(ဂ)-ရေနံအလုပ်သမားများ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ၊ အခွင့်အရေးများ ခံစားခွင့်ရရှိနိုင်ရေးအတွက် မည်သို့စီစဉ်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မင်းဘူး(စကု)မြို့နယ်တွင် မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေဆိုပြီး ရေနံမြေနှစ်ခုရှိပါကြောင်း၊ ၎င်း ရေနံမြေများတွင် အလုပ်လုပ်နေကြသည့် ရေနံမြေအလုပ်သမားများနှင့် တွေ့ဆုံသည့်အခါ ဥပဒေနှင့်အညီ ရခွင့်ရှိသည့်အခွင့်အရေးများ အပြည့်အဝမရရှိကြောင်းကို ကြားသိခဲ့ရပါသည်။ ရေနံမြေအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အလုပ်သမားများသည် တစ်နေ့အလုပ်ချိန် ရှစ်နာရီထက်ပိုမိုပြီး တာဝန်ထမ်းဆောင်နေရခြင်းများ ဆောင်ရွက်နေရသော်လည်း အချိန်ပိုကြေး မရခြင်း၊ တရားဝင်ရုံးပိတ်ရက်များကို ဝန်ထမ်းတိုင်းခံစားခွင့်ရှိသော်လည်း ရေနံမြေ အလုပ်သမားများမှာ ရုံးပိတ်ရက်များကို ခံစားခွင့်မရခြင်း၊ ရေနံမြေအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများမှာ ဖွဲ့စည်းပုံအပြည့်အဝ မရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် ယာယီဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်သည့်အခါလည်း ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် အခက်အခဲများ၊ အဆင်မပြေမှုများ ကြုံတွေ့နေရပါကြောင်း၊

မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေတွင် ရေနံမြေအလုပ်သမားများသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှစပြီး OT ကြေးကို ရပ်ဆိုင်းခြင်း၊ ဖြတ်တောက်ခြင်း၊ ပြက္ခဒိန်ပါ ရုံးပိတ်ရက်များကိုလည်း ခံစားခွင့်မရကြသည့်အပြင် ရေနံမြေအသီးသီးမှ တာဝန်ထမ်းဆောင်နေကြသော ရေနံအလုပ်သမားများသည် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၁ အရ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများ၊ ၂၀၁၄ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ ခံစားခွင့်ရှိသည့် အခွင့်အရေးများ၊ ၂၀၁၆ ခုနှစ်၊ စက်ရုံအလုပ်ရုံ ဥပဒေပါ ခံစားခွင့်များ၊ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေအရ ခံစားခွင့်များ၊ ရေနံမြေ အလုပ်သမားများအတွက် ပြဋ္ဌာန်းထားသည့် သက်သာချောင်ချိရေးဥပဒေများစသည့် အတည်ဖြစ်နေသော ဥပဒေပါရပိုင်ခွင့် အခွင့်အရေးများကို ပြည့်ဝစွာမခံစားရပါကြောင်း၊ ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် ကျရောက်သော (၁၂၈) ကြိမ်မြောက် Mayday နေ့ အခမ်းအနားကို မိမိကိုယ်တိုင် တက်ရောက်ပြီး မန်းရေနံမြေ အလုပ်သမားထု၏ ရင်ဖွင့်သံများကို နားထောင်ခွင့်ရခဲ့ပါကြောင်း၊

ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် (၁၂၈) ကြိမ်မြောက် Mayday နေ့ အခမ်းအနားကို မင်းဘူးမြို့ရှိ မန်းရေနံမြေလုပ်သား အပန်းဖြေရိပ်သာတွင် တစ်နိုင်ငံလုံးရှိ ရေနံမြေအလုပ်သမားထုများ စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါကြောင်း၊  ၎င်းအခမ်းအနားတွင် ရေနံမြေအသီးသီးမှ တက်ရောက်လာကြသော ရေနံလုပ်သားထု ကိုယ်စားလှယ်များက သဝဏ်လွှာအသီးသီး ပေးပို့ဖတ်ကြားခြင်းမှာ ချောက်လမ်းရွာရေနံမြေမှ ဦးလှကြီး အခြေခံအလုပ်သမား အဖွဲ့အစည်းကနေပြီး ပေးပို့လာသည့် သဝဏ်လွှာတွင် အလုပ်သမားများအတွက် အဓိကလိုအပ်ချက် (၃) ချက်ရှိပါကြောင်း- (၁) ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာရရှိရေး၊ (၂) လုပ်ငန်းခွင်အေးချမ်း သာယာပြီး ဘေးအန္တရာယ်ကင်းရှင်းရေး၊ (၃)အလုပ်သမားတို့အတွက် အနာဂတ်ဘဝအာမခံချက် ရရှိရေးဆိုပြီး ဖော်ပြထားသည်ကို တွေ့ရသကဲ့သို့ ပြည်ရေနံမြေမှ ရွှေပြည်ဟင်္သာအခြေခံ အလုပ်သမားအဖွဲ့အစည်းမှလည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးဦးသုံးဖလှယ် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပြုလုပ်မည်ဆိုလျှင် အလုပ်သမားများ၏ဘဝ ပိုမိုတိုးတက်လာပြီး အနာဂတ်တိုင်းပြည်ကို ထူထောင်လာနိုင် မလားဆိုပြီး မိမိတို့ ပွင့်ပွင့်လင်းလင်း ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ မြန်အောင်ရေနံမြေက ရွှေဧရာလွန်ဆေးအခြေခံအလုပ်သမားအဖွဲ့မှလည်း ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်လာသည့် ပြည်သူ့အစိုးရနှင့်အတူ မပြောင်းလဲချင်သေးသည့် ပြောင်းလဲချင်စိတ်မရှိသေးသည့် လူတစ်စုသည် ဝန်ကြီးဌာနပေါင်းစုံတွင် ကျန်ရှိနေပြီး တိုင်းပြည်တိုးတက်မှု အရွေ့တွင်ပူးပေါင်းပါဝင်မှုမရှိဘဲ အလုပ်သမားထုအရေးကို မျက်ကွယ်ပြု ကန့်လန့်တိုက်နေသည့် သူအချို့ရှိနေပါကြောင်း၊ ပြည်သူလူထုက တင်မြောက်ထားသည့် အစိုးရအနေဖြင့် ပြည်သူနှင့်အတူရှိမနေသည့် လူများကို အချိန်မီဖယ်ရှားပေးစေလိုပါကြောင်းဆိုပြီး ပွင့်ပွင့်လင်းလင်း တင်ပြတောင်းဆိုထားသည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း ထို့ကြောင့် ရေနံမြေ အသီးသီးမှ တာဝန်ထမ်းဆောင်နေသော ရေနံမြေအလုပ်သမားများအတွက် ဥပဒေနှင့်အညီ ခံစားခွင့်ရှိသည့် အခွင့်အရေးများ ရရှိရန်အတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိသည့် ရေနံမြေအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ပုဒ်မ-၂ အရ နိုင်ငံတော်ရသုံးမှန်းခြေ ငွေစာရင်းမှ ကျခံထုတ်ပေးသည့်လစာနှင့် စရိတ်များကို ခံစားနေသူများ ဖြစ်ပါသဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ တာဝန်နှင့် ရပိုင်ခွင့်များကို အခြားနိုင်ငံ့ဝန်ထမ်းများနည်းတူ ခံစားခွင့်ရရှိသူများလည်း ဖြစ်ပါကြောင်း၊

 မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေဒေသများမှ ဝန်ထမ်းများအား အရာထမ်း၊ အမှုထမ်းနှင့် အလှည့်ဆင်းဝန်ထမ်းဆိုပြီး ခွဲခြားပြီး အလှည့်ဆင်း ဝန်ထမ်းများက အလုပ်ချိန် ၈ နာရီ အဆိုင်း ၄ ဆိုင်းခွဲပြီး တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ နေ့စဉ်အလုပ်ချိန် ၈ နာရီထက် ပိုမိုထမ်းဆောင်ရခြင်းမျိုး မရှိအောင် ဆောင်ရွက်သော်ငြားလည်း တစ်ခါတစ်ရံ အရေးပေါ်လုပ်ငန်းများ ဖြစ်ပေါ်လာလျှင် အချိန်ပိုလုပ်ကိုင်ရခြင်းမျိုးလည်း ရှိပါကြောင်း၊ ထိုအခြေအနေကိုလည်း ဝန်ထမ်းများအားလုံးက စတင်ခန့်ထားစဉ်ကပင် ရှင်းလင်းပြောကြား ထားပြီးဖြစ်သဖြင့် ဝန်ထမ်းများအားလုံး နားလည်သဘောပေါက်ပြီးဖြစ်သည့် ကိစ္စလည်းဖြစ်ပါကြောင်း၊ ရေနံမြေဝန်ထမ်းများ၏ အလုပ်ချိန်နှင့်ပတ်သက်ပြီး ၂၁-၂-၁၉၆၇ ခုနှစ်ကစပြီး မြန်မာ့ရေနံ ကော်ပိုရေးရှင်း အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ယခင်ဝန်ကြီးဌာနဖြစ်သည့် အမှတ် (၂) စက်မှုဝန်ကြီး ဌာန၏ ၁၁-၁၀-၁၉၈၂ ရက်စွဲပါ ညွှန်ကြားချက်ဖြင့် အောက်ပါအတိုင်း ရက်စားနားခွင့်၊ ခံစားခွင့်ပြုပါ ကြောင်း၊ အရာထမ်းများဆိုလျှင်       အလုပ်ဆင်းရက် ၂၈ ရက်ဆိုလျှင် ရက်စားနားခွင့် ၁၁ ရက်ရရှိပြီး အမှုထမ်းများအနေဖြင့်  အလုပ်ဆင်းရက် ၄၂ ရက်လျှင် ရက်စားနားခွင့် ၁၂ ရက်၊ အလှည့်ဆင်း ဝန်ထမ်းများ အလုပ်ဆင်းရက် ၂၄ ရက်လျှင် ရက်စားနားခွင့် ၈ ရက် စသည်ဖြင့် သတ်မှတ်ထားပါကြောင်း၊

အများပြည်သူရုံးပိတ်ရက် (Public Holiday) တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ အကျိုးခံစားခွင့်၊ အချိန်ပိုခံစားခွင့်များနှင့် ပတ်သက်ပြီး ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၂၁-၁၁-၂၀၁၂ ရက်စွဲပါစာအမှတ်၊ ဘ-၂ (၁)/၃၅ (၁၃၇/၂၀၁၂) ဖြင့် အစိုးရဝန်ထမ်းများ၏ လစာကို ထိုက်တန်စွာ ချီးမြှင့်ပြီးဖြစ်၍ အလုပ်ချိန်အတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၅/၉၃ ၏ အပိုဒ် ၁(ဂ) အရ အချိန်ပိုလုပ်ခ ခံစားခွင့်အား ပယ်ဖျက်လိုက်ကြောင်းနှင့် ဖွဲ့စည်းပုံအရ ခွင့်ပြုရာထူးများ၌ တာဝန်ထမ်းဆောင်နေကြရသည့် အစိုးရဝန်ထမ်းများသည် ပြန်တမ်းဝင်ရုံးပိတ်ရက်၊ နေ့ထူးနေ့မြတ်ရက်၊ အများပြည်သူရုံးပိတ်ရက်များတွင် တာဝန်ထမ်းဆောင်ခြင်းများအတွက် အကျိုးခံစားခွင့်များကို သီးခြားညွှန်ကြားထားခြင်း မရှိပါကြောင်း ပြန်ကြားလာပါသည်။ အကယ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီး အများပြည်သူရုံးပိတ်ရက်၊ အချိန်ပိုခံစားခွင့်နှင့် ပတ်သက်ပြီး ထပ်မံညွှန်ကြားလာမည်ဆိုလျှင် ဝန်ကြီးဌာနအနေဖြင့် လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

          ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းသစ်များ ရွေးချယ်ခန့်ထားရာတွင် ဖွဲ့စည်းပုံ၏ ရာထူးလစ်လပ်မှု အပေါ်မူတည်ပြီး အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးများတွင် မှတ်ပုံတင်ထားသူများ အနက်ကနေပြီး သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံသူများကို ယှဉ်ပြိုင်ရွေးချယ်သည့် စနစ်ဖြင့် ရွေးချယ်ခန့်ထားပေးလျက်ရှိပါကြောင်း၊ ရေနံမြေများတွင် ရေနံမြေဝန်ထမ်းသစ်များ ခန့်ထား ရေးအဖွဲ့များဖွဲ့စည်းပြီး သတင်းစာမှ ကြိုတင်ကြော်ငြာ ခေါ်ယူ၍လည်းကောင်း၊ ရုံးချုပ်နှင့် သက်ဆိုင်ရာ ရေနံမြေရှိ ကြော်ငြာသင်ပုန်းများတွင် ကြော်ငြာခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် သက်ဆိုင်ရာရေနံမြေ အထွေထွေမန်နေဂျာများ၏ ကြီးကြပ်မှုနှင့် ရေးဖြေ စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးခြင်းမှ ရရှိသော အမှတ်များအပေါ် မူတည်ပြီး အမှတ်စဉ်အရ လစ်လပ်ရာထူးများတွင် ယာယီနေ့စားဝန်ထမ်းများနှင့် ပြင်ပမှအရည်အချင်း ပြည့်မီသူများအား နည်းဥပဒေများနှင့်အညီ ရွေးချယ်ခန့်ထားပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းအင်အား ဖွဲ့စည်းပုံနှင့် လျော်ညီစွာ ဖြည့်တင်းထားရှိနိုင်ရန်အတွက် တင်ပြဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းသစ် ၅၅၀ ဦးခန့်ထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

          သို့ဖြစ်ပါ၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ရေနံမြေအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ရပိုင်ခွင့်များ၊ အခွင့်အရေးများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဝန်ထမ်းသစ်ခန့်ထားရေး ကိစ္စတွင်လည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခန့်ထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ရေနံမြေအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ ရပိုင်ခွင့်အခွင့်အရေးများ၊ ခံစားခွင့်များနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ဆောင်ရွက်နေသည့် အခြေအနေကို ပြန်လည်ဖြေကြားပါသည်။

ဦးဝင်းဝင်း (မင်းဘူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ရေနံမြေအလုပ်သမားများသည် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ခံစားခွင့်ရှိသည့် အခွင့်အရေးများ ဥပဒေနှင့်အညီခံစားခွင့်ရရန်အတွက် ဆောင်ရွက်ပေးထားသည်ဟု ဖြေကြားသွားပါကြောင်း၊ သို့သော် မိမိမှ အောက်ခြေတွင် ဌာနဆိုင်ရာ အကြီးအကဲများနှင့် မတွေ့ဘဲ အောက်ခြေဝန်ထမ်းများနှင့် သီးခြားတွေ့ရှိလဲ့ပြီး အောက်ခြေဝန်ထမ်းများ၏ လက်တွေ့ဖြစ်နေသည့် အဖြစ်အပျက်များကို သေသေချာချာ မှန်မှန်ကန်ကန် သိရအောင်လို့ဆိုပြီး အလုပ်သမားအဖွဲ့အစည်း၊ သမဂ္ဂအဖွဲ့အစည်းများနှင့် တွေ့သည့်အခါ မန်းရေနံမြေ၊ ထောက်ရှာပင်ရေနံမြေ ရှိအလုပ်သမားများမှာ အလုပ်ချိန် ၈ နာရီသတ်မှတ်ပေးသော်လည်း ၂၀၁၆-၁၇ နောက်ပိုင်းတွင် အလုပ်ချိန်က ၁၂ နာရီထိ ပြန်ဆင်းနေရပါကြောင်း၊ လိုအပ်ချက်အရ အမြဲတမ်းလိုလို ဆင်းနေရခြင်း ဖြစ်ပါကြောင်း၊ နောက်တစ်ခုက ခွင့်ရက်များ၊ ပြက္ခဒိန်ပါရုံးပိတ်ရက်များ ခံစားခွင့်ရှိသည်ဟုလည်း ပြန်လည်ဖြေကြား ထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော်အခုလက်တွေ့တွင် ရေနံမြေအလုပ်သမားများ အားလုံး May Day နေ့ အခမ်းအနားတွင်လည်း တစ်နိုင်ငံလုံးတွင် ရှိသည့်ရေနံမြေအလုပ်သမားထုက ပွင့်ပွင့်လင်းလင်းတင်ပြသွားပါကြောင်း၊ အခွင့်အရေးများ ဆုံးရှုံးနေသည်ဆိုသည့်အကြောင်း၊ အထက်အရာရှိအချို့ကလည်း အထက်ကိုပွင့်ပွင့်လင်းလင်း မတင်ပြသဖြင့် အောက်ခြေဝန်ထမ်းများ နစ်နာဆုံးရှုံးနေသည် ဆိုသည့်အကြောင်း ပွင့်ပွင့်လင်းလင်းတင်ပြထားသည့် သဝဏ်လွှာများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ရုံးပိတ်ရက်များ မခံစားရသဖြင့် ရက်စားအနေနှင့် ခံစားခွင့်ပေးမည်ဟု ပြောသော်လည်း တကယ်တမ်း ရက်အစားက အောက်ခြေဝန်ထမ်းများ မခံစားရပါကြောင်း၊ အမှန်တကယ် ရေနံမြေအလုပ်သမားထု ရသင့်ရထိုက်သည့် အခွင့်အရေးများ အမှန်တကယ်ရရှိရန် အောက်ခြေထိအောင် ပြန်လည်ကွင်းဆင်းပြီး စစ်ဆေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်

ရေနံမြေလုပ်ငန်းဆိုသည်မှာ သဘောသဘာဝအရ ပိတ်ရက်မရှိပါကြောင်း၊ တစ်နှစ်ကို ၃၆၅ ရက်၊ နေ့တိုင်း ၂၄ နာရီ ဆောင်ရွက်ရသည့် လုပ်ငန်းမျိုးသဘောသဘာဝ ရှိပါကြောင်း၊ ထို့ကြောင့် မိမိဖြေကြားခဲ့သည့်အတိုင်း အလှည့်ဆင်းစနစ်များ၊ ရက်စားနားခွင့်စနစ်များကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ထုတ်ပြန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်သည့် နေရာတွင် ၁၂ နာရီဆိုသည့် ကိစ္စကို ပြန်စဉ်းစားလျှင် ရှုပ်ထွေးမှုဖြစ်မည် စိုးပါသဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နိုင်ငံတော်၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းကိုသာ ရှင်းပြခြင်းဖြစ်ပါကြောင်း၊ မြန်မာပြည်တွင် ပုဂ္ဂလိကရေနံလုပ်ငန်းလုပ်သည့် ကုမ္ပဏီများလည်း အများကြီးရှိပါကြောင်း၊ ရေနံကုမ္ပဏီတော်တော် များများက သူတို့ဝန်ထမ်းခန့်သည့် နေရာတွင် အလုပ်ချိန် ၁၀ နာရီ၊ ၁၂ နာရီ စသည်ဖြင့် သူတို့၏ သဘောတူညီချက်၊ နှစ်ဦးသဘောတူညီချက်များနှင့် ဆောင်ရွက်ခြင်းမျိုးလည်း ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်သည့် အခါတွင်လည်း နှစ်ဦးနှစ်ဖက်ထိုက်ထိုက်တန်တန် ကျေကျေနပ်နပ် သဘောတူညီပြီး ဆောင်ရွက်ကြခြင်း ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန နိုင်ငံ့အဖွဲ့အစည်း တစ်ခုအနေနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ  ဆောင်ရွက်ရပါကြောင်း၊ ရေနံအလုပ်လုပ်သည့် ဝန်ထမ်းအားလုံးလည်း အစတည်းက သိပြီးသားဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ရက်အစားနားခွင့်များလည်း ဥပဒေဘောင်ထဲက ပေးပြီးဖြစ်ပါကြောင်း၊ ၎င်းပေါ်တွင် အများပြည်သူအလုပ်ပိတ်ရက်၊ အချိန်ပိုလုပ်သည့်ကိစ္စများနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ မူဝါဒအရ ပြောင်းလဲသတ်မှတ်မည်ဆိုလျှင်လည်း ဝန်ကြီးဌာနအနေဖြင့် လိုက်နာဆောင်ရွက်ရန် အသင့်ရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။