Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးသည့် ဆရာ၊ ဆရာမများအား စတုတ္တအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ဖြူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စပယ်ဆောင်ခန်းမ၌ ကျင်းပရာ ...

 ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းတက်ရောက် အမှာစကားပြောကြားသည်။

အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဉာဏ်ဝင်းက ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပြည်ထောင်စုအောင်ချက်မှာ ယခင်နှစ် အဆင့် (၁၀)မှ ယခုနှစ် အဆင့် (၇)သို့ တက်လာခဲ့ပါကြောင်း၊ ယခုလာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းမြင့်မားစွာ တိုးတက်နိုင်ရန် ဘာသာရပ်ဆိုင်ရာ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး တာဝန်ရှိသူ အဆင့်ဆင့်က တက်ညီလက်ညီ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၊ အားကစားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဒေါက်တာကျော်ဦး၊ ဦးကျော်ဌေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးညွန့်လှိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်အောင်၊ ဦးအောင်မြင့်နှင့် တာဝန်ရှိသူများက (၅)ဘာဂုဏ်ထူးရရှိသူ(၁)ဦး၊ (၄)ဘာသာဂုဏ်ထူး ရရှိသူ(၆)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရရှိသူ (၂၀) ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ(၃၆)ဦး၊ (၁)ဘာသာဂုဏ်ထူး ရရှိသူ(၁၄၀)ဦး၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ၊ဆရာမများနှင့် တိုင်းဒေသကြီးအတွင်း အောင်ချက် အကောင်းဆုံး ပထမဆုရ ဖြူး အခြေခံပညာ အထက်တန်း ကျောင်းခွဲ၊ အောင်ချက်အကောင်းဆုံး ဒုတိယဆုရ ရွာလယ်အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ချက်အကောင်းဆုံး တတိယဆုရ ဝဲကြီး အခြေခံပညာ အထက်တန်းကျောင်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုငွေများပေးအပ် ချီးမြှင့်သည်။

ထို့နောက် ဖြူးမြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ ကိုယ်စား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဆင့်က ဖြူးမြို့နယ်၏ တက္ကသိုလ်ဝင်တန်း အောင်မြင်မှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဖြူးမြို့နယ် ဝဲကြီးအခြေခံပညာအထက်တန်းကျောင်း တာဝန်ခံ ဆရာမ ဒေါ်မြမြလွင်က ဝဲကြီးအခြေခံပညာအထက်တန်းကျောင်း၏ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆရာ၊ဆရာမများ၏ ကြိုးပမ်းသင်ကြားခဲ့မှု အခြေအနေများနှင့် ကျောင်းအဆောက်အအုံဆိုင်ရာ အချက်အလက်များကို  ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အမှာစကားပြောကြားရာ တွင် ဖြူးမြို့နယ်သည် နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး စသည်တို့တွင် ထူးခြားနိုးကြား သည့်ဒေသတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် နိုင်ငံရေး နိုးကြားမှုအရှိဆုံးဒေသအဖြစ်ပါဝင်ခဲ့ပါကြောင်း၊ လယ်ယာ၊ သားငါး၊သစ်တောနှင့်လျှပ် စစ်ကဏ္ဍများကြွယ်ဝသည့် ဒေသဖြစ်သည့်အလျောက် လူမှုစီးပွားဘဝများနှင့် လူ့စွမ်း အားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်လိုပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးဖြစ်သည့် ပညာရေးကဏ္ဍ ကောင်းမွန် ဖွံ့ဖြိုးရန်လိုအပ်ပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် ပညာရေးရန်ပုံငွေများကိုလည်း တိုးမြှင့်ချထား ဆောင်ရွက်လျက်ရှိပါကြောင်း။ ကျောင်းနေအရွယ် ကလေးများ ကျောင်းသို့ ရောက်ရှိရေးသည် အရေးကြီးပြီး မူလတန်းအဆင့်မှ အခြေခံပညာ အထက်တန်း အဆင့်အထိ ကောင်းမွန်သည့် ပညာရေးစနစ်ဖြင့် အောင်ချက်ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် သင်ကြားပေးသည့် ဆရာ၊ ဆရာမများနှင့် သင်ယူကြသည့် ကျောင်းသား၊ ကျောင်းသူများ နှစ်ဦးနှစ်ဘက် ဟန်ချက်ညီရန်လိုပါကြောင်း။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် တစ်ဖွဲ့တည်း၊ တစ်ယောက်တည်းဖြင့်မရနိုင်ကြောင်း၊ ဆရာ၊ ဆရာမများ၏သင်ကြားပေးနိုင်မှုသည် နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရန် တည်ဆောက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်တွင် အမျိုးသားပညာရေးဥပဒေကို အတည်ပြုပြဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ကျောင်းသူများကို မိမိတို့ရင်သွေး ငယ်များအဖြစ် သဘောထားပြီး မွန်မြတ်သည့်လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင် သွားကြပါဟု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။