Skip to main content

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အသက်ဘေးအန္တရာယ် စိုးရိမ်ရသော ထိခိုက် ဒဏ်ရာရရှိသူ လူနာများအား အချိန်မီဆေးကုသနိုင်ရေးအတွက် ကူညီစောင့်ရှောက်ပေး ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် ဖြည့်စွက်ဆွေးနွေး

 ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို ၁၅-၇-၂၀၁၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ ၌ ကျင်းပခဲ့ရာ တရား စီရင်ရေး၊ ဥပဒေ ရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက တင်သွင်းသော အသက်ဘေးအန္တရာယ် စိုးရိမ်ရသော ထိခိုက် ဒဏ်ရာရရှိသူ လူနာများအား အချိန်မီ ဆေးကုသ နိုင်ရေးအတွက် ကူညီစောင့်ရှောက်ပေးရေး ဥပဒေကြမ်း နှင့် စပ်လျဉ်း၍  ရွှေဘိုမဲဆန္ဒနယ် မှ ဒေါက်တာ အောင်သန်း၏ ပြင်ဆင်ချက် အဆို တင်သွင်းမှုအပေါ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဖြည့်စွက် ဆွေးနွေးခဲ့သည်။

ယင်းသို့ ဆွေးနွေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန ဆေးရုံဆေးခန်းများ၏ အဓိက ပြဿနာမှာ Police Case ဖြစ်ပါကြောင်း၊ ရိုးရိုးသာမန် ထိခိုက်ဒဏ်ရာထက် Police Case များကို ပြင်ပဆေးခန်း၊  ဆရာဝန် ကုသမှုမပေးရ ဆိုသည့် လွဲမှားသော ယုံကြည် ချက်ကြောင့် ထိခိုက် ဒဏ်ရာရသည့် သူများကို အချိန်မီ စောင့်ရှောက်မှု မပေးနိုင် သည့် အတွက်  နစ်နာမှု မဖြစ်သင်‌့သည်များ၊ မသေသင်‌့ သည်များ ဖြစ်ရပါကြောင်း ၊  ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် အစိုးရဆေးရုံ ဆေးခန်းများ ၊ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ထိခိုက် ဒဏ်ရာရရှိသူတွေကို စောင့်ရှောက်မှု မပေးရ ဆိုသည့် အမိန့်ထုတ်ပြန်ထားခြင်း မရှိပါကြောင်း။

ထို့ပြင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ အခန်း(၆) ပုဒ်မ ၈ တွင် သတ်မှတ်ထားသည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများအနေဖြင့်  ၂၄ နာရီတာဝန် ထမ်းဆောင် ရန် ဆောင်ရွက်ထားရမည့်အပြင် အပိုဒ်(င) တွင်  အရေးပေါ် ပြင်ပလူနာ၊ အတွင်းလူနာများကို ၂၄ နာရီ ကုသမှု ခံယူနိုင်စေရန် ဆောင်ရွက်ထားရှိခြင်း၊ အပိုဒ်(စ) လူနာများကို အရေးပေါ်အသက်ကယ်    ကုသစောင့်ရှောက်မှု ပေးနိုင်ခြင်းဆိုသည့် အချက် အလက်များ ပြည့်စုံမှသာလျှင် ပုဂ္ဂလိက ဆေးရုံ၏ အင်္ဂါရပ် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ဆေးခန်းမှာလည်း  ဆေးခန်းဆိုသည့်အတိုင်း အတွင်းလူနာကို လက်မခံဘဲ အပြင် လူနာအနေဖြင့် ထိခိုက်ဒဏ်ရာရလူနာမျိုးများကို ပြုစုပေးရမည် ဖြစ်ပါကြောင်း၊ အဖွဲ့အစည်းများကို ဥပဒေအရ လုပ်ရမည့်ကိစ္စများ ညွှန်ကြားထားပြီး တစ်ဦးချင်း တစ်ယောက်ချင်း အတွက် တာဝန်ခံပုဂ္ဂိုလ်၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသူတို့၏ တာဝန် ဝတ္တရားများ ဟုဆိုရာတွင် လည်း မည်သည်‌့ အရေးပေါ်လူနာကိုမဆို အသက်ကယ် လုပ်ငန်းများ ဆောင်ရွက်ကုသပေးခြင်းနှင့် လိုအပ်ပါက ညွှန်းပို့ခြင်းဟု ဥပဒေပုဒ်မ ၂၅ ၏ အပိုဒ်(ဆ)တွင်ပါ ပါကြောင်း၊ အပိုဒ်(စ) တွင်လည်း လူနာ၏အကျိုး ရှေ့ရှု၍ လိုအပ်ပါက သက်ဆိုင်ရာပညာရှင်၊ ဌာန၊ ဆေးရုံများသို့ အချိန်မီညွှန်းပို့ခြင်းဆို သည့်ကိစ္စ ပါပြီးဖြစ်ပါ ကြောင်း၊  ထို့ကြောင့် လွဲမှားနေသော အယူအဆကို ပြည်သူများ သိရှိရန်လို အပ်ပါ ကြောင်း၊ ထိုဥပဒေများရှိသည့်အတွက် အကယ်၍ မလုပ်ခဲ့ဘူး ဆိုလျှင် ဌာနဆိုင်ရာ အနေဖြင့် မည်သို့ အပြစ်ပေး အရေးယူသွားမည်ဆိုတာကိုလည်း ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း ဆိုင်ရာ ဥပဒေတွင်ပါပြီး ဖြစ်ပါကြောင်း။

