးအဖွဲ့က ဖြေဖို့အသင့် ဖြစ်ပါပြီဆိုတဲ့ အခါမှာ ဒီမေးခွန်းကို လွှတ်တော်ထဲမှာ မေးစေတာဖြစ်ပါတယ်။ မေးတဲ့ ပုဂ္ဂိုလ်ကလည်း လွှတ်တော် ဥက္ကဋ္ဌကို ကြည့်ပါ။ လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့် မေးတယ်ဆိုတဲ့ဟာလည်း သက်ဆိုင်ရာ တာဝန်ရှိ ဖြေတဲ့ သူကလည်း သိဖို့လိုပါတယ်။ ဖြေတဲ့အခါမှာလည်း လွှတ်တော်ကို လွှတ်တော်ဥက္ကဋ္ဌကတစ်ဆင့် အဖြေ ပေးတယ် ဆိုတာလည်း သိဖို့လိုပါတယ်။

ဒါဟာ လွှတ်တော်ဖြစ်ပါတယ်။ လွှတ်တော်က လွှတ်တော် ဂုဏ်သိက္ခာနဲ့ ရှိဖို့ လိုသလို လွှတ်တော် ကိုယ်စားလှယ်များကလည်း လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနဲ့ ရှိဖို့လိုပါတယ်။ ဖြေကြားတဲ့ အခါမှာလည်း လွှတ်တော်ရဲ့ဂုဏ်သိက္ခာ ပြောမယ်ဆိုရင် ရှေ့မှာထိုင်နေတဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ ဂုဏ်သိက္ခာကိုလည်း နားလည်ဖို့၊ လက်ခံဖို့လိုပါတယ်။ မေးတဲ့ နေရာမှာလည်း မေးတဲ့လူကမေးသလို မထီတထီမေးသလို ဖြေတဲ့ အခါမှာလည်း မထီတထီဖြေပြီးတော့ တစ်ဖက်ဖက်ကို ဂုဏ်သိက္ခာအားဖြင့် သော်လည်းကောင်း မထီမဲ့မြင် ပြုတဲ့ အဖြစ်မျိုးလည်း မဖြစ်ဖို့လိုပါတယ်။

အဲ့ဒီတော့ ဦးမင်းဆွေ (ဒိုက်ဦး) မေးခွန်းကို မေးခွန်းအတိုင်း ဖြေပြီးတဲ့ အခါမှာ နောက်ပိုင်း ကိစ္စတွေဟာမလိုဘဲ ဆက်ပြောတဲ့ကိစ္စဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် အထင်လွဲစရာတွေရှိပါတယ်။ မေးခွန်း ဖြေပြီးပြီပဲ။ ကျန်တဲ့ တာဝန်တွေ ကို လုပ်ဆောင်မှု အပိုင်းတွေထဲမှာ ထည့်ပြီးတော့ ပြောစရာ သင့်မသင့် စဉ်းစားဖို့ လိုပါတယ်။ မေးခွန်းကို မေးခွန်း အတိုင်းပဲဖြေပေမယ့် ရိုးသားစွာ၊ ပွင့်လင်းစွာ တာဝန်ပြုဖြေဖို့ပဲ ဖြစ်ပါတယ်။ အဲ့တော့ မေးတဲ့ပုဂ္ဂိုလ်များကလည်း ဒီတိုင်းပဲ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး အတွက်ဖြစ်ဖို့ လိုမယ်ဆိုလိုရှိရင် ဒီလိုမေးခွန်းတွေဟာ အုပ်ချုပ်ရေးအဖွဲ့က မသိဘူးဆိုရင် သိပြီသိတဲ့ အခါမှာ လိုအပ်တာလည်း လွှတ်တော်က ကူဖို့ ဆိုတဲ့ဟာမျိုးလည်း ရှိဖို့လိုပါတယ်။ အဲ့ဒီလိုမှသာ မိမိတို့ကျင့်သုံး ထူထောင်ထားတဲ့ ဒီမိုကရေစီစနစ်ဟာပီပြင်လာမှာ ဖြစ်ပါတယ်။

ပြန်ကြည့်ပါ လွှတ်တော်ကြီး တည်ဆောက်ထားတယ်။ ငွေကုန်ကြေးကြခံတယ်။ ခန်းခန်းနားနား တည်ဆောက် တယ်။ ဒီလွှတ်တော် တည်ဆောက် ထားတာဟာ ဟန်ပြရုပ်ပြ တည်ဆောက်ထားတာ မဟုတ်ဘူး။ ဟန်ပြရုပ်ပြ တည်ဆောက်ထားတယ်ဆိုလို့ရှိရင်လည်း ဘာမှအဓိပ္ပာယ်မရှိဘူး။ ဒါ့ကြောင့် လွှတ်တော်က လွှတ်တော် ကဲ့သို့၊ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ကိုယ်စားလှယ်များကဲ့သို့ ကျင့်သုံးဆောင်ရွက်ဖို့ လိုသလို သက်ဆိုင်ရာ တာဝန်ရှိတဲ့သူများကလည်း လွှတ်တော်က လွှတ်တော်ပါလား။ လွှတ်တော် အတွင်းမှာ မိမိတို့ဆောင်ရွက်မယ့် ကိစ္စတွေကို စနစ်တကျတစ်ဖက်နှင့် တစ်ဖက်လေးစားတန်ဖိုးထား ဆောင်ရွက်ဖို့ လိုတယ်လို့ ကျွန်တော်ဒီလို တင်ပြချင်ပါတယ်။

ဒါဟာလွှတ်တော်အတွက် မဟုတ်ပါဘူး။ အုပ်ချုပ်ရေး အတွက် မဟုတ်ပါဘူး။ နိုင်ငံအတွက်ပါ။ ပြည်သူ့ အတွက်ပါ။ နိုင်ငံအတွက်၊ ပြည်သူ့အတွက် ဆောင်ရွက်တဲ့နေရာမှာ ယနေ့ လွှတ်တော်မရှိမဖြစ်လို့ လွှတ်တော် ဖွဲ့စည်းထားဆောင်ရွက် ရာမှာ လွှတ်တော်နှင့် ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း မိမိတို့ရဲ့ ကိုယ်စားလှယ်များရဲ့ တာဝန် ပြည်သူများကို အမှန်တကယ် ကိုယ်စားပြုရာ ရောက်ဖို့ လိုသလို မိမိတို့ပြောဆို တင်ပြဆောင်ရွက်နေမှုများဟာလည်း အပြုသဘောမဟုတ်ဘဲ သက်သက်အဖျက် သဘော ပြုမိလို့ ရှိရင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးလုပ်တဲ့ ကိစ္စမျိုးမပြောမိဖို့၊ မတင်ပြမိဖို့၊ မဆွေးနွေး ဖို့လိုသလို ဖြေကြားတဲ့သူများ ကလည်း မိမိတို့တာဝန်အရ ပြန်လည်ဖြေကြားတဲ့အခါမှာ နည်းလမ်း မှန်ကန်စွာနဲ့ ဖြေကြားဖို့ လိုကြောင်း အားလုံးကို အသိပေးပြီး ဒါကိုမှတ်တမ်းအဖြစ်ထားရှိ ဆောင်ရွက် သွားဖို့ ကြေညာပါတယ်။

ဦးမင်းဆွေ (ဒိုက်ဦး) မေးခွန်း