Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း KNU ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် KNU ကရင်အမျိုုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သောအဖွဲ့အား ဇွန်လ ၅ ရက်နေ့၊ နံနက် (၇) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုလွှတ်တော်နာယက ကပြောကြားရာတွင် နိုင်ငံတော် သမ္မတမှ ငြိမ်းချမ်းရေးအတွက် စိတ်ကောင်းစေတနာမှန်ဖြင့် လမ်းဖွင့်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေး ရရှိရေးအတွက် ပါဝင်ဆောင်ရွက်လျက် ရှိနေကြောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တို့ကလည်း ငြိမ်းချမ်းရေးရရှိရေးဖြစ်စဉ်နှင့် လုပ်ဆောင်ချက်များကို အလေးထားထောက် ခံ ဆောင်ရွက်လျက်ရှိကြောင်း။

ဤနေရာတွင် အထူးပြောကြားလိုသည်မှာ ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုရေးတာဝန်မှာ အဓိကဖြစ်သော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ရရှိရေးတို့အတွက်ကိုလည်း လွှတ်တော်၏ လုပ်ငန်းဦးစားပေး အဆင့်တွင် ထားရှိဆောင်ရွက်နေပါကြောင်း။

အချိန်အခါနှင့် အခြေအနေပေးလာသည့် ဤကာလတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွ့ဲနှင့် တစ်ဖွဲ့ ယုံကြည်မှု၊ ရိုးသားပွင့်လင်းမှု၊ တည်ကြည်ဖြောင့်မတ်မှုများကို အခြေခံ၍ ငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်မှုများ ကို ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော လွှတ်တော်က KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး နှင့် ခေါင်းဆောင်သော အဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုကို ကြိုဆိုပါကြောင်းနှင့် အလေးအနက် ထားရှိ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ဘက်ကလည်း ပါဝင်သင့် ပါဝင် ရမည့် အခန်းကဏ္ဍများမှ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသော သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်ပြည် သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် မှုကော်မတီ ဥက္ကဋ္ဌဦးသိန်းဇော်၊  ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်ထွန်း၊ ဦးတင်ဝင်း၊ ဦးခင်မောင်စိုးနှင့် ဦးညီထွန်းတို့ တက်ရောက်ကြပြီး   KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသည့် စောရော်ဂျာခင်၊ ဖဒိုမန်းငြိမ်းမောင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဆင့်ရှိ စောဂျော်နီ၊ KNU ဥက္ကဋ္ဌ၏ နိုင်ငံရေးနှင့် စစ်ရေး အကြံပေး စောတူးတူးလေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များ၊ KNU ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။