 ဆက်လက်၍ မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေတွင် ဆရာဝန် (သို့) သားဖွားဆရာမ များ သည်  တာဝန်ဝတ္တရားများကို မဆင်မခြင်ပေါ့လျော့ ဆောင်ရွက်ခြင်း၊ ကျင့်ဝတ် သိက္ခာ နှင့်အညီ လိုက်နာစောင်‌့ထိန်းမှုမရှိခြင်း၊ အရည်အသွေးနှင့်အညီ လုပ်နိုင်စွမ်းမရှိ ခြင်းဆိုသည့်ကိစ္စများနှင့် အရေးပေါ်ကိစ္စများတွင် အရေးယူနိုင်သည့် ဥပဒေပုဒ်မများ ရှိပြီးဖြစ် ပါကြောင်း။

ထို့ကြောင့် ဥပဒေကြမ်းတွင် မလုပ်ရဲမကိုင်ရဲဖြစ်နေသည့် ပုဂ္ဂလိက ဆေးခန်း များ၊ ဆရာဝန်၊ ဆရာမများ လုပ်ရဲကိုင်ရဲပြီး အကူအညီပေးချင်သည့်သူများကို လည်း ကူညီနိုင်ခွင့်ရှိအောင်  ဥပဒေအရ အကာအကွယ်ပေးရမည် ဖြစ်ပါကြောင်း၊ သို့ပါ၍  အချိန်နှင့် တစ်ပြေးညီ အကောင်းဆုံးကူညီ လုပ် ပေးသည့် သူကိုလည်း ဥပဒေကနေ အကာ အကွယ်ပေးသည်ကို သိရှိရန်လိုပါကြောင်း၊ ၎င်းအပြင် ပြင်ပ ဆေးခန်းများတွင်လည်း လုပ်သင့်သည်များကို အချိန်နှင့် တစ်ပြေးညီ တက်နိုင်သမျှ လုပ်ပေးရ မည်ဖြစ်ပါကြောင်း၊ ကုသမှုကို Properly Record ထားပြီး အစိုးရဆေးရုံများသို့ စနစ်တကျ လွှဲပေးမည်ဆိုပါက Record ရှိသည့်အတွက် မည်သူမျှ နစ်နာစရာ ရှိမည်မဟုတ်ပါကြောင်း။

ထို့ပြင် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးပြီး ပြင်ဆင်သည့်အခါ ကူညီချင်သည့် လူများအတွက်လည်း သင်တန်းများပေးလျက်ရှိပါကြောင်း၊ ဆရာဝန်၊ ဆရာမတင်မက အနီးဆုံးလူက ရှေးဦးအသက်ကယ်သူနာပြု လုပ်ပေးလျှင် အကောင်း ဆုံးဖြစ်သည့်အတွက် သင်တန်းများကို Primary Tremor Care ခေါ်သည့် ဆရာဝန် အသင်းမှလည်း ပေးလျက်ရှိပါကြောင်း။

၎င်းအပြင် ကြက်ခြေနီများ၊ စေတနာရှင်များ၊ လုပ်အားပေးချင်သည့် သူများ အတွက်လည်း သင်တန်းများ ကျယ်ပြန့်စွာ ပေးနိုင်သည့်အတွက် Emergency Medical Services ထူထောင် လာနိုင် သည်နှင့်အမျှ ပြည်သူများကလည်း နားလည်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ပုဂ္ဂလိက ၊ အစိုးရ၊ INGO, NGO နှင့် သာသနာရေးဆိုင်ရာ ပုဂ္ဂိုလ်များဖွင့်ထားသော ဆေးရုံ၊ ဆေးခန်းများ အရေးပေါ်ဖြစ်သည့်အခါ ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ဥပဒေကလည်း တိုက်တွန်းသည့်အပြင် အကာ အကွယ်ပေးသည့်အတွက်ကိုလည်း   ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လိုအပ်ပါကြောင်း အသေးစိတ် ရှင်းလင်းဖြည့်စွက်ဆွေးနွေးခဲ့သည်။

 ပြည်သူ့လွှတ်တော်မှ  ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဒေါက်တာအောင်သန်း၏ ပြင်ဆင်ချက် အဆိုအား ကန့်ကွက်သူမရှိသည့် အတွက် အတည်ပြုကြောင်း ဆုံးဖြတ် ခဲ့သည်။