Skip to main content

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း အီတလီနိုင်ငံသံအမတ်ကြီးနှင့် NDI ကိုယ်စားလှယ်အဖွဲ့အား သီးခြားစီလက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E. Mr. Pier Giorgio Aliberti အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လည်းကောင်း၊ အမေရိကန်နိုင်ငံအခြေစိုက် National Democratic Institute (NDI) ၏ ဥက္ကဋ္ဌ ဖြစ်သူ H.E.Mr. Kenneth Wollack ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရ်ီတွင် လွှတ်တော်ရေးရာဆောင်အမှတ် (I-1) ၌လည်းကောင်း သီးခြားစီ လက်ခံတွေ့ဆုံသည်။

အီတလီနိုင်ငံ သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပေါ် ဆက်လက် အကူအညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် ဆက်လက်ကူညီ ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးသည်။ ထို့နောက် NDI ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံရာတွင် ကော်မရှင်ဥက္ကဋ္ဌက NDI အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးတွင် များစွာကူညီပေးခဲ့ပါကြောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အောင်မြင်ဖို့ဆိုပါက မှန်ကန်သည့် အမြင်များ၊ အကူအညီများနှင့် အကြံဥာဏ်များကို ဆက်လက်ပေးအပ်သွားရန် လိုအပ်ပါကြောင်း၊ ရခိုင်အရေးကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအပေါ် တစ်နည်းမဟုတ်တစ်နည်း ထိခိုက်နစ်နာမှုရှိသည်ကို သတိပြုသင့်ပါကြောင်း၊ ရခိုင်ပြည်နယ်၏သမိုင်းကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် အခြားပါဝင်နေသည့် အင်အားစုများကို သေချာစွာနားလည်ပြီး ကုလသမဂ္ဂနှင့်လက်အောက်ခံ အဖွဲ့များက ပူးပေါင်း ကူညီဆောင်ရွက်ပေးသင့်ပါကြောင်း၊ ရခိုင်အရေးအောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးကြီးပါကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကြည်သာ၊ ဦးညီထွန်း၊ ဒေါက်တာဒေါ်သီတာဦး နှင့် ကော်မရှင်ရုံးမှ တာဝန်‌ရှိသူများ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်